Sunday, September 30, 2018

#သူတော်ကောင်းဖြစ်ချင်ရင်



#သူတော်ကောင်းဖြစ်ချင်ရင်
••••••••••••••••••
သူတော်ကောင်း ဖြစ်ချင်ရင်
ဒီအချက်တွေနဲ့ ကိုယ့်ကိုကိုယ် အမြဲစီစစ်ပါ"
၁။ ကိုယ့်မှာရှိတဲ့အပြစ်ကို
ဖုံးကွယ်ချင်တဲ့သဘောထား ရှိ/မရှိ
၂။ ကိုယ့်မှာမရှိတဲ့ဂုဏ်ကို
ချီးမွမ်းခံချင်တဲ့စိတ် ရှိ/မရှိ
၃။ ကိုယ့်မှာ သဒ္ဒါတရားမရှိပဲ
ရှိသယောင်ပြချင်တဲ့စိတ် ရှိ/မရှိ
၎။ ကိုယ့်မှာ သီလမရှိပဲ
ရှိတယ်လို့ အထင်ခံချင်တဲ့စိတ် ရှိ/မရှိ
၅။ ကိုယ့်မှာ ပညာမရှိပဲ
ရှိတယ်လို့ အထင်ခံချင်တဲ့စိတ် ရှိ/မရှိ
ဒါတွေဟာ သူတော်ကောင်းဖြစ်ချင်သူများအနေနဲ့
ကိုယ့်ကိုကိုယ် အမြဲစီစစ်ရမယ့် အချက်တွေပဲဖြစ်ပါတယ်..
(ပါချုပ်ဆရာတော်ကြီးDr.နန္ဒမာလာဘိဝံသ)
Credit.... ohmarshin
©©©©©©©©©©©©©©©

"ကြောက်လန့်ဖွယ်ရာ ဝဋ်ကြွေးကြမ္မာ"


