Thursday, February 7, 2019

ကောင်းရာသုဂတိရောက်ဖို့


ကောင်းရာသုဂတိရောက်ဖို့
•••••••••••••••••••

♦ စိတ်ကောင်း နှလုံးကောင်းထားမယ်၊
ကိုယ်ကျင့်တရား ကောင်းမယ်ဆိုရင်
ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်
ကောင်းရာသုဂတိရောက်ဖို့ မခဲယဉ်းဘူး။

♦ ကံကံရဲ့အကျိုးကို လက်ခံယုံကြည်ပြီး
ကောင်းတာလုပ်ရင် ကောင်းတာဖြစ်တယ်ဆိုတဲ့
အသိတရား၊
အများကို ကူညီချင်တဲ့စိတ်၊
အများရဲ့ အကျိုးကို
လိုလားတဲ့ မေတ္တာစိတ်မျိုးရှိရင်
ဘယ်ပုဂ္ဂိုလ်မျိုးမှာပဲ ရှိရှိ
ဘယ်ဘာသာဝင်မှာပဲ ရှိရှိ
ဘာသာနှင့် မဆိုင်ဘဲ
စိတ်ကောင်းနှလုံးကောင်း ရှိတဲ့ ပုဂ္ဂိုလ်ကို
ထို စိတ်ကောင်း နှလုံးကောင်းက
ကောင်းတဲ့ဘဝကို ပို့ပေးတာ။


ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
(အားပေးစကား တရားတော်မှ)

bwar99.blogspot.com

ယုံမှ ကြည်သလို ကြည်မှလည်း ပိုယုံတာပါ


ယုံမှ ကြည်သလို ကြည်မှလည်း ပိုယုံတာပါ
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

♣ သဒ္ဓါဆိုတာ ယုံကြည်မှုပါ။
လောကရေးရာအလုပ်ပဲဖြစ်ဖြစ်၊
ဓမ္မရေးရာအလုပ်ပဲဖြစ်ဖြစ်
ယုံကြည်မှုရှိမှ လုပ်ဖြစ်ပါတယ်၊
ယုံကြည်မှု မရှိရင် မလုပ်ဖြစ်ပါဘူး။
ယုံကြည်မှုရှိမှ ဦးတည်ချက်ရှိတယ်၊
ဦးတည်ချက်ရှိမှ လုပ်ငန်းအထမြောက်ပါတယ်။
လုပ်ငန်းတစ်ခု ပီပီပြင်ပြင် ရုပ်လုံးပေါ်ဖို့အတွက်
ယုံကြည်မှုတည်ဆောက်တဲ့အလုပ်ဟာ
အရေးကြီးဆုံးပါပဲ။

♣ `ယုံကြည်` ဆိုတဲ့ စကားလုံးကို
`ုံ` တစ်လုံး၊ `ကြည်` တစ်လုံး၊
နှစ်လုံးခွဲလိုက်ရင် `ယုံသဒ္ဓါ` နဲ့ `ကြည်သဒ္ဓါ` လို့
သဒ္ဓါနှစ်မျိုး ထွက်လာပါလိမ့်မယ်။
သဒ္ဓါက နှစ်မျိုးကွဲသွားတာ မဟုတ်ပါဘူး၊
သဒ္ဓါရဲ့ သဘောသဘာဝ၊ လုပ်ငန်းဆောင်တာ၊
အစွမ်းသတ္တိက နှစ်မျိုးကွဲသွားတာပါ။

♣ `ယုံသဒ္ဓါ` ရဲ့ အစွမ်းသတ္တိက
ဘုရား၊ တရား၊ သံဃာ၊
ရတနာမြတ်သုံးပါးရဲ့ ဂုဏ်ကျေးဇူး၊
ကံ-ကံရဲ့ အကျိုးနဲ့ ရှေးဘဝ၊ နောက်ဘဝ၊
တမလွန်လောကကို ယုံပါတယ်။
`ကြည်သဒ္ဓါ` ရဲ့ အစွမ်းသတ္တိက
စိတ်ကို ကိလေသာအနောက်အကျုတွေ ကင်းပြီး
သန့်ရှင်းကြည်လင်စေပါတယ်။

♣ ယုံသဒ္ဓါက ကြည်သဒ္ဓါကို
အထောက်အကူပြုသလို
ကြည်သဒ္ဓါကလည်း ယုံသဒ္ဓါကို
အကူအညီပေးပါတယ်။
ယုံမှ ကြည်သလို
ကြည်မှလည်း ပိုယုံတာပါ။

