Monday, December 10, 2018

ခုမှစပြီး တရားထိုင်မဲ့သူတွေအတွက်.."အာရုံ"


ခုမှစပြီး တရားထိုင်မဲ့သူတွေအတွက်.."အာရုံ"
••••••••••••••••••••••••••••••••••
"ဝိပဿနာ" ဆိုတာ "အာရုံ" ကို ရှုတာ ဖြစ်တဲ့အတွက်ကြောင့် ဝိပဿနာစတင်အားထုတ်ကြမဲ့ ဓမ္မမိတ်ဆွေတို့ ဟာ " အာရုံ "ဆိုတဲ့ အဓိပ္ပါယ်ကို တိတိကျကျ နားလည်ထားလိုက်ရင်၊ သဘောပေါက်ထားလိုက်ရင်ဖြင့် မိမိတို့ အားထုတ်မှုမှာ တော်တော်လေး ကို အကျိုးများကြပါလိမ့်မယ်။တော်တော်လေး ကို အထောက်ကူဖြစ်နိုင်ပါလိမ့်မယ်။
တရားစထိုင်တော့..
ဓမ္မမိတ်ဆွေတို့ ဟာ စာပေတွေထဲမှာ ဖတ်ထားတဲ့အတိုင်း၊ တရားတွေ နာကြားဖူးခဲ့ရတဲ့ အတိုင်း တစ်သွေမတိမ်းလိုက်နာပြီး ကြိုးစားအားထုတ်ကြတာပါဘဲ။ပထမတော့ ဝင်လေ၊ထွက်လေ "အာနာပါန" ပေါ့၊ အဲဒီလို မှတ်ရင်း မှတ်ရင်း က ဝေဒနာတွေ ပေါ်လာမယ်၊ အတွေးတွေထဲ ပေါ်လာမယ်၊ ဝေဒနာပေါ်တဲ့အခါ ဝေဒနာရှုလိုက်၊ တွေးနေတာကို သိတဲ့အခါ တွေးနေတဲ့ အသိလေးကိုသိလိုက်၊ အဲဒီလိုတွေ ရှုမှတ်နေရင်းက ကိုယ့်ရဲ့ ဉာဏ်စဉ်လေးဟာ လည်း အရင်ကနဲ့ မတူဘဲနဲ့ နည်းနည်းမြင့်လာကြပါတယ်။ အဲဒီလို မြင့်လာတာနဲ့ အလျောက် ကိုယ့်ရဲ့ အားထုတ်မှုအပေါ် ကိုယ့်ဖာသာကိုယ် ဆင်ခြင်မိလာပါတတ်ကြပါတယ်။
အဲဒီလို တရားအားထုတ်ရင်း ပေါ်လာသမျှတွေ ရှုရင်းက၊တစ်ချို့ ကလည်း အားထုတ်နေရင်း အတွေးမျိုးစုံ နဲ့ တွေးနေမိတာကို သတိရသွားလိုက်၊ ပြန်မှတ်လိုက် ၊ မိမိ သိထားတဲ့ အကြောင်းအရာ အခေါ်ဝေါ်တွေ နဲ့ လက်ရှိဖြစ်နေတာတွေ နဲ့ တွေးတော့ဆင်ခြင်လိုက် နဲ့ ရှုမှတ်နေကြရင်း ကိုယ့်ဖာသာ ကိုယ် ဟုတ်ပါ့မလား၊ ငါ့ရှုမှတ်နေတာ မှန်ရဲ့ လားဆိုပြီး ဒွိဟတွေ ဖြစ်နေတတ်ပါတယ်၊ ရှုရင်းက ကိုယ့်ဖာသာကိုယ် မသဲကွဲတာတွေ ဖြစ်ကြတာ ရှိကြမှာပါ။
ဥပမာ-
ရှုမှတ်တာကြာလာတော့ တစ်ခါတစ်လေ မှတ်နေရင်း နှာသီးဖျား နဲ့  နှာခေါင်းပျောက်သွားလို့ ဘာကို ရှုရမှန်းမသိ ဖြစ်နေတာတွေ၊ ရှုမှတ်နေရတာထုံပြီး.. စိတ်လား၊ အာရုံ လား၊ ကွဲကွဲပြားပြားမဖြစ်၊ မသိကြတာတွေ ရှိကြမှာပါ။ အယင်က တရားဓမ္မတွေနဲ့ ဝေးခဲ့ပြီး အခုမှ သံဝေဂ ရပြီးတော့ တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေ အတွက်တော့ ဇဝေဇေဝါ ဖြစ်ပြီး လက်လျှောသွားမှာတော့ စိုးပါတယ်။အသက်ကြီးမှ ရှောက်မေးရအောင်လည်း သူများမေးငေါ့မှာ စိုးလို့ ရှက်ပြီး မမေးစမ်းဘဲ အားထုတ်နေကြတဲ့ ပုဂ္ဂိုလ်တွေ လည်းရှိကြမှာပါ။ဘယ်လိုဘဲ ဖြစ်စေ ဘယ်လိုလူမျိုးဘဲ ဖြစ်ဖြစ်၊ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တိုင်းတော့ "အာရုံ"ရဲ့ အဓိပ္ပါယ်ကို တိတိကျကျ သိထား၊ သဘောပေါက်ထားရင် မိမိတို့ရဲ့ အားထုတ်မှုကို ပိုပြီးအထောက်ကူဖြစ်စေပါတယ်။