"ကြောက်လန့်ဖွယ်ရာ ဝဋ်ကြွေးကြမ္မာ"
••••••••••••••••••••••••••••••••••
မြတ်စွာဘုရားလက်ထက်တော်က
သာဝတ္ထိပြည်သားတစ်ယောက်
မြတ်စွာဘုရားသာသနာတော်မှာ ဝင်ပြီး
ရဟန်းပြုပါတယ်။ သူ့နာမည်က
အရှင်တိဿလို့ခေါ်ပါတယ်။
ရဟန်းပြုပြီးတော့ သီလ၊ သမာဓိ၊
ပညာ အကျင့် တွေကို..
ကောင်းမွန်စွာကျင့်ကြံပါတယ်။
နောက်ကာလအတန်ကြာတော့
သူ့မှာ အနာရောဂါတွေပေါ်လာတယ်။
အစမှာတော့ မုန့်ညှင်းစေ့လောက် အဖုလေးတွေ ပေါ်လာတယ်။နောက် တဖြည်းဖြည်းနဲ့ပဲ ကုလားပဲလုံးလောက် စားတော်ပဲလုံးလောက် ဆီးစေ့လောက် ဆီးဖြူသီးလောက် ဥသျှစ်သီးမှည့်လောက် အဖုလုံးကြီးတွေဖြစ်လာပြီး ပေါက်ကွဲကြတယ်။ တစ်ကိုယ်လုံးမှာ အပေါက်အပေါက်တွေဖြစ်နေတယ်။ အဲဒီလိုဖြစ်ပြီး တစ်ကိုယ်လုံး ပုပ်နေ လို့ သူကို ပူတိဂတ္တတိဿလို့ ခေါ်ကြတယ်။
သူ့မှာ အရိုးတွေဆွေးမြေ့ပြီး ကျိုးကုန်တယ်။ယခုကာလမှာလည်း တချို့မှာ အဲဒီလို အရိုးတွေ ဆွေးနေတာကိုတွေ့မြင်ကြရမှာပါ။ လက်ကိုကိုင်ပြီးမ..လိုက်ရင် အဲဒီအရိုးက ကျိုးသွားသတဲ့။ ခြေကို မ..လိုက်ရင်လည်း ခြေရိုးက ကျိုးသွားသတဲ့။ဒါကြောင့် ဒီလို လူမမာကို မကိုင်ဝံ့၊ မ..မ..ဝံ့နဲ့ ဆွေးမျိုးတွေက ဘယ်လိုမှ မပြုနိုင်ဘဲ မျက်ရည်စက်လက်နဲ့ ကြည့်နေကြရတယ်လို့ဆိုပါ တယ်။
အဲဒီ ပူတိဂတ္တတိဿမထေရ်မှာကျတော့လည်း သူ့တပည့်တွေ မပြုစုနိုင်ကြတော့ဘူး။ အဝတ်သင်္ကန်း တွေကလည်း သွေးပုပ် ပြည်ပုပ်တွေနဲ့ လူးပေနေတယ်။ ဘယ်သူမှ ပြုစုသူမရှိဘဲ ကိုးကွယ်ရာမဲ့ ဖြစ်နေပါတယ်။ အလွန်ဆိုးရွားတဲ့ အနာရောဂါတွေကို ကြာရှည်ပြုစုရတော့ တာဝန်လေးတတ်ပါတယ်။
 အဲဒီလို ကိုးကွယ်ရာမဲ့ ဖြစ်နေတဲ့အခါမှာမြတ်စွာဘုရားက အဲဒီ ပူတိဂတ္တတိဿမထေရ်ကိုးကွယ်ရာမဲ့ ဖြစ်နေပုံ ရဟန္တာဖြစ်ဖို့အကြောင်း ဥပနိဿယရှိပုံကို မြင်တော်မူတယ်။ကျောင်းစဉ်လှည့်ပြီး ကြည့်ရှု့တဲ့အနေအားဖြင့် အဲဒီ နေရာကို ကြွသွားတော်မူပါတယ်။
မီးတင်းကုပ်မှ ရေနွေးတည်ပြီး ရေနွေးပူအောင် စောင့်နေတော်မူတယ်။ ရေနွေးတဲ့အခါ အဲဒီပူတိဂတ္တတိဿရဟန်းရဲ့ ခုတင်ညောင်စောင်းကို မ..ပြီး ရွှေ့ထိုင်ဖို့ ကိုင်တော်မူတယ်။ အဲဒီအခါ အနီးအပါးမှာရှိတဲ့ ရဟန်းတွေက “ဖယ်တော်မူပါဘုရား တပည့်တော်တို့ မ..ရွှေ့ပါ့မယ်”လို့ လျှောက်ပြီး မီးတင်းကုတ်သို့ယူလာကြပါတယ်။
မြတ်စွာဘုရားက ရေစည်ပိုင်းကိုယူပြီးတော့ ရေနွေးထည့်ပြီး အဲဒီရဟန်း တွေကို ပူတိဂတ္တတိဿရဲ့ ဧကသီကို ရေနွေးနဲ့ဆုတ်ခွာပြီး လျှော်စေတယ်။ လျှော်ပြီးနေလှမ်းစေတယ်။ အဲဒီ အတောအတွင်း မြတ်စွာဘုရားက အနီးအပါးမှာ ရပ်တော်မူကာ ပူတိဂတ္တတိဿရဲ့ ကိုယ်ကို ရေနွေးနဲ့ ဆွတ်ပြီး ရေချိုးပေးစေတယ်။
နေလှမ်းထားတဲ့ ဧကသီခြောက်တဲ့အခါ အဲဒီဧကသီကို ဝတ်စေပြီးတော့ သင်းပိုင်ကို ရေနွေးနဲ့ လျှော်စေပြီး နေပူမှာလှမ်းထားစေတယ်။ အဲဒီသင်္ကန်းခြောက်တဲ့အခါ အဲဒီသင်းပိုင်ကို ဝတ်စေတယ်။ ဧကသီကို ရုံစေတယ်။အဲဒီအခါ ပူတိဂတ္တတိဿမထေရ်ဟာ သက်သာရာရပြီး စိတ်တည်ငြိမ်စွာနဲ့ ခုတင်ပေါ်မှာ လျောင်းနေတယ်။
မြတ်စွာဘုရားက ပူတိဂတ္တတိဿရဲ့ ခေါင်းရင်းက ရပ်တော်မူလျှက် တရားဟောတော်မူပါ တယ်။ခန္ဓာကိုယ်ကြီးရဲ့ အပြစ်ပြတရားတွေကိုဟောတော်မူတာပါ။ ထိုနောက်အနာရောဂါဖြစ်နေချိန်မှာအားကိုးရမည့်အရာမှာတရားသာလျှင်ဖြစ်ကြောင်းဟောတော်မူပါတယ်။