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(အနှိုင်းမဲ့ အဖော် စာအုပ်မှ)

bwar99.blogspot.com

Wednesday, February 6, 2019

သီလကို ပီယလိုဆောင် အိုတောင် မဆင်းရဲ


သီလကို ပီယလိုဆောင် အိုတောင် မဆင်းရဲ


လောကတွင်
ပီမှသာရသော အရာတို့မှာ ...
ရုပ်ပြစားသောသူ
ရုပ်အပြ အလှမကုန်ခင်လေးသာ
ကြီးပွားတိုးတက်စေ၏။
အသံလွှင့်စားသောသူ
အသံလှ ပီသနေတုန်းလေးသာ
ကြီးပွားတိုးတက်စေ၏။
အင်အားပြစားသောသူ
အားထွက်များ ပီသနေစဉ်လေးသာ
ကြီးပွားတိုးတက်စေ၏။

သီလကို
ပီပြင်စွာ သုတ်သင်၍
သိက္ခာစဉ်အလှ ကျနစွာ
အားထုတ်သူအား ...
အသက်ရလေ ဆက်လှလေ၊
အအိုထုလေ ပျိုနုလေတို့ဖြင့်
အသက်ကုန်သော်မှ ...
အဆက်မကုန်သေးရကား ...

လောကီစီးပွား သူကြီးပွား
ဆီးတား၍ပင် မရပြီ။
လောကုတ်ရွယ်ပျို ပန်းနွယ်မို
အိုပါဆိုလည်း မအိုပြီ။

မဟာဗောဓိမြိုင်ဆရာတော်ကြီး
(ဓမ္မနီတိကထာ ၁၀၉)

bwar99.blogspot.com

❝ စိတ်သုံးမျိုး ❞



❝ စိတ်သုံးမျိုး ❞ 

●○✠
မိမိတို့မှာစိတ်ဖြစ်နေတာက သုံးမျိုးပဲရှိတယ်နော်။
ကုသိုလ်စိတ်၊ အကုသိုလ်စိတ်၊ ၀ိပါက်ကိရိယာဆိုတဲ့ 
အဗျာကတစိတ်၊ အချိန်ရှိသမျှ အဲဒီသုံးမျိုးပဲရှိတယ်။ 

●○✠
ဘယ်လောက်ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ဖြစ်ဖြစ်
ကုသိုလ်ဖြစ်မယ်၊ သို့မဟုတ် အကုသိုလ်ဖြစ်မယ်
သို့မဟုတ် ၀ိပါက် ကိရိယာဖြစ်မယ်။ ဘယ်လောက်
သေးသိမ်တဲ့ ကလေးလေးဖြစ်ဖြစ်၊ တိရစ္ဆာန်သတ္တ၀ါ
ပဲဖြစ်ဖြစ် ကုသိုလ်ဖြစ်မယ်၊ အကုသိုလ်ဖြစ်မယ်၊
ဝိပါက်ဖြစ်မယ်၊ ကိရိယာဆိုတဲ့ အဗျာကတဖြစ်မယ်။
အင်မတန်သေချာတယ်။ အင်မတန်သေချာတယ်။

➊• ❝ အကုသိုလ်စိတ် ❞ 

 ဖြစ်တိုင်းဖြစ်တိုင်းအာရုံပါရမယ်။ 
အဲဒါကြောင့် အကုသိုလ်ဆိုတာ ဘယ်လိုတရားပါတုန်း
လို့ဆိုရင်ဖြစ်သော်ညစ်ထေး၊ အပြစ်ဘေးနှင့်၊ 
ကျိုးပေးဒုက္ခ၊ဆယ့်နှစ်ဝ မုချ အကုသိုလ်ခေါ် တဲ့..။

 အပြစ်တွေဖြစ်တုန်းက ဒေါသရင်လဲပါနေပြီ။ 
ဣဿမစ္ဆရိယရင်လဲပါနေပြီ။ မာနရင်လဲ ပါနေပြီ။ 
ဖြစ်တုန်းကအဲဒီအညစ်အကြေးတွေပါနေတယ်။ 
အကုသိုလ်ဖြစ်တုန်းက အညစ်အကြေးတွေ
ပါနေမှတော့ အပြစ်မကင်းဘူး။ 
နောက်အကျိုးပေးရင် မကောင်းကျိုးကိုပေးမယ်။ 
ကောင်းကျိုးကိုမပေးဘူး။ ဒီကုသိုလ်ကခု
ဘ၀ ဖြစ်ဖြစ် နောင်ဘ၀ ဖြစ်ဖြစ် မကောင်းကျိုးကို
ပေးမယ်။ 

