Sunday, December 9, 2018

ကိုယ်ကိုယ်တိုင် ကိုယ့်ရန်သူဖြစ်နေသလား


ကိုယ်ကိုယ်တိုင် ကိုယ့်ရန်သူဖြစ်နေသလား
============================
ပြဿာနာကြုံတဲ့အခါ အများစုက သူများကိုထိုးချတတ်ကြတယ်။ အပြစ်ပုံချတတ်ကြတယ်။ ဒါပေမဲ့ အကျိုးခံစားရမယ်ဆိုရင်တော့ ဒီအထဲမှာသူမပါခဲ့ရင်တောင် ပါသလိုလုပ်လာမယ်။ အဲဒါ အတ္တသမားတို့ရဲ့ သဘာဝပဲ။ ဘယ်တော့မဆို ကြောက်စရာကောင်းသော လူသားတစ်ယောက်အဖြစ်ရပ်တည်နေလိမ့်မယ်။ သူ့ဖာသာသူ သတိမထားမိပေမဲ့ သူဟာ သူကိုယ်တိုင်အတွက်တောင် ကြောက်စရာကောင်းတဲ့ ရန်သူဖြစ်နေပါလိမ့်မယ်။ ဒါကိုသူဘယ်တော့ သတိထားမိမလဲ။ သိပ်မလွယ်ပါဘူး။ နဂိုကတည်းက အတ္တကြီးပါတယ်လို့ ပြောပြီးပြီလေ။
အတ္တကြီးသူတို့ရဲ့သဘာဝက သူများကိုပဲမြင်နေတတ်ပြီး သူ့ကိုယ်သူပျောက်နေလိမ့်မယ်။ များသောအားဖြင့် မကောင်းတဲ့ဘက်မှာ သူ့ကိုယ်သူမမြင်တတ်ဘူး။ ဖြစ်ပေါ်လာတဲ့ပြဿနာတွေဟာ သူ့ကြောင့်လို့ ဘယ်တော့မှလက်မခံသလို ယုံလည်းမယုံကြည်ပါဘူး။ အမြဲထာဝရ သူလုပ်တာမှန်နေပါလိမ့်မယ်။ ဒါကို သတိလေ့ကျင့်ခန်းများများလုပ်ဖူးသူမှ သိနိုင်တာပါ။ သိတာတောင် အမြင်ဆက်ပိတ်နေသူတွေရှိပါတယ်။ အတ္တဆိုတာ အဲဒီလောက်ကြောက်စရာကောင်းတာပါ။
အတ္တကို တစ်လက်မလောက်လေးပဲ ထားကြည့်လိုက် တစ်မိုင်လောက်ကိုဆက်ပွားဖို့ ၀န်မလေးတတ်ကြဘူး။ အတ္တက အဲဒီလောက် မီးကူးစက်မြန်တယ်၊ မီးပျံ့လွယ်တယ်။ ဒီသဘောတရားက ထိန်းရခက်တယ်။ ညှိမ်းရခက်တယ်။ မမြဲခြင်း နဲ့ အစိုးမရခြင်းကို မဆင်ခြင်မိသ၍ ဆက်မိုက်တတ်တယ်။ သံသရာတွေဘယ်လောက်ရှည်နေပါစေ ဆက်မိုက်တတ်ပါတယ်။ အဲဒီအတ္တက သံသရာအထိပါတယ်လေ။ အတ္တထောင်ပိတ်မိနေတဲ့ လူသားတွေကိုလေ့လာကြည့်လိုက်ရင် အမြဲမီးလောင်နေတဲ့ အရာတစ်ခုနဲ့တူတယ်။ ဘယ်သူ့ဂရုစိုက်ရမှာလည်း။ သူကဘာမလို့လဲ။ ငါ့ကိုများဘာမှတ်လို့လဲ။ ဘယ်သူ့မှလူမထင်ဘူး။ အလကားတွေပါ စသည်စသည်ဖြင့် လောကကိုကန်တဲ့စကားတွေပဲ ပြောတာတွေ့လိမ့်မယ်။