 ပူတိဂတ္တမထေရ်ကလည်း တရားကို နှလုံးသွင်းမှု အခြေခံက ရှိနေတဲ့အတွက် မြတ်စွာဘုရားတရားတော်ကိုနား နေရင်းဝိပဿနာဥာဏ်အစဉ်အတိုင်းတက်ပြီး အရဟတ္တဖိုလ်သို့ ရောက်သွားပါတယ်။ ရဟန္တာဖြစ်ပြီး မကြာခင် မှာပဲ ပရိနိဗ္ဗာန်စံတော်မူပါတယ်။
မြတ်စွာဘုရားရှင်က သူ့အလောင်းကို မီးသဂြိုလ်စေပြီး အရိုးဓာတ်တော်ကို စေတီတည်စေပါတယ်။အဲဒီလိုစေတီတည်ပြီးနောက် ရဟန်းတော်များက ပူတိဂတ္တတိဿမထေရ်ဟာ ဘယ်မှာဖြစ်သလဲလို့ မေး လျှောက်ကြတယ်။
ပရိနိဗ္ဗာန်စံသွားတဲ့အကြောင်း မြတ်စွာဘု၇ားက မိန့်တော်မူတဲ့အခါ “ရဟန္တာ ဖြစ်ဖို့ အကြောင်း ဥပနိဿယရှိပါလျှက် သူ့ကိုယ်ဟာ အဘယ့်ကြောင့် အနာတွေ ပေါက်ပြီးပုပ်ရပါသလဲ။ သူ့အရိုးတွေ ဘာကြောင့် ကျိုးရပါသလဲ။ဘာကြောင့် ရဟန္တာဖြစ်ရပါလဲ”လို့ မေးလျှောက်ကြပြန်တယ်။ အဲဒီအခါ မြတ်စွာဘုရားက ဒီလိုဖြေကြားတော်မူပါတယ်။
 ပူတိဂတ္တတိဿမထေရ်ရဲ့ အလောင်းလျာဟာ ကဿပ မြတ်စွာဘုရားလက်ထက်တော်ကာလက ငှက်မုဆိုး ဖြစ်ခဲ့တယ်။ငှက်တွေကိုသတ်ပြီး ရောင်းစားခဲ့တယ်။ တစ်နေ့တည်းရောင်းလို့မကုန်နိုင်မည့် ငှက်များကို မသတ် သေးဘဲ အတောင်ချိုးထားတယ်။ ခြေကိုချိုးထားတယ်။
ဟိုတုန်းက အအေးခန်းတို့ ရေခဲစိမ်တို့ဆိုတာ ရှိပုံမပေါ် ပါဘူး။ဒါကြောင့် ပုပ်ပျက်မကုန်အောင် အရှင်အတိုင်း ချိုးဖဲ့ပြီး သိမ်းဆည်းထားတယ်။ ယခုကာလမှာလည်း ငှက်တွေကို မသတ်သေးဘဲ ဒီလိုနှိပ်စက်ပြီး လှောင်ထားတာတွေ၊ကြက်တွေ ဘဲတွေ ဝက်တွေ၊ငါးတွေကို မသတ်သေးဘဲ လှောင်ထားတာတွေကို ရှိတယ်ဆိုတာအားလုံးသိကြမှာပါ။
အဲဒီလိုငှက်တွေကို လိမ်ချိုးပြီး နှိပ်စက်ခဲ့ သတ်ခဲ့တဲ့အတွက် ငရဲမှာ ကြာမြင့်စွာ ဆင်းရဲဒုက္ခခံခဲ့ရပြီးတော့ အဲဒီကံကြွင်းကြောင့် လူဖြစ်တဲ့အခါမှာ လည်း အနာရောဂါများခဲ့ရတယ်။
 ယခုဘဝမှာလည်း အဲဒီနှိပ်စက်မှု အကုသိုလ်ကြောင့်အနာတွေပေါက်ပြီး တစ်ကိုယ်လုံး ပုပ်ရတယ်။ အရိုးတွေ လည်းကျိုးရတယ်။ နောက်ဆုံး အဲဒီငှက်မုဆိုးဖြစ်စဉ်က တစ်နေ့သော အခါ သူ့အိမ်ကို ကြွရောက်လာတဲ့ ရဟန္တာ အားသူစားဖို့ ချက်ထားတဲ့ ငှက်သားဟင်းနှင့်ဆွမ်းကို လောင်းလှူပြီးတော့ အရှင်မြတ်တို့ သိမြင်တဲ့ တရား၏ အပြီးဆုံးသို့ ရောက်ပါစေလို့ ဆုတောင်းခဲ့တယ်။
အဲဒီဆွမ်းအလှူဒါနကြောင့် တောင်းခဲ့တဲ့ဆုနဲ့အတူ ဒီဘဝမှာ တရားအားထုတ်လိုက်တော့ ရဟန္တာဖြစ်ကြောင်းကို ဟောတော်မူပါတယ်။
ဒီဝတ္ထုမှာ အနာရောဂါတွေအကြီးအကျယ်ဖြစ်ပြီး တစ်ကိုယ်လုံး ရစရာမရှိအောင် ပုပ်ရတယ်။ အရိုးတွေလည်း ကျိုးရတယ်ဆိုတာ "ညှဉ်းဆဲသူကား အနာများ"ဆိုတဲ့ အကုသိုလ်အကျိုးတရားရဲ့ သက်သေသာဓကပါပဲ။
 ဒါကြောင့် အားလုံးသော သူများလည်း ထိုသို့သော ဝဋ်ကြွေးများမှ လွတ်ကင်းအောင် "သူတစ်ပါးကို ကိုယ်ချင်းစာ သနားငဲ့ညှာ မညှဉ်းဆဲဘဲ ရှောင်ကြဉ်အားထုတ်စေလိုကြောင်း" ရေးသားတင်ပြလိုက် ပါသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒတစ်လုံးတစ်ဝတည်းပြည့်စုံကြပါစေ။
အရှင်ဝိမလဝံသ
(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

