ရေခဲမြစ်ဖြစ်သွားသောမျက်ရည်
=====================
=====================
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် ကျမဆုလေးတစ်ခုပဲတောင်းချင်တယ်။ တစ်ခြားတော့မဟုတ်ပါဘူး။ ဖြစ်လေရာဘ၀ အဖေတို့ အမေတို့ နဲ့ စောစောစီးစီး သေကွဲမကွဲပါရစေနဲ့။ အကိုကြီးနဲ့လည်း ရှင်ကွဲမကွဲပါရစေနဲ့လို့။ ဒါတစ်ခုတည်းသော ကျမရဲ့ ဆုတောင်းပါ။
ကျမငယ်ဘ၀ကို မှတ်မိသေးတယ်။ အရမ်းဆိုးတဲ့ ကောင်မလေးတစ်ယောက် ပေါ့။ ကျမလိုတာမရရင် ခြေချင်းပွတ်ပြီး ဆန္ဒပြတာ။ ခြေဖမိုးကသွေးတွေထွက်လာ တဲ့အထိပဲ။ စွာလည်းစွာတယ်။ အကိုကြီးကို မနိုင်ရင် ကျမ လက်သည်းနဲ့ကုတ်ဖဲ့ပြစ် တတ်တယ်။ ကျမငိုခါမှငိုရော အရှုံးတော့တစ်ခါမှမပေးဘူး။ အကိုကြီးက ငယ်ငယ်က ကျမကို မချစ်ပါဘူး။ အမြင်ကပ်တာ။ ကျမကလည်းဆိုးတာကိုး။
ကျမလေ တကယ်တော့ အကိုကြီးကိုချစ်တယ်။ ဟိုးငယ်ငယ်လေးတုန်းက အဖေနဲ့ အမေ ရန်ကုန်ကို ပစ္စည်းတက်ဝယ်ကြတုန်း အမေ့ညီမအငယ်ဆုံး အဒေါ်နဲ့ သူ့ယောင်္ကျားကို အိမ်စောင့်ထားခဲ့တယ်။ ကျမက သူငယ်တန်း၊ အကိုကြီးက ၃-တန်း။ တစ်နေ့ကျမတို့ကျောင်းဆင်းတော့ အိမ်မှာ ဦးဦးတို့ ဒေါ်ဒေါ်တို့ကို မတွေ့တော့ဘူး။ ခေါင်းရင်းအိမ်ကပြောတော့ ဦးဦးရဲ့ အဖေ အသည်းအသန်ဖြစ်လို့ ရွာပြန်သွားတယ်တဲ့။ အိမ်သော့ကို ခေါင်းရင်းအိမ်ကပေးတယ်။ အိမ်ထဲရောက်တော့ အကိုကြီးရော ကျမရောငိုရော။ အိမ်မှာ ထမင်းမချက်ရသေးဘူး။ မောင်နှစ်မ ၂ ယောက်ငိုတော့ ခေါင်းရင်းက အဒေါ်ကြီးက ထမင်းလာချက်ပေးတယ်။
အကိုကြီးက ဉာဏ်ကောင်းတယ်။ နောက်နေ့ကစပြီး ၃-တန်းကျောင်းသား လေးက သူ့ဖာသာသူ ထမင်းချက်ရော။ ခေါင်းရင်းက အဒေါ်ကြီးက ချက်ပေးရမလား မေးတော့ အကိုကြီးက သူ့ဖာသာချက်မယ်ပြောလိုက်တာ ကျမသိလိုက်တယ်။ အကိုကြီးကြောင့် ကျမထမင်းမငတ်တော့ဘူးပေါ့။ အကိုကြီးကို ကျမအထင်ကြီးသွား တယ်။ ထမင်းဖန်ဆင်းရှင်ကြီးပေါ့။
