Sunday, February 3, 2019

ဘာများထူးလို့ဆန်းလို့လဲ


ဘာများထူးလို့ဆန်းလို့လဲ

***********************

တိုက်ကြီးကားကြီးနဲ့ သူဌေးကြီးဘ၀လည်း မဆန်းပါဘူး၊ သိပ်အထင်ကြီးစရာတော့ မဟုတ်ဘူး၊ ပညာတတ်ပါရဂူကြီးဘ၀၊ ရှင်ဘုရင်ကြီးဘ၀စတဲ့ ကြီးကျယ်ခမ်းနားကြွယ်ဝချမ်းသာတဲ့ ဘ၀တွေအားလုံး ဘာမှမဆန်းပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီဘ၀တွေအားလုံး ကိုယ်ဖြစ်ဖူးပါတယ်၊ ဒီထက်အဆပေါင်းများစွာသာလွန်တဲ့ ဘ၀တွေတောင် ဖြစ်ခဲ့ဖူးပါတယ်။

ဒီလူ့စည်းစိမ်ဆိုတာ ဘာမှပြောပလောက်တာ မဟုတ်ပါဘူး၊ နတ်စည်းစိမ်၊ သိကြားစည်းစိမ်၊ ဗြဟ္မာစည်းစိမ်ဆိုတာ လူ့စည်းစိမ်ထက် အဆပေါင်းကုဋေကုဋာသာပါတယ်၊ အဲဒီစည်းစိမ်တွေအားလုံး ကိုယ်ခံစားခဲ့ဖူးပါတယ်။

လူ့ပြည်က စကြာမင်းစည်းစိမ်၊ နတ်ပြည်က သိကြာမင်းစည်းစိမ်၊ ဗြဟ္မာ့ပြည်က ဗြဟ္မာမင်းစည်းစိမ်၊ တစ်ဆင့်နဲ့ တစ်ဆင့် အတိုင်းအဆမရှိ ကွာခြားပါတယ်၊ ဒီစည်းစိမ်မျိုးကို မရေမတွက်နိုင်အောင် ခံစားဖူးပါတယ်၊ ဒီလောက်ရှည်လျားလှတဲ့ သံသရာခရီးထဲမှာ ကိုယ်မခံစားဖူးတဲ့ စည်းစိမ်ရယ်လို့ ဘာတစ်ခုမှ မကျန်ပါဘူး။

ဒီတော့ ဘာမှမပြောပလောက်တဲ့ လူ့ဘ၀လူ့စည်းစိမ် အသေးအနုပ်လေးကို သိပ်ပြီးခင်တွယ်မနေစမ်းပါနဲ့၊ ဒီအတွက်နဲ့ သိပ်ပြီးအကုသိုလ်တွေ အဖြစ်မခံပါနဲ့၊ ဒီအတွက်နဲ့ သိပ်ပြီးအချိန်တွေ အကုန်မခံပါနဲ့။

သုံးဆယ်တစ်ဘုံ သံသရာနဲ့ခြုံကြည့်လိုက်ရင် ဒီလူ့ဘ၀လူ့စည်းစိမ်ဆိုတာ ဘာမှမဆန်းဘူးလို့သာ မှတ်လိုက်ပါ၊ ဒီလူ့ဘ၀လူ့စည်းစိမ်လေးအတွက် ရှာဖွေတည်ဆောက်နေရတာနဲ့ မိမိရရှိထားတဲ့ လူ့ဘ၀နေထိုင်ခွင့် အနှစ်လေးငါးခြောက်ဆယ်လေးကုန်သွားရတာ နှမြောဖို့ကောင်းလိုက်တာ။

ဘာပင်ကြီးအောက်ကရလာတဲ့ ဘာသီးကြီးကို ဘာဓားကြီးနဲ့ခွဲကြည့်လိုက်တော့ ဘာမှလည်းမဟုတ်ပါဘူးဆိုတာလို တစ်ဘ၀နေထိုင်ခွင့်ကုန်သွားလို့ နောက်ဆုံးစာရင်းချုပ်လိုက်တော့ ဘာမှလည်း သိပ်မဟုတ်ပါဘူး၊ အိမ်မက်ကနိုးလာလို့ ပြန်စဉ်းစားမိတိုင်း အိမ်မက်ထဲက အကြောင်းတွေလိုပါပဲ။

သူဌေးမလေးတစ်ယောက်က ပြောတယ်၊ “ပြီးတော့လည်း ပြီးတာပါပဲ အရှင်ဘုရားရယ်၊ နောက်ဆုံးတော့လည်း ဘာမှမဟုတ်ပါဘူး” တဲ့။ ။

အရှင်သံဝရာလင်္ကာရ

(ဓမ္မပိယဆရာတော်)

၂၀၀၂၊ ၂၀၀၃ အကောက်ခွန်ဂျာနယ်

bwar99.blogspot.com

No comments:

Post a Comment