လူတိုင်း လူတိုင်း ရှိတဲ့ ဒုက္ခမျိုးနဲ့ ကြည့်ပေးပါ



လူတိုင်း လူတိုင်း ရှိတဲ့ ဒုက္ခမျိုးနဲ့ ကြည့်ပေးပါ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
(တရားရှုမှတ်နည်း)

★ ပြဿနာကို လက်ခံတဲ့အခါမှာ ဟိုဘက်ဒီဘက် သွားပြီးတော့ အပြစ်မတင်နဲ့။ အပြစ်တင်ရုံနဲ့ ပြဿနာ ပြေလည်သွားတယ်ဆိုရင် ငါးမိနစ်အတွင်းပြေသွားမှာပေါ့။ ထိုင်ပြီးတော့ တနိုင်ငံလုံးကို အပြစ်တင်လိုက် ပြီးသွားတာပဲ လွယ်လွယ်လေးပဲ။ That is not solution. အဲဒါ အဖြေမဟုတ်ဘူး။

★ အပြစ်တင်တယ်ဆိုတဲ့နေရာမှာ အများစုကတော့ ဒေါသနဲ့ အပြစ်တင်တာ မကြိုက်တဲ့ စိတ်နဲ့ အပြစ်တင်တာ။ ပထမဆုံး ဒေါသကို ဖြေရှင်းချင်တာ ဒါပေမဲ့ ဒေါသဖြေရှင်းချင်တဲ့စိတ်က သူက စိတ်ဖိတ်စီးမှု ဖြစ်သွားတယ်၊ သူက pressure ဖြစ်သွားတယ်။ အဲ pressure နဲ့ လူက လမ်းလွဲသွားကြတယ်။ ဒေါသဘက်ကို ရောက်သွားတယ်။ အဲဒါနဲ့ negative comments တွေ ဘာတွေဖြစ်သွားတယ်။

🍃 “သဘောထားအမြင် မှန်ကန်ရမယ့် I notice” အဲဒါကို ဘာပြောလဲဆိုရင် Mindfully notice, Mindful notice သတိအခြေခံတဲ့ သဘောထားအမြင်၊ သတိအခြေခံတဲ့ attitude. 

🧘🏿‍♀️🧘🏿‍♂️ အခု တရားထိုင်မယ်။ တရားကို ၁၀-မိနစ်လောက်ထိုင်မယ်။

🧘🏿‍♂️ ထိုင်တဲ့အခါမှာ ခန္ဓာကိုယ်က နာကျတာလေးတွေပါမယ် ခန္ဓာကိုယ်က ပင်ပန်းတာလေးတွေ ပါမယ်။ ခန္ဓာကိုယ်က ပင်ပန်းတာလေး တွေ့ရင် အဲခန္ဓာကိုယ် ပင်ပန်းတာလေးကို... 

🧘🏿‍♀️လူတိုင်း လူတိုင်း ရှိတဲ့ ဒုက္ခအနေနဲ့ ကြည့်ပေးပါ။ လူတိုင်း လူတိုင်း ရှိတဲ့ ဒုက္ခမျိုးနဲ့ ကြည့်ပေးပါ။ 

★ ဒါ ဒုက္ခပဲ လူတိုင်းရှိတယ်။ ဒုက္ခဆိုတာက #ဒုက္ခ၊ လက္ခဏာရေး သုံးပါးထဲမှာ ပါတဲ့။ ဒုက္ခ လူတိုင်းရှိတယ်ဆိုတာက#အနတ္တ - လူတိုင်းရှိတယ်။ 

🧘🏿‍♂️ နောက် စိတ်လွင့်တယ် ဆိုရင်လည်း.... 

⚠️ စိတ်လွင့်တဲ့ဒုက္ခ လူတိုင်းရှိတယ် ဒီလို ကိုယ့်ကိုယ်ကို သတိပေးပါ။ 

★ အဲလို မဟုတ်ရင် ဒီဖြစ်ပေါ်လာတဲ့ ဝေဒနာကို သွားပြီးတော့ ရန်ဖြစ်မယ်၊ ဝေဒနာနဲ့ ရန်ဖြစ်မယ်၊ လွင့်နေတဲ့ စိတ်နဲ့ ရန်ဖြစ်မယ်။ 

🧘🏿‍♂️ ၀င်လေ ထွက်လေ ရှုရှိုက်ပါ၊ ဖောင်းတယ် ပိန်တယ် ရှုရှိုက်ပါ။ အဲဒီအခါမှာ ဖောင်းတယ် ပိန်တယ် ဘာကြောင့် ရှုတာတုန်း။ တချို့ကတော့ အရာတစ်ခုခုကို ရချင်လို့၊ ဒါလေး ရတာကို တစ်ခုခုကိုလိုချင်လို့။

🙏 တရားထိုင်တာ မြတ်စွာဘုရားက..

 ရဖို့အတွက် တရားထိုင်ခိုင်းတာ မဟုတ်ဘူး၊ 
 စွန့်နိုင်ဖို့အတွက် ထိုင်ခိုင်းတာ။ 

“စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော”

🔺 နိရောသစ္စာက စွန့်ခိုင်းတာ။ ဒီ attitude ရှိရမယ်၊ အမြင်ရှိရမယ်။

🧘🏿‍♂️ ဒါကြောင့် သက်သက်သာသာထိုင်ပြီးတော့ ၀င်လေထွက်လေ ကြည့်ပါ။ ဖြစ်ပေါ်လာတဲ့ ဝေဒနာကို လိုလိုလားလား သွားပြီးတော့ ကြည့်ပါ။ ကြည့်တဲ့အခါမှာ ဝေဒနာကို ဝေဒနာနဲ့ သွားရန်ဖြစ်နေလား? ဒါဆို ကိုယ်ရဲ့ attitude, perception ကမမှန်သေးလို့။

★ ဝေဒနာကို လူတိုင်းရှိတဲ့ ဒုက္ခအနေနဲ့ မြင်လိုက်ပါ။ မြင်ပြီးတော့ ဒုက္ခအနေနဲ့ လက်ခံလိုက်ပါ။ 

🧘🏿‍♀️ လူတိုင်း ဖြစ်တဲ့ ဝေဒနာ... 
လူတိုင်းဖြစ်တဲ့ ဝေဒနာ ဖြစ်နေပြီ၊

🧘🏿‍♀️ လူတိုင်းဖြစ်တဲ့ စိတ်ပျံ့လွင့်မှု ဖြစ်နေပြီ၊

🧘🏿‍♀️ လူတိုင်းဖြစ်တဲ့ automatic thought, 
auto thought အလိုအလျောက်အတွေး ဖြစ်နေပြီ။ 

★ အဲလို Notice လုပ်လိုက်လို့ အဲလို မှတ်လိုက်လို့ စိတ်ထဲမှာ ဘာဖြစ်သွားတုန်း စိတ်ပျက်သွားတယ်။ စိတ်ပျက်တာ ဒီလိုပဲ... 