ဓမ္မမိတ်ဆွေတို့ ဝိပဿနာအားထုတ်ဖို့ လွယ်ကူစေရန်အတွက် ဖတ်ရှုထားဖူးတဲ့ ဝိပဿနာ ဆရာကြီး ဒေါက်တာစိုးလွင် (မန္တလေး) ဟောပြောပို့ချသော " ဝိပဿနာအခြေခံ တရားတော် "မှ "အာရုံ" ရဲ့ အဓိပ္ပါယ် ကို ကောက်နှုတ် ပြီး ဓမ္မမိတ်ဆွေတို့ အတွက် အကျိုးများလိမ့်မည်ဟု ယုံကြည်၍ ဖေါ်ပြလိုက်ပါတယ်။
"ဝိပဿနာ" ဆိုတာ "အာရုံ" တွေကို ရှုရတာပါဘဲ။ ဒါ့ကြောင့်မို့ "အာရုံ"အကြောင်းကိုဖေါ်ပြတာပါ။
အခု စတင်ပြီးတရားအားထုတ်မဲ့ ဓမ္မမိတ်ဆွေကတော့ "အာရုံ"ဆိုတဲ့ အဓိပ္ပါယ်ကို ပိုပြီးသိသင့်ပါတယ်။
အာရုံ ဆိုတာ ဘာလဲ။
"စိတ်၊ စေတသိတ်" တို့၏ ကျက်စားရာ ဖြစ်ပါတယ်။ ဒါကတော့ စာလို ပြောလိုက်တာပါ။
ပြောမဲ့ပြော ဓမ္မမိတ်ဆွေတို့ အတွက် စာပေကနေ ပြောမှ ပိုပြီး နားလည်လွယ်မှာ မို့ လို့ ပါ။
အာရုံ ( ၆ )ပါး ရှိပါတယ်။
(၁)။ မျက်စိ နဲ့ ဆက်ဆံတဲ့ အာရုံက "ရူပါရုံ" (အဆင်း) လို့ခေါ်ပါတယ်။
(၂)။ နား နဲ့ ဆက်ဆံတဲ့ အာရုံက "သဒ္ဒါရုံ "(အသံ) ပါ။
(၃)။ နှာခေါင်း နဲ့ ဆက်ဆံတဲ့ အာရုံက "ဂန္ဓာရုံ" (အနံ့) ပါ။
(၄)။ လျှာ နဲ့ ဆက်ဆံတဲ့ အာရုံက "ရသာရုံ" (အရသာ) ပါ။
(၅)။ ကိုယ် နဲ့ ဆက်ဆံတဲ့ အာရုံက" ဖောဋ္ဌဗ္ဗာရုံ " (အထိ) ပါ။
(၆)။ မနော နဲ့ ဆက်ဆံတဲ့ အာရုံက "ဓမ္မာရုံ" ဆိုတဲ့ (သဘောတရား) ပါ။
အဲဒီ အာရုံ (၆) မျိုးမှာ အပေါ် (၅) မျိုး ကိုတော့ ဓမ္မမိတ်ဆွေတို့ သိကြမှာပါ။
မျက်စိ နဲ့ အဆင်း၊ နား နဲ့ အသံ၊ နှာခေါင်း နဲ့ အနံ့၊ လျှာ နဲ့ အရသာ၊ ကိုယ် နဲ့ အထိ၊ ဒီ (၅) မျိုး ကို အများအားဖြင့်သိကြပါတယ်။ အောက်ဆုံး တစ်ခုကတော့ အသိနည်းပါတယ်။
"မနော" နဲ့ ဆက်ဆံတဲ့ ဓမ္မာရုံ ၊ မိမိလည်း အရင်ကမသိပါဘူး။ ဒီလို တရားဟောတဲ့ ဓမ္မာရုံကြီး လောက်သိတာပါ။
အဲဒီ ဓမ္မာရုံကို ပြောတာမဟုတ်ပါဘူး။ "မနော" နဲ့ ဆက်ဆံ တဲ့ ဓမ္မာရုံ ဆိုတာ ရှိပါတယ်။
"ဝိပဿနာ"ရှုတဲ့ အခါမှာ "မနော နဲ့ ဓမ္မာရုံ" ဟာ အလွန် အရေးကြီးပါတယ်။ ရူပါရုံ၊ သဒ္ဒါရုံ ကို လည်း နားလည်တယ်၊ အနံ့ ဆိုတဲ့ ဂန္ဓာရုံ၊ အရသာ ဆိုတဲ့ ရသာရုံ၊ အထိ ဆိုတဲ့ ဖောဋ္ဌဗ္ဗာရုံ၊ ဒါတွေကိုတော့ နာလည်းပြီး ဖြစ်ကြမှာပါ။
"ဓမ္မာရုံ " ဆိုတာ ဘာလဲဆိုရင်တော့"အတွေးအာရုံ" လို့ လွယ်အောင်ဘဲ ပြောပါရစေ။
စာပေ နဲ့ ပြောရမယ် ဆိုရင် "ဓမ္မာရုံ" ဆိုတာ "သဘောတရား" ပါ။
လူတိုင်း နားလည်လွယ်အောင်ပြောရရင်တော့ "အတွေး"ကို "ဓမ္မာရုံ"လို့ ပြောပါတယ်။ "ဓမ္မာရုံ" ဆိုတာ ဘာလဲ ဆိုတော့..