ကျမတို့ငယ်ငယ်က အရမ်းပျော်စရာကောင်းတာ။ အဖေရယ်၊ အမေရယ်၊ နောက် မောင်လေးမွေးတယ်။ မောင်နှစ်မ ၃ ယောက် အရမ်းပျော်ဖို့ကောင်းတာ။ အကိုကြီးက စာတော်တယ်လေ။ အမြဲတမ်း ပထမဆုရတယ်။ အကိုကြီးကို ကျမတစ် အား ဂုဏ်ယူတာ။ အဖေက တစ်ခုခု ၀ယ်ပေးတော့မယ်ဆိုရင် ကျမ အကိုကြီးကိုပဲ ၀ယ်ပေးခိုင်းတယ်။ အကိုကြီးက အိမ်မှာ အရေးအကြီးဆုံးလေ။
တစ်ခါက လမ်းထဲမှာနေသွားတဲ့ အမကြီး ၁ ယောက်က ကျမတို့ မောင်နှမ ၂ ယောက်ကို ချော့ပြီး ဘုရားထဲခေါ်သွားတယ်။ ပြီးတော့ ကျမရဲ့ နားဖူးလေးကို ချွတ်ပေးဖို့ပြောတော့ အကိုကြီးက မရဘူး။ မလုပ်ရဘူးလို့ပြောနေတုန်း အမကြီးက ချွတ်ယူပါတော့တယ်။ ကျမနားမှာ သွေးတွေနဲ့ပေါ့။ အကိုကြီးက ငိုပြီး ကျမလက်ကို ဆွဲပြီး အိမ်ကိုပြန်ပြီး အကုန်ပြန်တိုင်တာ။ ကျမကကြောက်နေတာပဲသိတယ်။ အကိုကြီးကတော့ ကျမလက်ကိုဆုပ်ကိုင်ထားပြီး လူကြီးတွေကို ငိုတိုင်နေတာတွေ့ တယ်။ လူကြီးတွေလိုက်တော့ အဲဒီအမကြီးကပြေးပြီ။ ပြန်မရတော့ဘူး။ နားဖူးလေး ၁ ဖက်ပါသွားတယ်။ ဒါပေမဲ့ ကျမကျေနပ်ပါတယ်။ အကိုကြီးက ကလေးလေးရှိသေးပေမဲ့ သူအတတ်နိုင်ဆုံး ကျမကိုကာကွယ်ပေးခဲ့တာပဲ။ သူမကြောက်ဘူး။ ကျမလက်ကို လွှတ်မပေးဘူး။ အကိုကြီးကြောက်ပြေးရင် ကျမသေရင်သေမှာ။ အခုကျမ မသေဘူးလေ။ အကိုကြီးကို ကျေးဇူးတင်ပါတယ်။
သိပ်မကြာဘူး။ ကျမတို့အိမ်မှာ မိုးမှောင်ကျခဲ့တယ်။ အဖေ ဘုန်းကြီးဝတ်သွား တယ်လေ။ ကျမ၀မ်းမနည်းတတ်သေးဘူး။ အမေလည်းရှိတယ်။ အကိုကြီးလည်းရှိ တယ်။ မောင်လေးလည်းရှိတယ်။ ၀မ်းနည်းရမှန်းလည်း မသိသေးပါဘူး။ အဖေ ဘုန်းကြီးဝတ်တာ ကျန်တဲ့သူတွေ ကုသိုလ်ရတယ်လို့ပဲ နားလည်ထားတာ။ အဲဒီတုန်းက ကျမ ၃-တန်းပဲရှိသေးတာ။ အကိုကြီးက ၆-တန်းရောက်နေပြီ။ သူကတော့ အမြဲ ပထမ။ အကိုကြီးကို ကြည့်ပြီး ၀မ်းသာစိတ်နဲ့ အိမ်ကကိစ္စကိုတောင် နားမလည်တတ်ခဲ့ပါဘူး။