🧘🏿‍♂️ လိုချင်တာမရလို့ ဖြစ်တတ်တဲ့ 
စိတ်ပျက်မှု ဖြစ်နေပြီ...

🧘🏿‍♂️ လိုချင်တာမရလို့ ဖြစ်တတ်တဲ့ 
လူတိုင်းဖြစ်တတ်တဲ့ စိတ်ပျက်မှု ဖြစ်နေပြီ... 

🧘🏿‍♂️ လိုချင်တာမရလို့ လူတိုင်းဖြစ်တတ်တဲ့ 
စိတ်ပျက်မှု ဖြစ်နေတယ်။ 

★ အဲဒီ စိတ်ပျက်မှုလေးကို ခံစားကြည့် သတိတရားလေးနဲ့ ခံစားကြည့်။ 

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ
🙏🙏🙏 

“တို့လူသားများ ဒီထက်ပိုစွမ်းတယ် (၁) – Human Beings are more capable than this (၁.၆.၂၀၁၈)” တရားတော် ပထမပိုင်းမှ ရေးသားပူဇော်ပါသည်။
Photo @ U.K. New meditation center

Transcribed #ThazinHtike

" မိမိကိုယ်ကို တည်ဆောက်မယ် "


" မိမိကိုယ်ကို တည်ဆောက်မယ် "
••••••••••••••••••••••••••••••••••••
တစ်ခါတုန်းက မြတ်စွာဘုရားရှင်ဟာ ရာဇဂြိုလ်ပြည် ၊ ဝေဠုဝန်ကျောင်းမှာ သတင်းသုံး နေပါတယ် ၊ ညချမ်းရောက်တော့ ရှင်ရာဟုလာ သီတင်းသုံးရာ သရက်ဥယျာဉ်ကို ကြွတော်မူတယ် ။
ရှင်ရာဟုလာက မြတ်စွာဘုရား အတွက် နေရာခင်းခြင်း ၊ ခြေဆေးပေးခြင်းများ ပြုပါတယ် ၊ မြတ်စွာဘုရားက ရှင်ရာဟုလာ ခင်းထားတဲ့ နေရာမှာ ထိုင်တော်မူပြီး " တရားစကား သြဝါဒ " ပေးတော်မူတယ် ။
----------------------------------------------
ချစ်သားရာဟုလာ ၊ အလုပ်တစ်ခုကို လုပ်တော့မယ် ဆိုရင် . . .
-မလုပ်ခင် စဉ်းစားလိုက်ပါဦး ၊
-လုပ်ဆဲမှာလည်း စဉ်းစားလိုက်ပါဦး ၊
-လုပ်ပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး ၊
-မိမိလုပ်မယ့်အလုပ်ဟာ မိမိ ၊ သူတပါး ထိခိုက်နိုင်တယ် ဆိုရင် မလုပ်ပါနဲ့တော့ ၊
ချစ်သားရာဟုလာ ၊ အပြောတစ်ခုကို ပြောတော့မယ် ဆိုရင် . . .
-မပြောခင် စဉ်းစားလိုက်ပါဦး ၊
-ပြောဆဲမှာလည်း စဉ်းစားလိုက်ပါဦး ၊
-ပြောပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး ၊
-မိမိ ၊ သူတပါး ထိခိုက်နိုင်တယ်ဆိုရင် မပြောပါနဲ့တော့ ။
ချစ်သားရာဟုလာ ၊ အတွေးတစ်ခုကို တွေးတော့မယ် ဆိုရင်လည်း. . . .
-မတွေးခင် စဉ်းစားလိုက်ပါဦး ၊
-တွေးဆဲမှာလည်း စဉ်းစားလိုက်ပါဦး ၊
-တွေးပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး ၊
-မိမိ ၊ သူတပါး ထိုက်ခိုင်နိုင်တယ်ဆိုရင် မတွေးပါနဲ့တော့ ၊
မြတ်စွာဘုရားရှင်က ကံသုံးပါးကို စင်ကြယ်အောင် လုပ်ဖို့ ဟောပြလိုက်တဲ့အခါ ရှင်ရာဟုလာ ကျေနပ်ပီတိ ဖြစ်သွားတယ် ။
( မဇ္ဈိမပဏ္ဏာသပါဠိတော် -မဟာရာဟုလောဝါဒသုတ် )
-----------------------------------------
အဇာတသတ်မင်းဟာ သာမညဖလသုတ်ကို နာပြီး အဆုံးမှာ သောတာပန် တည်ဖို့ပါ ၊ ဒါပေမယ့် တည်မသွားရှာဘူး ၊ ဘာဖြစ်လို့လဲ ?