 ဒါကြောင့် အကုသိုလ်ဆိုတာ 
ဘယ်လိုဘာလိမ့်မတုန်းဆိုရင် ကိုယ့်စိတ်ကိုယ်
စဉ်းစားကြည့်ဖြစ်သော်ညစ်ထေး အပြစ်ဘေးနှင့် 
ကျိုးပေးဒုက္ခဆယ့်နှစ်ဝ မုချအကုသိုလ်ခေါ်၊ 
ဖြစ်တယ်နော်။

 လောဘရင်လဲပါမယ်။ ဒေါသရင်လဲပါမယ်။
ဒါအပြစ်ပဲ။ မာနရင်လဲပါမယ်။ ဒါအပြစ်ပဲ။ 
တစ်ယောက်နဲ့တစ်ယောက် မနာလိုတဲ့ဣဿာ
ရင်လဲပါမယ်။ ဒါအပြစ်ပဲ။ သူတစ်ပါးကို 
မကြီးပွားစေလိုတဲ့ မစ္ဆရိယရင်လဲပါမယ်။ 
ဒါအပြစ်ပဲ။ အိပ်ချင်မူးတူး ငိုက်မျည်းနေတဲ့
ထိနမိဒ္ဓရင်လဲပါမယ်။ ဒါအပြစ်ပဲ။ ဘုရားကိုဟုတ်မှ
ဟုတ်ပါ့မလားလို့ ဘုရားအစစ်ကို ယုံမှားနေတဲ့ဝိစိ
ကိစ္ဆာရင်လဲပါမယ်။ ဒါအပြစ်ပဲ။ ဖြစ်တုန်းကအပြစ်
တစ်ခုခုနဲ့ ညစ်ပေနေတဲ့တရားတစ်မျိုး ဒါအကုသိုလ်
ခေါ်တယ်။ နောင်အကျိုးပေးရင်လဲ မကောင်းကျိုးကို
ပေးမှာပဲ။

➋• ❝ ကုသိုလ်စိတ် ❞ 

 ကိုယ့်စိတ်ဟာ ဘာဖြစ်တယ်
ဆိုတာ သိပ်ပြီးတော့လေ့လာဖို့ကောင်းတယ်။ 
အဲတစ်ခါ ကုသိုလ်က ဘယ်လိုပါလိမ့်မတုန်းဆိုတော့
ဖြစ်သော်သန့်ရှင်း၊ အပြစ်ကင်း၍၊ ကောင်းခြင်းသုခ၊
ကျိုးပေးက၊ ကုသလလို့ခေါ်တဲ့။

 ဖြစ်တုန်းက သန့်ရှင်းလိုက်တာ။ 
မေတ္တာစိတ်နဲ့နော်။မေတ္တာစစ်စစ်နဲ့ ချမ်းသာပါစေ
ချမ်းသာပါစေ၊ ဖြစ်တုန်းကတယ်သန့်ရှင်းတယ်။ 
သိပ်သန့်ရှင်းတယ်။ တစ်ခါအလှူဒါနပေးနေရင် 
အင်း ငါ့အလှူအကြောင်းပြုပြီးတော့ စားကြပါစေ။ 
စွန့်ကြဲပေးကမ်းရင်ပဲ မေတ္တာကပါနေတယ်။ 
သန့်ရှင်းတယ်။ သိပ်သန့်ရှင်းတယ်။

 သြော် မိမိတို့ အလှူဒါနအကြောင်းပြုပြီးတော့
သာသနာတော်ကြီး တိုးတက်ပါစေ၊ တည်တံ့ပါစေ၊ ခိုင်မြဲပါစေ။ အဲဒီလိုဖြစ်တုန်းကလဲကုသိုလ်စိတ်တွေ
ထပ်ဖြစ်တယ်။ 