ဥပမာ-
ဓမ္မမိတ်ဆွေတို့ အခုမျက်စိမှိတ်လိုက်ပါ၊ ရွေတိဂုံစေတီတော်ကြီးကို အာရုံပြုကြည့်လိုက်ပါ၊ စိတ်ထဲမှာပေါ်လာပါလိမ့်မယ်၊ ပေါ်လာလို့ရှိရင် ပေါ်လာတဲ့ ရွေတိဂုံစေတီတော်ကြီးက "ဓမ္မာရုံ" ၊ ပေါ်လာတဲ့ အာရုံကို "ဓမ္မာရုံ " လို့ခေါ်ပါတယ်။
ဓမ္မမိတ်ဆွေတို့ .. တွေးလို့ရှိရင် အတွေးအာရုံကို သိတာက "မနော"၊ ဓမ္မာရုံမှာ ပုံရိပ်တွေ ပေါ်နေတယ်။ အဲဒါတွေက ဓမ္မာရုံ အတွေးတွေ၊ အဲဒါကို သိတာ က "မနော"။ ဒီ "မနော နဲ့ ဓမ္မာရုံ"က အသိနည်းပေမယ့် တရား အားထုတ်တဲ့ အခါမှာ "မနော နဲ့ ဓမ္မာရုံ " ကိုနားလည်ရင် ဓမ္မမိတ်ဆွေ တို့ တော်တော်အကျိုးများတာမို့  နားလည်စေချင်၊ သိစေချင်တဲ့ ဆန္ဒနဲ့ ရေးပြနေရတာပါ။
နောက်တစ်ခုကတော့..
"မနောဒွါရ နှင့် ဓမ္မာရုံ ပါ။
မျက်စိ နဲ့ တိုက်တဲ့ အဆင်း ဆိုတာ အပြင်မှာ ပုဂ္ဂိုလ်၊ သတ္တဝါ၊ ယောက်ျား၊ မိန်းမ အနေနဲ့ ရှိတာ။ အဲဒါတွေက အဆင်း။ မျက်စိ နဲ့ တိုက်လို့ရှိရင် မျက်စိထဲမှာ ဘယ်ယောက်ျား၊ မိန်းမ မှ ဝင်လို့ မရဘူး။ ဘာပဲဝင်လာမလည်း ဆိုတော့ "ပုံရိပ်" ပဲဝင်လာပါတယ်။ ပုံရိပ် ဆိုတဲ့ "အဆင်း" ဝင်လာပါတယ်။
မျက်စိ ဟာ ပြင်ပ သမုတိနယ် မှာရှိတဲ့ ပုဂ္ဂိုလ်၊ သတ္တဝါ၊ ဒြပ်၊ ဝတ္ထု တို့ နဲ့ တိုက်ဆိုင်တဲ့ အခါ မျက်စိတွင် အဆင်း၊ ပုံရိပ် ပေါ်ပါတယ်။ ပုဂ္ဂိုလ်၊ သတ္တဝါ အနေဖြင့် မျက်စိထဲ ဝင်လို့ မရပါဘူး။
အဲဒီအချိန် မျက်စိ မှာ ပုံရိပ် ပေါ်လိုက်တာနဲ့ တပြိုင်နက် "မနောဒွါရ " မှာလဲ ပေါ်လာပါတယ်။
ဒေသနာ မှာ ဘယ်လိုပြောလဲဆိုတော့...
နေရောင်အောက်က သစ်ကိုင်းပေါ်မှာ ငှက် လာနားတယ်၊ ငှက် ရဲ့ ပုံရိပ်က မြေပြင်ပေါ် တစ်ခါတည်းကျတယ်။ ဒီလိုပဲ မျက်လုံးမှာ ပုံရိပ်ထင်လိုက်တာ နဲ့ မနော မှာလည်း ပုံရိပ်က တစ်ပြိုင်နက်ကျတယ်။ ဒါ နိယာမ ပါပဲ။ ဒေသနာ မှာ တော် အဲဒီလို ဥပမာ ပေးထားပါတယ်။
ဒါကြောင့် မျက်လုံး မှာ ပုံရိပ် ပေါ်လိုက်တာနဲ့ တစ်ပြိုင်နက်၊ မနော မှာလည်း ပုံရိပ် ပေါ်သွားပါတယ်။
ဒီတော့ မနောမှာ ပုံရိပ်ပေါ်ပေမဲ့ထင်ထင်ရှားရှား မသိနိုင်သေးပါဘူး။ အဲဒီ ပုံရိပ်ကို "ဓမ္မာရုံ" အဖြစ် မနောက ဆင်ခြင်ပြီး "ပုံဏ္ဍာန်၊ အမည်"တို့ နဲ့ ပညတ်ပြုလိုက်တဲ့အတွက်ကြောင့် ထင်ထင်ရှားရှား သိရခြင်းဖြစ်ပါတယ်။ထို့ကြောင့် မျက်စိ က မြင်သော်လည်း "မနော"ကမှ သိခြင်း ဖြစ်ပါတယ်။
ဒီခေတ်မှာတော့ ဥပမာပေးရတာ သိပ်လွယ်ပါတယ်။ ရုပ်ရှင်ရိုက်သလိုပါဘဲ၊
မျက်စိက ကင်မရာ နဲ့တူတယ်။ ကင်မရာ ကနေ "မနော"ဆိုတဲ့ ဖလင်ပေါ် တင်မယ်။ ဖလင်ပေါ်မှာ ပုံရိပ်က မြင်တော့ မြင်ရတယ် ကောင်းကောင်း မထင်ရှားဘူး။ ထင်ရှားအောင် "ဓမ္မာရုံ"ဆိုတဲ့ ပိတ်ကား ပေါ်တင်မယ်။ ပိတ်ကား ပေါ်မှာ ပေါ်တဲ့အခါကျမှ သေသေချာချာ မြင်ရပြီး အမည်တွေနဲ့ သိရပါတော့တယ်။ဒီသဘောပါ။