နောက် ကျမ ၆-တန်းအရွယ်၊ အကိုကြီးက ၉-တန်းအရွယ်မှာ အမေနောက်အိမ်ထောင်ပြုတော့မယ်လို့ သိလိုက်ရတယ်။ အကိုကြီးအသည်း အသန်ငိုတယ်။ ကျမလည်း ရောငိုတာပေါ့။ သိပ်တော့နားမလည်ပါဘူး။ အမေ နောက်အိမ်ထောင်ပြုတာ ဘယ်လိုဟာလဲ ကျမ သိပ်မှနားမလည်တာ။ အကိုကြီးက နားလည်တော့ ပြင်းပြင်းထန်ထန် ကန့်ကွက်နေတယ်။ အမေက အကိုကြီးနဲ့ ကျမကို ကျမနာဖူးလေး ပါသွားဖူးတဲ့ ဘုရားထဲခေါ်သွားပြီး သူဘာလို့ အိမ်ထောင်ပြုရ ကြောင်း ရှင်းပြတယ်။ အကိုကြီးက ဘယ်လိုရှင်းရှင်းမရဘူး။ အိမ်ကထွက်သွားမယ် ပဲပြောနေတာ။ ကျမ အမေအိမ်ထောင်ပြုမှာမလို့ငိုတာလား၊ အကိုကြီးထွက်သွားမှာမို့ ငိုတာလား မသိတော့ပါဘူး။ ကျမလည်း ချုံးပွဲချ ငိုတော့တာပဲ။
အမေချော့တာနဲ့ အကိုကြီးအငိုတိတ်သွားတယ်။ အိမ်ပြန်ရောက်ခဲ့ကြတယ်။ ဘုရားထဲမှာ ကျမတို့ အမေကို ထပ်ဆုံးရှုံးလိုက်ရပြန်တာပေါ့။ ကျမတို့ မောင်နှစ်မတွေ အဲဒီအချိန်မှာ ပိုချစ်လာကြတယ်။ အကိုကြီးက ကျမကိုပို စောင့်ရှောက်တယ်။ ကျမလည်း အကိုကြီးကို ပိုဂရုစိုက်တယ်။ ကျမကို ရည်းစားစာ ပေးခံရတိုင်း အကိုကြီးကို ပေးဖတ်တယ်။ အကိုကြီးက ဘယ်ယောင်္ကျားလေးကိုမှ ရင့်ရင့်သီးသီး ပြန်မပြောနဲ့တဲ့ စာပေးရင် ယူသာယူလိုက်တဲ့။ အဖြေတောင်းရင် ယဉ်ယဉ်ကျေးကျေး ပြန်ငြင်းတဲ့။ ကျမအကိုကြီးပြောတဲ့အတိုင်း တစ်သဝေမတိမ်း နားထောင်တယ်။ ဟုတ်တယ် ကျမကို ရန်ရှာမဲ့သူမရှိတော့ဘူး။
အကိုကြီးက ဆံပင်အရှည်မှ ကြိုက်တယ်ဆိုလို့ ကျမဆံပင်အရှည်ကြီး ထားတယ်။ အကိုကြီးသဘောကျတာမြင်ပြီး ကျမပျော်လိုက်တာလေ။ အဲဒီဆံပင်ကြီးကို ကျမအရမ်းတန်ဘိုးထားခဲ့တာပေါ့။ ကျမအိမ်အပြင် သိပ်မထွက်ဖြစ်ဘူး။ တစ်ခါတစ်ခါ အကိုကြီးက ညီမလေး လမ်းလျှောက် ထွက်ရအောင်လို့ပြောရင် ကျမတို့ မောင်နှစ်မ ၂-ယောက် လမ်းလျှောက် ထွက်ကြတယ်။ ကျမတို့ ၂ ယောက်ကို မမြင်ဖူးတဲ့သူတွေက သမီးရည်းစားတွေ မှတ်လို့ နောက်မထွက်ဖြစ်ကြတော့ဘူး။ အမေက နင်တို့သူများတွေကို ငရဲလိုက်ပေး မနေနဲ့တဲ့။ ကျမတို့ မောင်နှစ်မ ၂ ယောက်ကတော့ လူတွေကို အရူးလုပ်ရတာ ပျော်နေကြတာ။
