နား၍မရသောခရီး
============
ပင်ပန်းတဲ့ခရီးတွေ သွားကြရသလိုပါပဲ ဘ၀ခရီးဆိုတာ အဆပေါင်းများစွာ ပင်ပန်းပါတယ်။ စိတ်ဒဏ်ရာတွေပါမယ်။ ဂုဏ်သိက္ခာတွေပါမယ်။ အပျော်တွေရှိသလို မျက်ရည်တွေပါမယ်။ တစ်နာရီစာ ဇာတ်လမ်းလည်းမဟုတ်ဘူး။ တဒင်္ဂအတွေ့အကြုံလည်းမဟုတ်။ ကြိတ်မှိတ်မျိုသိပ်ပြီး ခံစားရတာတွေက ခဏကြုံ ခဏပျောက်တဲ့ အိပ်မက်မဟုတ်ဘူးလေ။ ဒါကြောင့်လည်း ဘ၀ခရီးက ပင်ပန်းတယ်ဆိုတာထက်ကို ကြောက်စရာကပိုတာပါ။
============
ပင်ပန်းတဲ့ခရီးတွေ သွားကြရသလိုပါပဲ ဘ၀ခရီးဆိုတာ အဆပေါင်းများစွာ ပင်ပန်းပါတယ်။ စိတ်ဒဏ်ရာတွေပါမယ်။ ဂုဏ်သိက္ခာတွေပါမယ်။ အပျော်တွေရှိသလို မျက်ရည်တွေပါမယ်။ တစ်နာရီစာ ဇာတ်လမ်းလည်းမဟုတ်ဘူး။ တဒင်္ဂအတွေ့အကြုံလည်းမဟုတ်။ ကြိတ်မှိတ်မျိုသိပ်ပြီး ခံစားရတာတွေက ခဏကြုံ ခဏပျောက်တဲ့ အိပ်မက်မဟုတ်ဘူးလေ။ ဒါကြောင့်လည်း ဘ၀ခရီးက ပင်ပန်းတယ်ဆိုတာထက်ကို ကြောက်စရာကပိုတာပါ။
ဒီကြားထဲမှာ ရှင်ကွဲကွဲခြင်း၊ သေကွဲကွဲခြင်းကိုလည်း မရိုးနိုင်အောင် ကြုံရသေးတာလေ။ မမောပဲခံနိုင်ရိုးလား။ စီစဉ်ထားတာတွေပျက်စီး၊ စိတ်ကူးထားတာတွေပျောက်ကွယ် ဆိုတာမျိုးကလည်း မျက်လှည့်ပြသလို ရောက်ရောက်လာတတ်သေးတာမလား။ အသက်ရလာတာနဲ့အမျှ ရှေ့ဘာတွေဖြစ်ဦးမှာလဲလို့ ရင်တစ်ထိတ်ထိတ်နဲ့ စောင့်ကြည့်နေရသလိုဖြစ်လာတော့တာ။ ကြုံခဲ့တာတွေလည်း များလှပြီကိုး။ လန့်နေတော့တာပေါ့။ ဒါကြောင့် ဘ၀ခရီးလျှောက်ရတာ သဲထိတ်ရင်ဖိုဇာတ်ကားတစ်ကားကြည့်နေရသလိုပေါ့။ ကြိုးတန်းပေါ်လျှောက်နေတာနဲ့ ပိုတူပါတယ်။ ပြုတ်ကျမသွားအောင် မနဲမတ်နေရတာ။
ရပ်နေရင် ထိန်းထားဖို့ပိုခက်တယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို ဟန်ချက်ညီညီ လွှဲလျှောက်နေမှ ကြိုးတန်းပေါ်မှာ ရပ်နေနိုင်တာ။ တောင့်တောင့်ကြီးရပ်နေရင် ပြုတ်ကျဖို့ပဲရှိတော့တာပေါ့။ ဒီတော့ ပြုတ်ကျမှာစိုးရိမ်တဲ့အတွက် ဟန်ချက်ညီညီလွှဲနေရတယ်၊ ဆက်လျှောက်နေရတယ်လေ။ ဘ၀ကြိုးတန်းက ဒီထက်ပိုရှည်လျားတာပေါ့။ ပြုတ်ကျပြီးရင် ပြန်တက်ဖို့ခက်တဲ့အတွက် အံကြိတ်ပြီး မတ်နေဖို့ သတိကြီးကြီးနဲ့ ဆက်လျှောက်နေကြရတာ။ တွန်းချတဲ့သူရဲ့ ရန်ကိုလည်းရှောင်ရတာက ပါသေးတယ်။ တကယ်ပါပဲ ဘ၀ခရီးက အတော်ရင်ထိတ်စရာကောင်းပါတယ်။
ဒီတော့ ဘ၀ကြိုးတန်းပေါ်မှာ ဆက်ရှိနေဖို့က အရေးအကြီးဆုံးဖြစ်နေတော့ သတိထားပြီးသာ မသွားချင်လည်းသွား၊ သွားချင်လည်းသွားပေါ့။ ဘ၀မှာ ကြောက်စရာအကောင်းဆုံးက ဂုဏ်သိက္ခာဆုံးရှုံးခြင်း၊ ပုံရိပ်ပျက်ခြင်းပါပဲ။ ဒါတွေကိုထိန်းသိမ်းနိုင်ဖို့ လောကမှာအားကိုးရတဲ့ အရာတွေကတော့ ကိုယ်ကျင့်သီလ၊ သမာဓိ နဲ့ ပညာပါပဲ။ ကိုယ်ကျင့်သီလက အရာရာကို ထိန်းပေးနိုင်တယ်။ သမာဓိက အရာရာကို ပြီးစီးစေတယ်။ ပညာက အရာရာကို တည့်မတ်ပေးနိုင်တယ်။ ဒီတရားတွေချို့တဲ့ရင် ဘ၀က စိတ်ပျက်စရာတွေပဲ လက်ဆောင်ရတော့မှာပါ။