အဲဒီလို မြင်ရမှ "မနော"က ဒါက လူပဲ၊ ခွေးပဲလို့ ပိုင်ပိုင်နိုင်နိုင် သိသွားပါတယ်။ ထင်ထင်ရှားရှား သိသွားပါတယ်။
တစ်ကယ်တော့ မျက်စိက မြင်တယ်ဆိုတာ မျက်စိမှာ ပုံရိပ်ကျတာ၊ ဘာမှမသိသေးဘူး။ မနောကမှ ဘယ်သူပါလားလို့ သိတာပါ။
တစ်ခါတစ်လေ လူတစ်ယောက်ကိုတွေ့ရင် ဗြုန်း ဆို မမှတ်မိတတ်ပါဘူး၊ အဲဒီလို မမှတ်မိတဲ့ အခါ မှာ ဘာလုပ်ကြလဲဆိုတော့ ဆင်ခြင်တယ်။ ဆင်ခြင်တယ် ဆိုတာ "ဓမ္မာရုံ"မှာပါ။
ဒီလူနဲ့ ဘယ်တုန်းက တွေ့ဘူးလဲ၊ အဲဒီကျ မှ ဪ..အလှူမှာ တွေ့ဘူးတယ် ဆိုတာ ဓမ္မာရုံ မှာ ပေါ်သွားတာ။ "ဓမ္မာရုံ" မှာ ဆင်ခြင်ရတယ်။ ကျွန်တော်တို့က အဲဒီကျမှ သြော်…ဘယ်သူပါလားလို့ "မနော" က သိသွား တာပါ။ ဓမ္မမိတ်ဆွေတို့ ဒီဖြစ်စဉ်ကို သဘောပေါက် ရပါလိမ့်မယ်။
ဒါကြောင့် "မျက်စိ"က မြင်တယ်၊"မနော"က သိတယ်။
မျက်စိ ကဘာနဲ့တူလဲဆိုတော့ အာရုံ လက်ခံရာဋ္ဌာန နဲ့တူတယ်။ လျှောက်လွာတွေကို ရုံးစာရေး က လက်ခံလိုက်တယ်။ လက်ခံပြီး ဘာလုပ်ရတုန်း။ အရာရှိစားပွဲပေါ် သွားတင်ပေးရတယ်။ အရာရှိက အဲဒါကို လက်မှတ်ထိုးတယ်။ ဒီအတိုင်းပဲ မျက်စိက ဝင်လာတဲ့ အာရုံကို လက်ခံလိုက်တယ်၊ ပြီးမှ "မနော" ရဲ့ စားပွဲ ဓမ္မာရုံ ပေါ်ချပေးမှ "မနော" က ဘယ်သူ၊ ဘယ်ဝါလို့ မြင်တာက မျက်စိ၊ သိသွားတာက "မနော"။
ဒီတော့ မျက်စိက မြင်တယ်၊ မနောက သိပါတယ်။
ဒီတော့ မျက်စိ နဲ့ မနော ကို ခွဲခြား သိဖို့ လိုအပ်ပါတယ်။ ဓမ္မမိတ်ဆွေတို့ ဟာ ရုပ်ရှင်တွေကြည့်၊ တီဗီတွေကြည့် ကြတယ်ဆိုပါစို့ ။ တီဗီ ဖန်သားပြင်ပေါ်မှာ ယောက်ျား၊ မိန်မ တကယ် ရှိပါသလား၊ ဘာတွေရှိလဲဆိုတော့ အဆင်း ပုံရိပ်တွေပဲရှိပါတယ်။ အရောင်တွေ အဆင်း ပုံရိပ်တွေကို ကြည့်ရင်း တကယ်ထင်ကုန်တော့တာဘဲ ဖြစ်ပါတယ်။ မြင်ရတာတော့ တီဗီ ဖန်သားပြင်မှာ အဆင်း ပုံရိပ်တွေ ပဲမြင်ရတယ်၊ ကြည်ရင်းနဲ့ ဥပါဒါန် ကပ်သွားပါတယ်။ ဥပါဒါန် ကပ်တယ် ဆိုတာ တီဗီပေါ်က အဆင်းပုံရိပ်တွေက ဘာဖြစ်သွားလဲ၊ ယောက်ျားတွေ၊ မိန်မတွေ ထင်သွားတယ်။ ဒီအတိုင်းပါပဲ မျက်စိ ကမြင်ပြီးတော့ ဓမ္မာရုံ မှာဘာပဲ ပေါ်လဲ။ ပုံရိပ်ပဲ ပေါ်ပါတယ်။ ဒါပေမယ့် "မနော"ကလည်းသိရော၊ ပုံရိပ်လို့ သိလား။ တကယ့်လူတွေလို့ သိလား။ ခုလိုနားမလည်သေးတော့ တကယ့်လူတွေလို့ သိနေကြတာပါ။
ဒါပေမယ့် တကယ်တန်း "မနော" က သိတာက "ဓမ္မာရုံ" က ပုံရိပ်ပဲ သိတာပါ။ ဒါကို ဘာလို့ လူတွေလို့ ထင်သွားတာလဲ ဆိုရင် "မနော" မှာ "ဥပါဒါန်" ပါသွားလို့ဘဲ ဖြစ်ပါတယ်။ အဲဒီလို ဥပါဒါန် ပါသွားတဲ့ အခါကျတော့ ဓမ္မမိတ်ဆွေတို့က ဒီအပေါ်မှာ ပုဂ္ဂိုလ်၊ သတ္တဝါ လို့ သိပြီး သဘောကျတယ်၊ မကျဘူး ဖြစ်သွားပါတယ်။ ဒါဘာ့ကြောင့်လဲဆိုတော့ "ဥပါဒါန်" ကြောင့်ပါဘဲ။
ပဋ္ဋိစ္စသမုပ္ပါဒ် မှာ..