 နောက်ဆုံးကိုယ့်သားကလေး သမီးကလေးကို 
မိခင်အဖြစ်နဲ့ တကတဲ ကျမ်းမာစေချင်လွန်းလို့
ဝစေချင်လွန်းလို့ နို့တိုက်ပြီးတော့နေတယ်။ 
ချစ်နေတဲ့လောဘက ကုသိုလ်ကလေး၊ 
ကလေးကျန်းမာစေချင်တာ၊ ၀ဖြိုးစေချင်တာက ကုသိုလ်၊ စေတနာမေတ္တာက ကုသိုလ်၊ ကုသိုလ်နဲ့ 
အကုသိုလ်က ကပ်နေတာပဲ ကပ်နေတာပဲ။ 
သားကလေးချစ်လွန်းလို့ ဒါက အကုသိုလ်။ 
ကျန်းမာစေချင်လွန်းလို့ ၀ဖြိုးစေချင်လွန်းလို့ 
နို့တိုက်ပြီးနေတာက ဒါကကုသိုလ်။ 
ဖြစ်နေတုန်းမှာလေ အညစ်အကြေးလုံးလုံးမပါတဲ့
အပိုင်းက ကုသိုလ်ပဲ။ အကျိုးပေးမှာဖြစ်သော်သန့်ရှင်း
အပြစ်ကင်း၍၊ ကောင်းခြင်းသုခ၊ ကျိုးပေးက ကုသလဟုခေါ်။

➌• ❝ အဗျာကတစိတ် ❞ 

✠ အဗျာကတဆိုတာက 
ဘယ်လိုစိတ်တုန်းဆိုတော့ ၀ိပါက်၊ 
ဘုန်းကြီးတို့ ရုပ်တရားတွေလဲ အဗျာကတခေါ်တယ်။ 
သူဖြစ်တော့လဲ ညစ်ထေးတာလဲ မဟုတ်ဘူး။ 
သန့်ရှင်းတာလဲ မဟုတ်ဘူး။ 
သူတို့ကို ကုသိုလ်လို့လဲ မဆိုရဘူး။ 
အကုသိုလ်လို့လဲ မဆိုရဘူး။ 
ရုပ်တရားတွေဟာ အဗျာကတ၊ ခုနကစိတ်တွေ
စေတသိက်တွေထဲမှာလဲပဲ ၀ိပါက်စိတ်တွေ 
ဘုရားရဟန္တာမှာဖြစ်တဲ့ ကိရိယာစိတ်တွေ၊ 
အဲဒါတွေက အဗျာကတ၊ 

✠ ဘုရားရဟန္တာမှာ မေတ္တာမပွားဘူးလား။ 
မေတ္တာပွားလို့ရှိရင်လဲ ကုသိုလ်မခေါ်ဘူး။ ကိရိယာအဗျာကတခေါ်တယ်။ဘုရားရဟန္တာတွေက
သတ္တ၀ါတွေချမ်းသာအောင်လို့ တရားဟောတယ်။ ဗုဒ္ဓမြတ်စွာတရားဟောတော်မူတယ်။ 
ကုသိုလ်မဟုတ်ဘူး။ ဒါက ကိရိယာအဗျာကတလို့ 
ခေါ်တယ်။ ဘာဖြစ်လို့တုန်း
နောက် အကျိုးမပေးဘူးလေ။ 

✠ ကုသိုလ်ဆိုရင် ပဋိသန္ဓေအကျိုးကိုပေးမယ်။ 
ဗုဒ္ဓမြတ်စွာမှာ နောက်ဘ၀သံသရာအကျိုးမရှိ
တော့ဘူး။ ဘ၀သံသရာအကျိုးမရှိလို့အကျိုးမပေးလို့ 
ကောင်းတာလုပ်လဲပဲ ကိရိယာအဗျာကတ၊
မကောင်းတာကျတော့ လုပ်ကိုမလုပ်ဘူး။ 

✠ တစ်ခါ ၀ိပါက်စိတ်တွေ
ဘုန်းကြီးတို့မှာ ဖြစ်နေတယ်။ အိပ်ပျော်နေတယ်။
ဝိပါက်စိတ်ဖြစ်နေတယ်။ ၀ိပါက်စိတ်ဖြစ်နေတော့ခုနက
ဟိတ်တွေမပါဘူးလား။ ပါတယ်။ ဒါဖြင့်အိပ်ပျော်နေတဲ့
အခါဖြစ်တဲ့စိတ်ဟာ ဘာခေါ်တုန်း ၀ိပါက်အဗျာကတ
ခေါ်တယ်။ ခုလိုရှင်းလွန်းလို့ ဘုန်းကြီးတို့တရားတော်က
ရှင်းလွန်းလို့ ကဲ ဒါ နားလည်ပြီနော်။