မဟာဓနသူဌေးသား လင်မယား နှစ်ယောက်ဟာ ပထမအရွယ် ၊ ဒုတိယအရွယ် ၊ တတိယအရွယ် မှာ တရားအားထုတ်လိုက်ရင် တရားထူး၊ တရားမြတ် ရဖို့ပါ ၊ ဒါပေမယ့် ရမသွားရှာဘူး ၊ ဘာဖြစ်လို့လဲ ?
ကဲ. . . . ဖြေကြည့်ပါဦး ၊
ယျေဘူယျအားဖြင့် ဖြေရင် . . .
-ဒေဝဒတ်ကို ပေါင်းလို့ ၊
-အဖကို သတ်လို့ ၊ လို့ ဖြေရမှာပါပဲ ။
ဒါပေမယ့် . . .မိမိကိုယ်ကိုမိမိ တည်ဆောက်နေတဲ့သူဟာ အဖေကို မသတ်ပါဘူး ၊ ဒါကြောင့် အဖြေကတော့ မိမိကိုယ်ကို မတည်ဆောက်လို့ပါပဲ ။
--------------------------------------------
ဆိုလိုတာက ပါရမီတွေ ဘယ်လောက်ပဲပါခဲ့ပါခဲ့
ဒီဘဝ မိမိကိုယ်ကို မတည်ဆောက်နိုင်ရင် တရားထူး ၊ တရားမြတ်တွေနဲ့ ဝေးသွားရပါတယ် ။ ပါရမီမပါခဲ့သူဆိုရင်တော့ အထူးပြောနေစရာ မလိုတော့ပါဘူး ၊
ပစ္ဆိမဘဝိကပုဂ္ဂိုလ် ဆိုရင်တော့ ပြသနာ မရှိဘူးပေါ့ ၊
ပစ္ဆိမဘဝိကပုဂ္ဂိုလ်ဆိုတာ = ဒီဘဝမှာ ဧကန်မုချ ရဟန္တာ ဖြစ်ရမယ့်သူပါ ။ ဥပမာ အင်္ဂုလိမာလတို့ ၊ သန္တတိ အမတ်ကြီး တို့ပါ ၊
ဒီနေရာမှာ ပုဂ္ဂိုလ်သုံးမျိုး ထွက်လာပါတယ် ၊
၁။ပါရမီ မပါခဲ့သူရယ် ၊
၂။ ပါရမီ ပါခဲ့သူရယ် ၊
၃။ ပစ္ဆိမဘဝပုဂ္ဂိုလ် ရယ် ၊
အဲဒီထဲမှာ နံပါတ်( ၃ ) ပုဂ္ဂိုလ်ပဲ စိတ်ချရပါတယ် ၊ ကျန်နှစ်ယောက်က စိတ်မချရသေးပါဘူး ၊
ဥပမာ . . အဇာတသတ် ၊ တရားထူးရဖို့ ပါရမီပါခဲ့တာပဲ ၊ မိမိကိုယ်ကို မတည်ဆောက် နိုင်တဲ့အတွက် တရားထူးနဲ့ ဝေးခဲ့ရတယ် ၊
ပသေနဒီကောသလမင်းကြီးတို့ ၊ ဝေရဉ္ဇပုဏ္ဏား တို့ကျတော့ မြတ်စွာဘုရားနဲ့ အကြာကြီး တွေ့ရပေမယ့် ပါရမီမပါခဲ့လို့ တရားထူး မရခဲ့ဘူး ။
စာဖတ်သူကော ဘယ်ပုဂ္ဂိုလ်ထဲမှာ ပါပါသလဲ ?
--------------------------------------------
တချို့ အနုပညာသည်တွေ ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားကြတယ် ၊ ဘာဖြစ်လို့လဲ မေးရင် ဆေးချလို့ ၊ အရက်သောက်လို့ ဖြေကြမှာပါ ၊
ဒါပေမယ့် မိမိကိုယ်ကို တည်ဆောက်တဲ့သူဟာ ဘယ်တော့မှ ဆေးမချပါဘူး ၊ အရက် မသောက်ပါဘူး ၊ အဖြေက မိမိကိုယ်ကို မတည်ဆောက်လို့ပါ ၊
ဒါတွေကို ထောက်ပြီး မိမိကိုယ်ကို တည်ဆောက် ခြင်း ဟာ လူတစ်ယောက်ရဲ့ဘဝမှာ သိပ်အရေးကြီးပါတယ် ။
-----------------------------------------
ကျေးဇူးတော်ရှင် သပြေကန်ဆရာတော် ဘုရားကြီးက ပရိတ်ကြီးနိဿယသစ်မှာ " မိမိကိုယ်ကို တည်ဆောက်ဖို့ " အတွက် မဟာရာဟုလောဝါဒသုတ်ကို လက်ကိုင်ထား လိုက်ပါတဲ့ ။
မဟာရာဟုလောဝါဒသုတ် ဆိုတာ . .
အစမှာ ဖော်ပြခဲ့တဲ့ မြတ်စွာဘုရားရဲ့ တရားသြဝါဒ ပါပဲ ။
လိုရင်းအဓိပါယ်က ကံသုံးပါးကို စောင့်ထိန်း လိုက်ဖို့ပါ ၊