"ဥပါဒါန ပစ္စယာ ကမ္မဘဝ"။
ဥပါဒါန် ကြောင့် ကံ တွေမြောက်ပါတယ်။
ရုပ်ရှင်ကြည့် ပြီးတော့ ဒီကောင်က ဘယ်လိုကောင်၊ ဘယ်ဝါကောင်။ ဝစီကံ မြောက်မနေဘူးလား။ မနော ကလည်း လောဘ၊ ဒေါသ တွေ မဖြစ်ဘူးလား။ မနောကံတွေ၊ ဝစီကံတွေ အကုန်မြောက်ကုန်ပါတော့တယ်။
ဘာကြောင့်လဲဆိုတော့ မြင်လိုက်တဲ့အခါမှာ ပုဂ္ဂိုလ်၊ သတ္တဝါလို့ သိနေလို့ ဖြစ်တဲ့အတွက်ကြောင့်ပါ။
အဲဒီလို ဥပါဒါန်တွေ ကြောင့် မနောကံ တွေ မြောက်နေတယ် လို့ ဓမ္မမိတ်ဆွေတို့ ဟာမသိကြပါဘူး၊ လူတိုင်း မသိနိုင်ကြပါဘူး။ ဒီဖြစ်စဉ်ကို ကြည့်လို့ရှိရင် တကယ်တန်းက မနော ကသိတာ၊ ဓမ္မာရုံ က အာရုံ ကိုပဲ သိတာ။ ဒါပေမယ့် "မနော" မှာ ဥပါဒါန် ပါသွားတဲ့အတွက် ယောက်ျားတွေ၊ မိန်းမတွေ၊ ပုဂ္ဂိုလ်၊ သတ္တဝါတွေလို့ စိတ်ထဲ ပေါ်သွားတာကိုက "မနောကံ" မြောက်သွားပါပြီ။ ဒါပေမယ့် မနောကံ မြောက်လို့ မြောက်မှန်း မသိလိုက်ပါဘူး။ အပြင်က မျက်လုံးထဲ အဆင်းတွေပဲဝင်တာ၊ ဓမ္မာရုံ ကျမှ ပုဂ္ဂိုလ်၊ သတ္တဝါ ဖြစ်ရသွားပါတယ်။
"မနော နဲ့ ဓမ္မာရုံ " ဆိုတာ ဒီလို အလုပ်လုပ် နေတယ်။ အသံ နဲ့ နား နဲ့ တိုက်ရင် နား က အသံပဲ သိတာ၊ နား က လူသံ၊ ခွေးသံ လို့ မသိဘူး။ ဓမ္မာရုံ မှာ မနော က လူသံ၊ ခွေးသံ၊ ဒီလို ပညတ် လိုက်တာ။ ဒီတော့ နား က ကြားတယ်၊ မနော က သိတယ်။ နှာခေါင်း မှာလဲ အတူတူပဲ၊ ဒါက စံပယ်ပန်းနံ့၊ ဒါက နှင်းဆီပန်းနံ့၊ နှာခေါင်း က မသိပါဘူး။မနော က သိတာပါ။ မနော က ပညတ်ပါတယ်။ လျှာပေါ်မှာ သတိ လေးထား စားကြည့်၊ လျှာ က ကြက်သား လဲမသိဘူး၊ ဝက်သားလဲ မသိပါဘူး၊ ကော်ဖီ လဲ မသိပါဘူး။ ဘာတော့ သိလဲဆိုတော့ ချိုတာ၊ ချဉ်တာ၊ အရသာ ပဲသိတယ်။ ဒီဟာက ကြက်သား၊ ဒီဟာက ဝက်သား ဆိုတာ ဘယ်သူက သတ်မှတ်တာလဲ။ မနော ပါ။ ဒီတော့ လျှာ က စားတယ်၊ မနော က သိတယ်။ ကိုယ်က ကြမ်းတယ်၊ ချောတယ်၊ ဒီအစလေးကို ကိုင်လိုက်တာ ချောတယ်၊ ကြမ်းတယ်။ အဲဒါကို သိတာ လက် ကမသိပါဘူး။ မနော က သိတာပါ။
ဒီလိုဆိုတော့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ် ကတော့ ဟုတ်ပါပြီ။ တွေးရင်ကြတော့ " မနော နဲ့ ဓမ္မာရုံ " မှာပဲဖြစ်တာပါ။ တွေးလိုက်ပြီဆိုရင် ပုံတွေပေါ်ပါတယ်၊ တစ်ခါတစ်လေကျရင် စကားတွေတောင် ပြောကြပါသေးတယ်။
ဒီကောင်နဲ့တွေ့ရင် မနက်ဖြန် ငါ ဘာတွေပြောလိုက်ဦးမယ် ဆိုတာ မနော ဘက်ကနေ ကြံစည်တာ၊ ဘာတွေအလုပ်နေတာလဲ။ မနော နဲ့ ဓမ္မရုံ လုပ်နေတာ။ ဒီလို မသိတော့ ငါ ကြံတယ် လို့ ထင်နေပါတယ်။ ဒီတော့ အခုပြောချင်တာက "မနော နဲ့ ဓမ္မာရုံ " ဆိုတာ တကယ်ရှိတယ် ဆိုတာကို ပြောချင်တာပါ။