【အရှင်ဇနကာဘိဝံသ
အခြေပြုပဋ္ဌာန်းတရားတော်မှ】

❝ အပ္ပမာဒေန သမ္မာဒေထ ❞
✠ ရွှင်လန်း ✠ ချမ်းမြေ့ ✠ ပါစေ ✠
PhyoeMayOo

အားမငယ်နဲ့



အားမငယ်နဲ့
~~~~~~~~
ဘယ်သူရှိရှိ မရှိရှိ
ကိုယ့်အနားမှာ ကိုယ်ရှိနေတာပဲလေ
အားငယ်မနေပါနဲ့။

ဘယ်သူသိသိ မသိသိ
ကိုယ့်ဘာသာကိုယ် သိနေတာပဲလေ
အားငယ်မနေပါနဲ့။

ဘယ်သူအားပေးပေး မပေးပေး
ကိုယ့်ကိုယ်ကိုယ်ပဲ အားပေးရမှာပဲလေ
အားငယ်မနေပါနဲ့။

ဘယ်သူထောက်ခံခံ မခံခံ
ကိုယ့်ဘာသာကိုယ်ပဲ ထောက်ခံရမှာပဲလေ
အားငယ်မနေပါနဲ့။

ဘယ်သူဆပ်ဆပ် မဆပ်ဆပ်
ကိုယ့်အကြွေးတော့ ကိုယ်ဆပ်ရမှာပဲလေ
အားငယ်မနေပါနဲ့။

ဘယ်သူလုပ်လုပ် မလုပ်လုပ်
ကိုယ့်အတွက်တော့ ကိုယ်လုပ်ရမှာပဲလေ
အားငယ်မနေပါနဲ့။

အရင်းစစ်တော့ 
ကိုယ်သာလျှင် ကိုးကွယ်ရာအစစ်
ကိုယ်ဖြစ်ကိုယ်ခံ၊ ကိုယ်ကောင်းကိုယ်စံ
ကိုယ်မှားကိုယ်ပြင်၊ ကိုယ်လဲကိုယ်ထ
အားလုံးဟာ ကိုယ်သာပဓာနပါပဲ။

ဘာမှအားငယ်မနေနဲ့
ကိုယ့်အတွက်က ကိုယ်ရှိပြီးသားပဲလေ။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ

Tuesday, February 5, 2019

အခိုက်အတန့်


အခိုက်အတန့်
**********

လောကမှာ အရာအားလုံးဟာ
အခိုက်အတန့်တွေပါပဲ ...
♦ ပျော်ရွှင်ကြည်နူးရတာလည်း
အခိုက်အတန့် ...
ဝမ်းနည်းကြေကွဲရတာလည်း
အခိုက်အတန့် ...
♦ စွဲလမ်းတပ်မက်ဖွယ် အရာတွေဟာလည်း
အခိုက်အတန့် ...
ထိတ်လန့်တုန်လှုပ်စရာတွေဟာလည်း
အခိုက်အတန့် ...
♦ ပိုင်ဆိုင်ရချိန် ကြည်နူးစွတ်ပျံ့ခြင်းတွေဟာလည်း
အခိုက်အတန့် ...
ဆုံးရှုံးရချိန် ပူဆွေးငိုကြွေးခြင်းတွေဟာလည်း
အခိုက်အတန့် ...
♦ လူတွေဟာ
အခိုက်အတန့်ကို
ထာဝရမှတ်နေလို့သာ ဘယ်အရာကိုမှ
မလွှတ်ချင် ဖြစ်နေကြတာ ...
အခိုက်အတန့်ကို
ထာဝရ မှတ်နေလို့သာ
စွဲလမ်းတပ်မက်နေကြတာ ...
အခိုက်တန့်ကို
ထာဝရမှတ်နေလို့သာ
ခိုက်ရန်ဖြစ်နေကြတာ ...
♦ တကယ်တမ်းတော့
အရာရာရာဟာ
အခိုက်တန့်တွေပါပဲလို့
နားလည်သဘောပေါက်နိုင်မယ်ဆိုရင် ...
ကြည်နူးရလည်း ကျေနပ်တယ် ...
ကြေကွဲရလည်း ကျေနပ်လိမ့်မယ် ...
အရာရာဟာ
အခိုက်အတန့်ပါပဲလေ .....။


အရှင်တေဇာနန္ဒ (စေတနာပန်းခင်းဆရာတော်)

Sunday, February 3, 2019

ဘာများထူးလို့ဆန်းလို့လဲ