တကယ်သေချာ စဉ်းစားကြည့်လိုက်ရင် လူတွေဟာ မိုးလင်းကနေ မိုးချုပ်ထိ ဒီကံသုံးပါးနဲ့ ပဲ ဆက်ဆံနေရတာပါ ၊ မိုးလင်းကနေ မိုးချုပ်တောင် မဟုတ်ပါဘူး ။ မသေမချင်း ဆက်ဆံနေရတာပါ ။
လောကမှာ သိက္ခာပုဒ်တွေ ဘယ်လောက်များများ ဒီကံသုံးပါးကို စောင့်ထိန်းလိုက်တာနဲ့ မိမိကိုယ်ကို ဆောက်တည်ပြီးသား ဖြစ်သွားတာပါ ၊
------------------------------------------------
ပုထုဇဉ်ဆိုတာ ကိလေသာ မကင်းသေးတဲ့ အတွက် အကုသိုလ်တွေကို တခါတလေ ပြုမိကြမှာပါ ၊ တကယ်လို့ အကုသိုလ်တစ်ခုခုကို ပြုမိခဲ့ရင်လည်း . . .
နောင်ဘယ်တော့မှ မလုပ်တော့ဘူး ဆိုတဲ့စိတ်နဲ့ စဉ်းစားဆင်ခြင်ရမှာပါ ။
စာမှာ ပြထားတာက အကုသိုလ်တစ်ခုခုကို စဉ်းစားမိပြီး မကောင်းမှန်းသိရင် . . .
ဆရာသမား ၊ ပညာရှိ ၊ မိတ်ဆွေသူငယ်ချင်း ဆီမှာ ဖြစ်ဖြစ် ဖွင့်ဟ ပြောကြားပြီး နောင်ဘယ်တော့မှ မလုပ်တော့ဘူးလို့ စိတ်မွေး ရမှာပါတဲ့ ၊
အဲဒီမှာ တစ်ဦးဦးဆီမှာ မိမိမကောင်းတာ လုပ်ခဲ့တာကို ဖွင့်ဟပြောကြားရမယ် ဆိုတာ
ဖွင့်ဟ ပြောကြားရဲပါ့မလား ?
--------------------------------------------
အဲဒီတော့ စာရေးသူက အကြံပေးပါမယ် ၊
မကောင်းတာ တစ်ခုခုလုပ်ပြီးရင် ဘုရားခန်းထဲ သွားလိုက်ပါ ၊ မြတ်စွာဘုရားကို ဦးချ
" ဘုရားတပည့်တော်သည် ဤသို့သောနည်းဖြင့်
ဒီလိုအကုသိုလ်မျိုးကို နောက်ထပ်တဖန် ဘယ်တော့မှ မပြုတော့ပါဟု ဆိုလိုက်ပါ ၊
ဒါကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီး က အာသီဝိသောပမသုတ် တရားတော်မှာ လူဒေသနာကြား တာလို့ မိန့်ထားပါတယ် ။
ရဟန်းတစ်ပါးပါး မပြစ်သင့်ပြီ ၊ အာပတ်သင့်ပြီ ဆိုရင် ရဟန်းတော်တပါးပါးဆီ သွားပြီး အာပတ် ဖြေရပါတယ် ။
ဒါပေမယ့် လူတွေအနေနဲ့ ကိုယ်အပြစ်တခု ကျူးလွန်တာ အခြားတစ်ယောက်ကို ဖွင့်ဟပြောကြားဖို့ ဆိုတာ တော်ရုံသတ္တိနဲ့ မလွယ်ပါဘူး ။
ဒါကြောင့် ဘယ်သူမှ မရှိတုန်း ဘုရားရှေ့မှာ သွားလျှောက်တာက လူတိုင်း လုပ်နိုင်ကြပါတယ် ။ ဒီနေရာမှာ အဓိက နှလုံးသွင်းရမှာက . . ." နောင် စောင့်စည်းလိုစိတ် " ပါ ။
အပြစ်ကတော့ ပြုမိချင် ပြုမိကြမှာပါ ။ ပြုမိပေမယ့် နှလုံး မသာမယာစိတ် ဖြစ်မနေပဲ မြတ်စွာဘုရားရှေ့မှာ ဖွင့်ဟလျှောက်ထားပြီး နောင်ဘယ်တော့မှ မပြုတော့ဘူး လို့ " အဓိဋ္ဌာန် လိုက်ရမှာပါ "
ဘာပဲပြောပြော ပစ္ဆိမဘဝိကပုဂ္ဂိုလ် ( ရဟန္တာ ) မဟုတ်သေးဘူး ဆိုရင် ဘယ်သူမှ စိတ်မချရသေးဘူး ဆိုတာကိုတော့ ရင်ထဲကို အသေ ထည့်ထားလိုက်ဖို့ပါပဲ ။
ကျမ်းကိုး
ပရိတ်ကြီးနိဿယသစ် ၊ အတ္တသမ္မာဏိသစ် ၊ သပြေကန် ဆရာတော် ။
ရဝေနွယ် ( အင်းမ )
စိတ်ညစ်ရင် ရေချိုးပါ ( စာ-၃၂-၃၉ ) အကျဉ်းအား ကောက်နုတ်ပူဇော်ပါ၏