ဓမ္မမိတ်ဆွေတို့ ဝိပဿနာ ရှုတယ်ဆိုတာ ဓမ္မာရုံ ပေါ်က အာရုံတွေကို အရင် ရှုရပါတယ်။ ဒီတော့ မနောဒွါရ နဲ့ ဓမ္မာရုံ ဆိုတာ ဝိပဿနာ ရှုတဲ့အခါမှာ အဓိကကျလာပါတယ်။
ဒီတော့ မျက်စိမှိတ်ပြီး ရွှေတိဂုံဘုရားကြီးကို အာရုံပြုကြည့်လိုက်ပါ၊ ရန်ကုန်က ရွှေတိဂုံက သပ်သပ်ရှိပါတယ်။ ဓမ္မမိတ်ဆွေတို့ထဲမှာပေါ်လာတာက "အာရုံရွှေတိဂုံ"ဘဲ ဖြစ်ပါတယ်။
မဆင်ခြင်ရင်တော့ မပေါ်တော့ပါဘူး။ ရန်ကုန်က ရွှေတိဂုံ အမြဲ ရှိပါတယ်။ "ဓမ္မာရုံ "မှာပေါ်တဲ့ အာရုံ ရွှေတိဂုံက ဆင်ခြင်တုန်းပဲပေါ်တယ်၊ မဆင်ခြင်ရင်တော့ မရှိပါဘူး။ဒီသဘောပါ။
အထက်ကရေးပြခဲ့သလို အာရုံ သဘောကို သိလာပြီလို့ ထင်ပါတယ်။ အဲဒီလို အာရုံရွှေတိဂုံ နဲ့ ရန်ကုန်ရွှေတိဂုံ၊ ဒီ(၂)ခုကိုတော့ ကွဲစေချင်ပါတယ်။
ရန်ကုန်ရွှေတိဂုံ မှာ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဆိုတဲ့ ဓါတ်ကြီး (၄) ပါး ရှိနေပါတယ်။ သူတို့လဲ သူ့သဘောသူဆောင်ပြီးတော့ " ဖြစ်၊ တည်၊ ပျက် နဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ" စတဲ့ ရုပ်သဘောတွေဘဲပေါ့ နော်။ ဒါပေမယ့် ဓမ္မမိတ်ဆွေတို့ က ဝိပဿနာ ရှုတယ်ဆိုတာ အာရုံကို ရှုမှာပါ။ ကျွန်တော်တို့ထဲမှာ ဆင်ခြင်ရင် ပေါ်လာတာ အာရုံရွှေတိဂုံ။ အာရုံ ဆိုတာ ဆင်ခြင်တုန်းအခိုက်ပဲ ရှိတာပါ။ မဆင်ခြင်ရင် မရှိပါဘူး။ အမြဲမရှိပါဘူး။ အဲဒါကိုက အနိစ္စ ဖြစ်နေပါပြီ။
ဝိပဿနာ ဆိုတာ အတွင်းရှု သာပြောနေကြတယ်။ ဘယ်လို ရှုရမှန်း မသိကြဘူး။ ဘယ်နေရာမှန်း မသိကြဘူး။ ဓမ္မာရုံ နဲ့ မနောဒွါရ ကို နားမလည်ဘူးနော်။ အပြင်မှာက အနိစ္စ၊ သေချာတယ်။ ကဲ…အခု အသံတစ်ခု ကြားပြီး ပျက်တာပဲ၊ အသံတွေ မရှိတော့ဘူး၊ အကုန်သိတာပဲ။ ဒါပေမယ့် သူ့ထဲမှာ အနိစ္စ မဖြစ်ဘူးလေ။ "ဝိပဿနာ"က အတွင်းထဲ ရှုရမှာ၊ ဒါမှ "အနိစ္စ" မြင်မှာပါ။ ဓမ္မမိတ်ဆွေတို့က အတွင်းထဲကို မရှုတတ်ဘူး။ အတွင်း ဓမ္မာရုံ သဘော။ မမောဒွါရ နဲ့ ဓမ္မာရုံသဘောကို နားမလည်ဘူးဖြစ်နေတဲ့အတွက်ကြောင့်သာဖြစ်ပါတယ်။
"အာရုံ" ဆိုတာ အခိုက်အတန့်သဘောပါပဲ။ ဒီလို တဖြည်းဖြည်း သတိ က အောက်မေ့တတ် လာပြီ။ သတိလေး ပြန်ထည့်လိုက်တယ်။ အဲဒီလိုတွေ ဘယ်သူက အောက်မေ့တာလဲ၊ သတိ က အောက်မေ့တာ။ မမြဲပါလား လို့ ဘယ်သူက အောက်မေ့တာလဲ၊ သတိ က အောက်မေ့တာ။ ဟော ပြန်လာပြီ၊ သတိ ဆိုတာက ငါ သိတာ မဟုတ်ဘူးနော်။
မြတ်စွာဘုရားက ဘာဟောလဲ ဆိုတော့ "သတိ၊ သမ္ပဇဉ်"
သတိ က အောက်မေ့တယ်..