ဒီလိုနဲ့ အကိုကြီး ၁၀-တန်းအောင်တော့ အဖေက အကိုကြီးကို ကိုရင်ဝတ်ပြီး သူ့ဆီလွှတ်ဖို့ပြောတယ်။ အမေတို့ အကိုကြီးကို ကိုရင်ဝတ်ပေးပြီး ထည့်လိုက် ကြတယ်။ အကိုကြီးဘယ်လိုနေလဲ ကျမမသိပေမဲ့။ ကျမအားငယ်တယ်။ အဖေလည်း မရှိဘူး။ အကိုကြီးလည်း မရှိဘူး။ ကျမတစ်အား အားငယ်ခဲ့တာပေါ့။ ဒါပေမဲ့ အကိုကြီးနဲ့ တစ်ခါတစ်ခါတွေ့ရင် အားငယ်ကြောင်း မပြောဖြစ်ပါဘူး။ အကိုကြီး စိတ်အနှောက်အယှက်ဖြစ်မှာပေါ့။ မောင်လေးလည်းရှိသေးတော့ မောင်နှစ်မ ၂-ယောက်ပျော်ပျော်ပါးပါး မေ့မေ့ပျောက်ပျောက် ဖြစ်အောင် နေလိုက်တယ်။
အကိုကြီး မရှိတဲ့ ကာလတွေ ကျမအိမ်အလုပ်တွေလုပ်ရင်း အချိန်တွေ ကုန်မှန်းမသိကုန်လာတယ်။ အရောင်းအ၀ယ်လည်း လုပ်တတ်လာတယ်။ နယ်တွေဘာတွေ ရောက်တယ်။ အကိုကြီးက စိတ်မချဘူး။ ဒီလိုနဲ့ အကိုကြီး စာသင်တိုက်သွားမယ်လုပ်တော့ ညီမလေး နင်သီလရှင်ဝတ်ပါ။ ငါစိတ်မချဘူး ဆိုတော့ ကျမလေ ပျော်သွားတာပေါ့။ တစ်ချက်မှ မငြင်းပဲ ကျမ သီလရှင် ၀တ်ပစ်လိုက်တယ်။
အကိုကြီးရှိတဲ့လောက၊ အဖေရှိတဲ့လောကပေါ့လေ။ ကျမစိတ်ကူးထဲမှာ ပျော်နေတာ။ လက်တွေ့ကျတော့ ကျမ မျက်ရည်တွေပဲ ရနေပါရော့လား။ ကျမ အံကြိတ်ထားတယ်။ ဆက်လျှောက်မယ်။ အကိုကြီးရှိတယ်။ အဖေရှိတယ်ဆိုတဲ့ စိတ်နဲ့ ကျမအံတင်းတင်းကြိတ်ထားခဲ့တယ်လေ။ ကျမ ပထမဆုတွေရတယ်။ အကိုကြီးက ကျမအတွက် ဂုဏ်ယူလို့။ ကျမကလည်း အကိုကြီးအတွက် ဂုဏ်ယူလို့ပေါ့။ ခဏလေးသာဖြစ်တဲ့ အပျော်လေးတွေပါ။
အဖေဆုံးပြီတဲ့။ ကျမတို့ မောင်နှမ ၂ ယောက် မော်ကျွန်းကို ပြန်ကြတယ်။ အဖေ့ ပြာပုံဘေးမှာ ကျမ မျက်ရည်မကျခဲ့ဘူး။ အကိုကြီးကိုကြည့်တော့ အံကြိတ် ထားတာတွေ့တယ်။ ကျမငိုစရာမလိုဘူးလေ။ အဖေက သူတော်ကောင်းကြီးဥစ္စာ။ ကောင်းရာရောက်မှာပေါ့။ ကျမက အကိုကြီးလို ချက်ချင်း မခံစားတတ်ဘူး။ ကြာမှ တွေးတွေးပြီး လွမ်းနာကျတတ်တာ။ အကိုကြီးက ခံစားပြီးသွားရင် အကုန်မေ့သွားတတ်တယ်။ ကျမကိုတောင် မေ့ထားဘူးတယ်။ ကျမက ကြာမှကြိတ်ခံစားရတာ။