ဒီလိုဘယ်သူ့မှ ဂရုမစိုက်လို့လည်း ဘယ်သူမှစီးပွားပျက်သွားတာမှမဟုတ်တာ။ ဘယ်သူမှလည်း ကျန်းမာရေးချို့မသွားဘူး။ ဘယ်သူမှလည်း အိမ်ပျောက်မသွားဘူး။ ဘယ်သူမှလည်း အအိပ်မပျက် အစားမပျက်ဘူး။ ဘယ်သူမှလည်း အလည်အပတ်မပျက်၊ ဈေးသွားမပျက်ပါဘူး။ သူသာ လူမုန်းများခြင်းဒဏ်ကိုခံလာရတော့တာပါ။ သူသာ သူ့အတ္တနဲ့သူ လောင်နေတော့တာပါ။ လူတိုင်း ကိုယ့်အသိုင်းအ၀ိုင်းနဲ့ကိုယ်၊ ကိုယ့်အိမ်နဲ့ကိုယ်နေကြပြီး ကိုယ့်ထမင်းကိုယ်စားနေကြတာလေ။ သူကျွေးတာစားနေကြတာမှမဟုတ်တာ။ သူ့ဖာသာပူလောင်နေတာ သူပဲခံပေါ့။
အဲဒီလိုသဘောတွေရှိတာကို မောဟအမှောင်၊ အတ္တထောင်တွေကျပြီး အမှန်မမြင်နိုင် ဆင်ကန်းတောတိုး မိုက်နေတာသက်သက်ပါပဲ။ လူ့ကန့်လန့်၊ လူ့ဂွစာလို့ ပတ်ဝန်းကျင်က ကမ္ပည်းတင်ခံရတာကလွဲလို့ ဘာမှလည်းအကျိုးထူးမလာဘူးလေ။ သူသေရင်တောင် အသုဘလူမစည်တာမျိုးတွေ ကြုံရမှာပေါ့။ အလုပ်လုပ်ရင် ကိုယ်ကျိုးပါမှ၊ စကားပြောရင်လည်း ကိုယ်ကျိုးပါမှဆိုတော့ ကိုယ်ကျိုးတွေကြည့်လွန်းတဲ့သူကို လူရွံတာပဲပေါ့။ လူတင်မက နတ်ပါရွံတဲ့လူစားမျိုးဘ၀နဲ့ အသေမဖြောင့်တဲ့ဘ၀မျိုးကိုပိုင်ထားတာပါ။
သူ့အတ္တကြောင့် မိုက်သမျှ၊ ကန့်လန့်တိုက်သမျှ ကံတွေပဲဖြစ်နေပါတယ်။ ဘာကံတွေလဲဆိုတော့ အကုသိုလ်ကံတွေချည်းပဲပေါ့။ စိတ်က အဘိဇ္ဈာများပြီး သူများစည်းစိမ်၊ သူတစ်ပါးပိုင်ဆိုင်မှုကိုပဲ မျက်စောင်းထိုးပြီး ကိုယ်ပိုင်ဖြစ်ဖို့ ကြိုးစားနေမယ်။ သူတစ်ပါးပစ္စည်းကိုယ်ရဖို့ သူတစ်ပါးကို ဖျက်ဆီးဖို့အတွေးတွေနဲ့ ပူလောင်နေမယ်။ နေ့ပူညပူနဲ့ အရှင်လတ်လတ် ငရဲမီးနေ့တိုင်းလောင်နေတာ သေတော့လည်း အပါယ်ပဲသွားတော့တာပေါ့။ ဘယ်သူမှ သူ့နောက်လိုက်မသွားဘူး။ ဒီဘ၀သူကြမ်းချင်သလောက်ကြမ်း၊ ရမ်းချင်သလောက်ရမ်းပါစေ။ ဘယ်သူမှ ၀မ်းနည်းနေစရာမှမရှိတာ။ သူသာ ၀မ်းနည်းရမဲ့သူကိုယ်တိုင်ပါပဲ။
အတ္တသာရှေ့တန်းတင်ရင်း ကိုယ်ကျိုးသာကြည့်တတ်တဲ့ သူ့စိတ်က သူ့ကိုအပါယ်ပို့နေပါပြီ။ သူ့ရဲ့လားရာကို သူသာဖန်တီးနေတာဖြစ်တဲ့အတွက် သူကိုယ်တိုင်ကိုက သူ့ရဲ့ရန်သူအစစ်ပါပဲ။
အချိန်မနှောင်းခင် အတ္တစိတ်ကိုလျှော့နိုင်၍ တရားနဲ့ယဉ်ကျေးကြပါစေ။
အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်။
၁၉-၆-၂၀၁၈ (ည ၁၁း၁၈ နာရီ) တွင်ရေးပြီးသည်။

No comments:

Post a Comment