တစ်ချို့သောဘ၀တွေဆိုရင် မွေးကတည်းကနေ သေတဲ့အထိ သိမ်ငယ်စွာ၊ မှေးမှိန်စွာနဲ့ပဲ နေသွားကြရတယ်။ သီလ သမာဓိ ရှိရင်တောင် ပညာမရှိတော့လည်း ကိုယ့်ဘ၀ကို မြှင့်မတင်နိုင်ကြဘူးပေါ့။ ဆင်ခြင်တတ်တဲ့ ပညာလေးတောင်ပါမလာကြတော့ သူများနင်းတာ၊ အသုံးချတာတွေကိုပဲ တစ်သက်လုံးခံစားသွားကြရတာ။ ပညာမဲ့ခြင်းက အမှားတွေကို အမှန်လို့လည်း ထင်စေတတ်တာကိုး။ အဲဒီတော့ လုပ်နေပေမဲ့၊ လျှောက်နေပေမဲ့ လမ်းလွဲကြီးကို လျှောက်နေမိရက်သားဖြစ်သွားကြတယ်။ ဘယ်လို ကိုယ့်ကိုယ်ကို ပြန်ကယ်ရမလဲတောင် မသိနိုင်မမြင်နိုင် ဖြစ်ကြရတာ။ ပညာမဲ့ခြင်းကြောင့် သူများရဲ့ အသုံးချခံတွေဖြစ်နေတာကို ဖြစ်နေမှန်းမသိပဲ လှည့်စားမှုအောက်မှာ အဟုတ်ထင်ပြီး ကျေးဇူးတွေတောင် ပြန်တင်နေရသေးတာလေ။
ဘ၀ကြိုးတန်းပေါ်မှာမလျှောက်နိုင်ပဲ ကြိုးတန်းကို တွဲလောင်းခိုနေပြီး ပင်ပန်းစွာရပ်တည်နေတဲ့ သူမျိုးတွေပေါ့။ အဲဒီလို အဖြစ်မျိုးတွေ မဖြစ်ရ၊ မကြုံရအောင် နားကြီး၊ မျက်စိကြီး ဖြစ်နေဖို့ လေ့လာသင်ယူမှုတွေ လုပ်နေရတာ။ ဘ၀အတွက် ဘ၀ကပေးတဲ့ ဘ၀ပေးအသိပညာကို ဆည်းပူးဖို့လိုတာပေါ့။ ရပ်လို့မရလို့ ဆက်လျှောက်နေရသော်လည်း ပညာပါရင် အမှားနည်းတာပေါ့။ ပြန်ထိန်းထားနိုင်တာပေါ့။ အကြောင်းအကျိုး၊ အကောင်းအဆိုး ဝေဖန်နိုင်တဲ့ ပညာလည်းရှိမယ်၊ ကိုယ်ကျင့်သီလကလည်း ကောင်းမယ်၊ တည်ကြည်မှုကလည်း ရှိရင်တော့ ဘ၀ကြိုးတန်းမှာ ဟန်ချက်ညီညီထိန်းပြီး ဆက်လျှောက်သွားနိုင်မှာပါပဲ။
ဒါကြောင့်လည်း သောက၊ ဒုက္ခတွေ၊ စိုးရိမ်ရမှုတွေ ရံဖန်ရံခါ ကြုံရသော်လည်း သီလ၊ သမာဓိ၊ ပညာဆိုတဲ့ အထိန်းတရားတွေကို ဟန်ချက်ညီညီလွှဲပြီး ဆက်လျှောက်နေရင်တော့ ခရီးဆုံးတဲ့အထိ လျှောက်နိုင်မှာပါ။ ထိန်းထားနိုင်လေ ကောင်းလေပါပဲ။ ဒီလို ဟန်ချက်ညီညီ လွှဲပြီးထိန်းလျှောက်နေရတာကိုက ဘ၀ခရီးပဲ။ ခရီးဆုံးရင် မြေပြင်ညီပေါ်ရောက်ဖို့ဆိုတဲ့ ပန်းတိုင်ရှိတယ်မလား။ အဲဒီနေရာကို ရောက်မှလည်း အရာရာကို ကြောင့်ကြမဲ့နေနိုင်မှာဆိုတော့ မရောက်မချင်းဆက်လျှောက်နေရမှာပါပဲ။ အားမလျှော့ဖို့တော့ လိုတယ်လေ။
ဇွဲမလျှော့သ၍ ယုံကြည်မှုကို မဖျက်သ၍ တစ်နေ့ရောက်မှာ အမှန်ပါပဲ။ လျှောက်နေတဲ့ခရီးကို တဒင်္ဂသာလို့ သဘောထားပြီး အခိုက်အတန့်ကြုံရတဲ့ လောကဓံတွေကို သတိ၊ ပညာတို့နဲ့ ရင်ဆိုင်ကျော်ဖြတ်ပြီး လိုရာပန်းတိုင် အေးချမ်းရာဆီသို့ ဆက်လျှောက်လိုက်ကြရအောင်လား………..။
အားလုံး စိုးရိမ်သောက ကင်းဝေးကြပါစေ။
အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်။
၉-၁၀-၂၀၁၈ (ည ၉း၀၉ နာရီ) အချိန်တွင် ရေးပြီးသည်။
အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်။
၉-၁၀-၂၀၁၈ (ည ၉း၀၉ နာရီ) အချိန်တွင် ရေးပြီးသည်။

No comments:
Post a Comment