အကိုကြီး နိုင်ငံခြားထွက်သွားတော့ ကျမဂုဏ်ယူနေတာ။ မကြာပါဘူးလေ။ နာဂစ်ဝင်ပါရောလား။ အမေက သမီးအမွေကို လာယူဆိုလို့ ကျမ မော်ကျွန်းပြန်တော့လေ ရန်ကုန်ရောက်တဲ့နေ့ပဲ နာဂစ်ဝင်သွားပြီ။ ကျမ ရန်ကုန်ကနေ သတင်းစုံစမ်းတယ်။ မော်ကျွန်းကို ရောက်တော့ အမေတို့ ပါသွားပြီတဲ့။ ကျမငိုရမလား၊ ရယ်ရမလား။ ဘာလုပ်ရမလဲ။ ဘာမှကို မသိခဲ့တော့တာပါ။ ဖြစ်သွားပြီးမှတော့ ကျမ မျက်ရည်မကျတော့ဘူး။ မိန်းခလေး သဘာဝ အမေးအမြန်းတွေလုပ်တာပေါ့။ အမေ ကောင်းရာရောက်သွားပြီလို့ ၀င်ပူးလို့သိလိုက်တယ်။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကျမကျေနပ်တယ်။ စိတ်သက်သာရာရသွားတယ်။
ကျမမှာ ဘယ်သူမှမရှိတော့ဘူး။ အကိုကြီးက နိုင်ငံခြားမှာ။ ကျမ အကိုကြီးကို လွမ်းရင်လေ အင်တာနက်ကလဲ မသုံးတတ်တော့ အကိုကြီးရဲ့ တပည့်မလေးကို ချော့ပြီး အကိုကြီးနဲ့ စကားပြောဖို့လုပ်ရတယ်။ တစ်ခါတစ်ခါ ကံကောင်းရင် အကိုကြီးနဲ့ ဗီဒီယိုပြောရတယ်။ ကျမ ၀မ်းသာလိုက်တာလေ။ အကိုကြီးက စိုစိုပြေပြေ နဲ့ ကြည့်လို့အရမ်းကောင်းနေတာ။ ဒါပေမဲ့ အကိုကြီးရဲ့ ဒုက္ခတွေကို ကျမ နားမလည်ခဲ့မိဘူး။ နောင်မှ အမေတို့ နာဂစ်ထဲပါသွားချိန် အကိုကြီး ဘယ်လိုခံစားခဲ့ ရလဲ ကျမသိရတော့တယ်။ အကိုကြီးကို ကျမအရမ်းသနားနေမိတယ်။
အကိုကြီးနိုင်ငံခြားက ပြန်လာတော့မယ်ဆိုတော့ ကျမပျော်လိုက်တာ။ ၀မ်းသာအားရနဲ့ အကိုကြီးဆီ ပိုက်ဆံလှမ်းတောင်းမိတယ်။ ကျမတို့ကျောင်းမှာ ရေရှားပါးတယ်လေ။ အဲဒါ အကိုကြီးကို ရေအတွက် ၅-သိန်းလှမ်းတောင်းတာ။ အကိုကြီးက ငါစီးပွားထွက်ရှာနေတာမဟုတ်ဘူးတဲ့။ နင်တို့ရက်စက်တယ်တဲ့။ ငါဒီမှာ ရှိတာသုံးနေတာတဲ့။ ကျမနားမလည်ခဲ့ဘူး။ အကိုကြီးကို နိုင်ငံခြားမှာဆိုတော့ အဆင်ပြေတယ်ထင်ထားတာလေ။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံခြားမှာနေတာ ငွေရမှာပဲလို့ ထင်ထားတာ။ နောင်မှ အကိုကြီးက ဟိုမှာ မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေတာကိုးလို့ သိလိုက်ရတော့ ကျမရင်နာလိုက်တာလေ။