နောက် က ဆင်ခြင်တယ်။ အာရုံလေးပါလား လို့ဆင်ခြင်တာ။ သမ္ပဇဉ် ကိုယ်ထဲ ပေါ်တာ၊ ဘာလေးပဲပေါ်တာလဲ။ အာရုံလေးပဲ။ အာရုံ ဆိုတာက ကိုယ့်ထဲမှာ သိရရုံ သက်သက်ပဲ။ အာရုံဟာ ပုဂ္ဂိုလ် လည်းမဟုတ်ဘူး၊ သတ္တဝါလည်းမဟုတ်ဘူး။ အာရုံပဲ။ ဆင်ခြင်တုန်း အခိုက်ပဲပေါ်တာဖြစ်ပါတယ်၊
မဆင်ခြင်ရင် ရှိသေးလား၊ မရှိတော့ပါဘူး။ အခု အာရုံတွေဟာ မမြဲဘူးလို့ အောက်မေ့တာ သတိ၊ ငါ မဟုတ်ဘူး..ဆိုတာသိပါ။
ဒီ အာရုံတွေက အမြဲမရှိပါလား။ အကြောင်းတိုက်ဆိုင်တုန်းပဲ ပေါ်တယ်၊ အကြောင်းကင်းရင် ချုပ်ပျောက်ပါတယ်။
ဒီတော့ "သတိ" ကို "သတိ" လို့ သိတာက အရှိကို အရှိတိုင်း သိတယ်။ အရှိ ကို အရှိတိုင်းသိရင် "ယထာဘူတဥာဏ် " ရတယ်။ ပုဂ္ဂိုလ်၊ သတ္တဝါ လို့ မယူတော့ဘူး။
"ငါ " လို့ မယူတော့ဘူး။ အရှိ ကို အရှိတိုင်း သိပြီ၊ အဲဒီလို သတိ နဲ့ ဆင်ခြင်လိုက်ရင် အာရုံရွှေတိဂုံ ကတစ်ခု၊ ရန်ကုန်ရွှေတိဂုံကတစ်ခု။ အဲဒီ အခါကျ အရှိကို အရှိတိုင်း သိပါတယ်။ ဘာရှိလို့လဲ၊ သတိ ရှိလို့။ သတိ မရှိရင် နှစ်ခု ခွဲမသိဘူး၊ တစ်ခုတည်းပဲ သိတယ်။
သတိ ရှိရင် ဟုတ်တိုင်းမှန်စွာ အောက်မေ့နိုင်တယ်။ "သတိ" ရှိရင် "ဥပါဒါန်"မရှိဘူး။ "ဥပါဒါန်" ရှိရင် "သတိ"မရှိဘူး။ ရွှေတိဂုံ တစ်မျိုးတည်း သိလိုက်ရင် သတိ မရှိတော့ဘူး။ ဓမ္မမိတ်ဆွေတို့ ကိုရီးယားကားတွေ ကြည့်တယ်။ တကယ့်လူတွေလို့ ထင်လိုက်တာနဲ့ သတိ မရှိတော့ဘူး။ ဥပါဒါန် လဲကပ်သွားပြီ၊ ကံ တွေလည်းမြောက်ကုန်ပြီ၊ ပဋိစ္စသမုပ္ပါဒ် တွေလည်ကုန်ပြီ၊ လည်မှန်းကို မသိတော့ဘူး၊ သတိ ရှိလိုက်တာနဲ့ ဥပါဒါန် ချုပ်သွားပြီ။
ဥပါဒါန် ဖြစ်ပျက် သတိ က မဂ်၊ ဒါပါပဲ။ ရုပ်ရှင်တွေကြည့်ပြီး မင်းသားကဘယ်လို၊ မင်းသမီးက ဘယ်လိုဆိုပြီး သူက ပြောနေရင်တော့ သေချာပြီ၊ ဘာဖြစ်လဲ၊ ဥပါဒါန်တွေ ကပ်နေပြီ။ ဥပါဒါန ပစ္စယာ ကမ္မဘဝ။ ကံ တွေမြောက်နေပြီ။ အဲဒီကျမှ ငါ ဥပါဒါန်ကပ်နေပါလားလို့ သတိ ကလဲ အောက်မေ့လိုက်ရော ခုနက ဥပါဒါန် ရှိသေးလား။ ဥပါဒါန် ဖြစ်ပျက် သတိ က မဂ် ပဲ။ ခန္ဓာဥာဏ်ရောက်ပဲ။ တီဗီကြည့်ရင်းနဲ့ သတိ ဖြစ်နေပြီ။ တီဗီ ကို ပယ်တာ မဟုတ်ဘူး။ တီဗီကို မကြည့်နဲ့လို့ ပြောတာ မဟုတ်ဘူး။ကြည့်ရင်းနဲ့ပဲ။ မြင်တာကို ပယ်လို့ မရဘူး။ အဲဒီ မြင်တဲ့ အပေါ်မှာ ဥပါဒါန် ကိုပဲ သတိ နဲ့ ပယ်ရတာ။
ရှေ့ စိတ် ဖြစ်ပျက် နောက်စိတ် မဂ် အတူတူပဲ၊ ဥပါဒါန် ဖြစ်ပျက် သတိ က မဂ် အတူတူပဲ။ ဒါဆို ပိုနားလည်သွားတယ်။ တီဗီကြည့်ရင်း တစ်ချက်လေးရလဲ မဆိုးဘူးလေ။ သိလိုက်တာနဲ့ သတိ ကရှိသွားပြီ။