ဘာများထူးလို့ဆန်းလို့လဲ

***********************

တိုက်ကြီးကားကြီးနဲ့ သူဌေးကြီးဘ၀လည်း မဆန်းပါဘူး၊ သိပ်အထင်ကြီးစရာတော့ မဟုတ်ဘူး၊ ပညာတတ်ပါရဂူကြီးဘ၀၊ ရှင်ဘုရင်ကြီးဘ၀စတဲ့ ကြီးကျယ်ခမ်းနားကြွယ်ဝချမ်းသာတဲ့ ဘ၀တွေအားလုံး ဘာမှမဆန်းပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီဘ၀တွေအားလုံး ကိုယ်ဖြစ်ဖူးပါတယ်၊ ဒီထက်အဆပေါင်းများစွာသာလွန်တဲ့ ဘ၀တွေတောင် ဖြစ်ခဲ့ဖူးပါတယ်။

ဒီလူ့စည်းစိမ်ဆိုတာ ဘာမှပြောပလောက်တာ မဟုတ်ပါဘူး၊ နတ်စည်းစိမ်၊ သိကြားစည်းစိမ်၊ ဗြဟ္မာစည်းစိမ်ဆိုတာ လူ့စည်းစိမ်ထက် အဆပေါင်းကုဋေကုဋာသာပါတယ်၊ အဲဒီစည်းစိမ်တွေအားလုံး ကိုယ်ခံစားခဲ့ဖူးပါတယ်။

လူ့ပြည်က စကြာမင်းစည်းစိမ်၊ နတ်ပြည်က သိကြာမင်းစည်းစိမ်၊ ဗြဟ္မာ့ပြည်က ဗြဟ္မာမင်းစည်းစိမ်၊ တစ်ဆင့်နဲ့ တစ်ဆင့် အတိုင်းအဆမရှိ ကွာခြားပါတယ်၊ ဒီစည်းစိမ်မျိုးကို မရေမတွက်နိုင်အောင် ခံစားဖူးပါတယ်၊ ဒီလောက်ရှည်လျားလှတဲ့ သံသရာခရီးထဲမှာ ကိုယ်မခံစားဖူးတဲ့ စည်းစိမ်ရယ်လို့ ဘာတစ်ခုမှ မကျန်ပါဘူး။

ဒီတော့ ဘာမှမပြောပလောက်တဲ့ လူ့ဘ၀လူ့စည်းစိမ် အသေးအနုပ်လေးကို သိပ်ပြီးခင်တွယ်မနေစမ်းပါနဲ့၊ ဒီအတွက်နဲ့ သိပ်ပြီးအကုသိုလ်တွေ အဖြစ်မခံပါနဲ့၊ ဒီအတွက်နဲ့ သိပ်ပြီးအချိန်တွေ အကုန်မခံပါနဲ့။

သုံးဆယ်တစ်ဘုံ သံသရာနဲ့ခြုံကြည့်လိုက်ရင် ဒီလူ့ဘ၀လူ့စည်းစိမ်ဆိုတာ ဘာမှမဆန်းဘူးလို့သာ မှတ်လိုက်ပါ၊ ဒီလူ့ဘ၀လူ့စည်းစိမ်လေးအတွက် ရှာဖွေတည်ဆောက်နေရတာနဲ့ မိမိရရှိထားတဲ့ လူ့ဘ၀နေထိုင်ခွင့် အနှစ်လေးငါးခြောက်ဆယ်လေးကုန်သွားရတာ နှမြောဖို့ကောင်းလိုက်တာ။

ဘာပင်ကြီးအောက်ကရလာတဲ့ ဘာသီးကြီးကို ဘာဓားကြီးနဲ့ခွဲကြည့်လိုက်တော့ ဘာမှလည်းမဟုတ်ပါဘူးဆိုတာလို တစ်ဘ၀နေထိုင်ခွင့်ကုန်သွားလို့ နောက်ဆုံးစာရင်းချုပ်လိုက်တော့ ဘာမှလည်း သိပ်မဟုတ်ပါဘူး၊ အိမ်မက်ကနိုးလာလို့ ပြန်စဉ်းစားမိတိုင်း အိမ်မက်ထဲက အကြောင်းတွေလိုပါပဲ။

သူဌေးမလေးတစ်ယောက်က ပြောတယ်၊ “ပြီးတော့လည်း ပြီးတာပါပဲ အရှင်ဘုရားရယ်၊ နောက်ဆုံးတော့လည်း ဘာမှမဟုတ်ပါဘူး” တဲ့။ ။

အရှင်သံဝရာလင်္ကာရ

(ဓမ္မပိယဆရာတော်)

၂၀၀၂၊ ၂၀၀၃ အကောက်ခွန်ဂျာနယ်

bwar99.blogspot.com