#သူတော်ကောင်း_နတ်ကောင်းစောင့်တယ်ဆိုတာ


#သူတော်ကောင်း_နတ်ကောင်းစောင့်တယ်ဆိုတာ
__________________________

အရှင်သာရိပုတြာ တပည့်လေးဟာ တရားထိုင်နေုတုန်း အနာဂါမ်ဖြစ်ပြီး ရဟန္တာဖြစ်ခါနီးမှာ ရှင်သာရိပုတြာက အပြင်က ဆွမ်းခံပြန်လာခဲ့တယ်။ ကျောင်းထဲဝင်လိုက်တာနဲ့ ကိုရင်လေးဟာ သမာဓိပျက်ပြီး ရဟန္တာမဖြစ်နိုင်တော့ဘူး။
အဲဒါကို ဘုရားရှင်က သိတော်မူတယ်။

ဒါ့ကြောင့် ဘုရားရှင်ဟာ ရှင်သာရိပုတြာ ကျောင်းထဲ မရောက်ခင် တံခါးဝမှနေ၍ စောင့်ပြီး
အရှင်သာရိပုတြာနဲ့ စကားပြောဆိုပြီး အချိန်ဆွဲထားခဲ့တယ်။

ဘုရားရှင်ရဲ့အကြံတော်ကို သိတော့ သိကြားမင်းကလည်း
ကိုရင်လေး တိတ်ဆိတ်စွာ တရာကျင့်ဖို့အတွက်
ခြင်္သေ့အယောင်ဆောင်ပြီး ကျောင်းနားကနေ အခြားတိရစ္ဆာန်တွေ မလာနိုင်အောင် စောင့်ပေးတယ်။

နောက်ပြီး မွန်းတည့်ချိန် ရောက်ခါနီးတဲ့အတွက် ကိုရင်လေး ရဟန္ထာဖြစ်ပြီး ဆွမ်းမစားရမှာစိုးလို့ နေနတ်သားကလည်း နေလုံးကို ဖမ်းဆုတ်ပြီး
မွန်းမလွဲအောင် တားထားတယ်။

ကိုရင်လေး ရဟန္တာဖြစ်သွားတော့မှ
ဘုရားရှင်က အသင့် တပည့်လေးကို ဆွမ်းသွားကျွေးလိုက်ဦး
ဆာနေပြီ ဆိုပြီး လွှတ်လိုက်တယ် ။
ကိုရင်လေးလည်း ဆွမ်းစားတယ်
ဆွမ်းစားပြီးတော့မှ နေနတ်သားကလည်း နေကိုလွှတ်လိုက်တယ်။

ချက်ချင်းကြီး မွန်းလွဲသွားတဲ့အတွက် အခြားရဟန်းတွေက မေးလျှောက်တော့မှ
ဘုရားရှင်က အဲဒီဇာတ်ကြောင်းကိုဟောတော်မူပြီး
သူတော်ကောင်းအလုပ်ကိုလုပ်လျှင် နတ်တွေ
မကူညီ၍ မရကြောင်း ဟောကြားခဲ့ပါတယ်။

တကယ်တော့ နတ်ပြည်နတ်လောကမှာ
နတ်သဘင် အစည်းအဝေးတွေ ကျင်းပတယ်
ဆိုတာ လူ့ ပြည်က တရားအားထုတ်တဲ့ သူတော်ကောင်းတွေကို စောင့်ရှောက်ဖို့  ..
သာသနာတော်အတွက် ပေးဆပ်နေသူတွေကို ကာကွယ်ဖို့  စောင့်ရှောက်ဖို့

့အထက်နတ်မင်းကြီးတွေကနေ
အောက်နတ်တွေအထိ အဆင့်ဆင့်စောင့်ရှောက်ဖို့
့ခွဲတမ်းချ တာဝန်ပေးခြင်းအမှုတွေကိုပြုတာပါပဲ။

တရားကျင့်နေသူ သို့မဟုတ် သာသနာတော်အတွက် ပေးဆပ်နေသူတွေဟာ ဒုက္ခရောက်နေပြီဆိုရင်
မိမိနိုင်​သလောက်ကူညီရတယ် ။
မကူညီရင် အနီးနားက အောက်နတ်တွေဟာ အထက်နတ်မင်းကြီးတွေရဲ့ ဒဏ်ခတ်ခြင်းကို ခံရတယ်။ ဒါ့ကြောင့် သူတို့ တွေဟာ သူတော်ကောင်းတွေကို ဥပေက္ခာပြုလို့ မရဘူး သူတော်ကောင်းတွေ ဘာလိုလဲ ဆိုတာ အမြဲ စောင့်ကြည့်နေရတာ။

ီဒီကိစ္စကို တောထဲမှာ တရားကျင့်နေတဲ့ ဆရာတော်တွေကို လေ့လာကြည့်ရင်သိနိုင်တယ် ဆရာတော်ကြီးအချို့ ဆိုရင် စိတ်ထဲမှာ ဘာမှကို မကြံရဲပါလား လို့ တောင် မှတ်တမ်းတွေမှာ
တွေ့ ရပါတယ် ဝေဘူဆရာတော်ဘုရားကြီးဆိုရင်
"ဒို့ များ စမ်းကြည့်တာ မှန်တယ်ဗျာ" တဲ့။

သစ်ပင်ရှိရင် ဆွမ်းရှိတာပဲလို့ သစ်ပင်တွေအောက် ဆွမ်းခံတာ ဆွမ်းရကြောင်းစမ်းသပ်ပြီး မိန့်ဆိုဘူးတယ်။

Credit:Aung Naing Naychi

ပြန်​လည်​မျှ​ဝေပါသည်​။
🙏ဓမ္မမိတ်​​ဆွေများ ​ကောင်းကျိုး တရား တိုးပွားကြပါ​စေ🙏

Share& Save & Copy.