သတိ ရှိလိုက်တာနဲ့ ဥပါဒါန် ချုပ်သွားပြီ၊ ဒီနေ့ သတိ ရယ်၊ ဥပါဒါန် ရယ်၊ အာရုံ ရယ်။ အဲဒီ အာရုံ ကို ဥပါဒါန်လဲ ကပ်သွားရော တကယ်ထင်ကုန်တာပဲ။ ယောက်ျားတွေ၊ မိန်းမတွေ။ ရွှေတိဂုံ ဆိုလဲ ဒီအတိုင်းပဲ။ သတိ ရှိတော့ ကိုယ့်ထဲမှာပေါ်တာ အာရုံပဲ၊ ဒီ အာရုံ က ဆင်ခြင်တုန်းအခိုက်ပဲ ပေါ်တာ၊ မဆင်ခြင်တော့ မရှိတော့ဘူး။ အဲဒီလို သိသွားလို့ရှိရင် သတိ ရှိပြီ။ သတိ ရှိလိုက်တာနဲ့ ဥပါဒါန် ချုပ်ပါတယ်၊ ဥပါဒါန် ချုပ်ရင် ကံ လည်းမလာတော့ပါဘူး၊ ဒီတော့...ပဋိစ္စသမုပ္ပါဒ် လည်း ရပ်သွားပါတယ်။
ဓမ္မမိတ်ဆွေတို့ ဥပါဒါန် ကပ်မှာ မကြောက်နဲ့၊ မသိလိုက် မှာသာ ကြောက်ပါ။
လက်တွေ့ "ဝိပဿနာ" ဆိုတာ လက်တွေ့ဘဝ နဲ့ အလွန် နီးစပ်ပါတယ်။
ဥပမာ - အိမ်မှာ ဆွမ်းကျွေး ပေါ့နော်။
ဟင်းပွဲတွေချထား၊ ဆွမ်းကျွေးဆိုတော့ ဟင်းတွေက ပိုများတာပေါ့။ ဟင်းနှိုက်လို့ရှိရင်၊ ကိုယ်ကြိုက်တာ ကိုယ်နှိုက်တာချည်းပဲ။ ကိုယ်ကြိုက်တာ ဆိုကတည်းက မြင်လိုက်တဲ့အပေါ် ဥပါဒါန် ပါသွားပြီ။ ဥပါဒါန ပစ္စယာ ကမ္မဘဝ။ ကိုယ်ကြိုက်တဲ့ဟင်း၊ ကိုယ့် ဥပါဒါန်ကပ်တာ ကိုယ် နှိုက်တာဆိုတော့ ကာယကံ မြောက်သွားပြီ။ ဥပါဒါ ပစ္စယာ ကမ္မဘဝ ရပါတယ်။
ဒါ့ကြောင့် ဥပါဒါန် ကပ်မှာ မကြောက်ကြပါနဲ့၊ မသိလိုက်မှာသာကြောက်ပါလို့  ထပ်ပြီးပြောပါရစေ။
နောက်က မဂ် မလိုက်မှာကြောက်ရတယ်။ ဥပါဒါန်ကပ်မှန်း နောက်သတိ နဲ့ အောက်မေ့လိုက်ရင် "ဝိပဿနာမဂ်"ကရပါပြီ။
ရှေ့ ကလုပ်ခဲ့တာကတော့ ဥပါဒါန် ကတော့ အကုသိုလ်ပဲ၊ဒါပေမဲ့ နောက်က သတိ ဆိုတဲ့ မဂ်ကုသိုလ် နဲ့ ပယ်ပစ်လိုက်ပါတော့တယ်။
ဒါကြောင့် တရားအားထုတ်နေစဉ် မှာတင် မဟုတ်ဘဲ နဲ့ သာမန်အချိန်တွေမှာတောင်မှ လက်ရှိဖြစ်နေတဲ့ အာရုံလေး ကို သတိကပ်ထားနိုင်ရင် ဖြင့် ဓမ္မမိတ်ဆွေတို့ ကျင့်ကြံအားထုတ်တဲ့အခါ မှတ်ရှုရတာ လွယ်ကူရုံ တင်မကဘဲ၊ မိမိရှုမှတ်တဲ့အချက်တိုင်း၊ အချက်တိုင်းကို မိမိဖာသာ နားလည်ပြီး မဂ်ဉာဏ် ဖိုလ်ဉာဏ် တွေ ရလွယ်တဲ့ အရိယာပုဂ္ဂိုလ်တွေ ဖြစ်လာကြမှာမလွဲပါဟု ယုံကြည်၍ ဤသို့ ဓမ္မဒါန ပြုလိုက်ပါသည်။
( ခန္ဓာ-၅ပါးတစ်ဦး )
•••••••••••••••••••••••••••••••••••
လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ့ ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။(ခန္ဓာ-၅ပါးတစ်ဦး)
ကိုးကား( ဝိသုဒ္ဓိမဂ် ဓမ္မလမ်း ၀ိပဿနာသင်တန်း တွင် ဝိပဿနာ ဆရာကြီး ဒေါက်တာစိုးလွင် (မန္တလေး)ဟောပြောပို့ချချက်များမှကောက်နှုတ်၍ ဓမ္မဒါနပြုပါသည်။

No comments:

Post a Comment