ကျမ မငိုအားဘူး။ ကျမမှာ တောင်းစရာ အမျိုးမှမရှိတာ။ အကိုကြီးပဲကျန်တဲ့ ဥစ္စာ။ ကျမဘယ်သူ့ကို တောင်းရမလဲ။ ကျမတွေးကြည့်တယ်။ ငါဘယ်သူ့ဆီ တောင်းမလဲပေါ့။ တစ်လောကလုံးမှာ ဘယ်သူမှမှ မရှိပဲ။ အကိုကြီး တာဝန်ရှိတာပေါ့လို့ ကျမထင်ခဲ့မိတယ်။ နောက်မှ ကျမနားလည်သွားတာက အကိုကြီးလည်း ငါ့လိုတောင်းစရာလူမှ မရှိတာလို့သိလိုက်တဲ့အခါ ကျမ အကိုကြီး အတွက်ဝမ်းနည်းမိတော့တယ်။ ဒါပေမဲ့ အကိုကြီးက ကျမကို ပစ်မထားပါဘူး။ နိုင်ငံခြားကပြန်လာတော့ မဖြစ်ဖြစ်အောင် ၅-သိန်းပေးရှာတယ်။ အခုထိ အကိုကြီးဘွဲ့နဲ့ ရေကန်မှာ ကမ္ပည်းထိုးထားဆဲပါ။ ကျမ အကိုကြီးကြောင့် ရေရသွားပြီလေ။ အကိုကြီးကို ကျေးဇူးတင်ပါတယ်။ အကိုကြီးက ရေဖန်ဆင်းရှင်လေ။ ဟိုးငယ်ငယ်တုန်းကလည်း အကိုကြီးက ကျမရဲ့ ထမင်းဖန်ဆင်းရှင်လေ။
ကျမမှာ ဒုက္ခတွေတွေ့ကြုံရပေမဲ့ ကျမလေ ကိုယ့်ဒုက္ခကို မစဉ်းစားအားဘူး။ အကိုကြီး အဆင်မှပြေပါ့မလား။ အကိုကြီး အစားအသောက်ရော ကောင်းကောင်းမှ စားရပါ့မလား အမြဲတွေးပူမိခဲ့တာ။ အကိုကြီး အဆင်ပြေတယ်ဆို ကျမဒုက္ခတွေ အကုန်ပျောက်ကုန်သလိုပဲ။ ဒါပေမဲ့လေ ကျမ အကိုကြီးကို အကြာကြီး တွေ့ချင်တယ်။ ငယ်ငယ်ကလို စကားတွေအများကြီး ပြောချင်တယ်။ အခွင့်မရတော့ဘူး။ အကိုကြီးကပြောတယ် ညီမလေး နင့်ဘ၀ကို နင်လျှောက်တတ်အောင်လျှောက်ပါတဲ့။ ငါ့မှာ နင့်ကိုပူနေရရင် တရားလုပ်လို့ မရဘူးတဲ့။ ကျမကြောက်သွားတယ်။ အကိုကြီး ငါ့ကိုပူနေရရင် တရားအလုပ်ပျက် တော့မှာလားပေါ့။ စဉ်းစားကြည့်တော့ ဟုတ်တာပဲလို့တွေးမိတယ်။ အကိုကြီးလည်း ဘ၀ကို တော်တော်တိုက်ပွဲဝင်ခဲ့ရတယ်။ အကိုကြီးအေးပါစေလေလို့ ကျမဖြေတွေး တွေးပြီး အကိုကြီးကို အေးခွင့်ပေးလိုက်ပါတယ်။ အကိုကြီးကလည်း ကျမအတွက် ထောက်ပံ့ပေးမဲ့ မွေးစားမိဘတွေဆီအပ်လိုက်ပါတယ်။ ကျမကျေနပ်ပါတယ်လေ။ အကိုကြီးက ကျမအတွက် ထမင်းမငတ်အောင် စီစဉ်ပေးခဲ့သေးတာပဲ။ ကျမကျေနပ်တယ်။ တကယ်ကျေနပ်ပါတယ်။ ကျမငိုချင်ပေမဲ့ အကိုကြီး အေးချမ်းနေတယ်ဆိုရင် ကျမမျက်ရည်မကျတော့ဘူး။ အကိုကြီးကို အေးချမ်းစေဖို့ ကျမရင့်ကျက်ပြရမှာပေါ့။ ကျမကျမဲ့မျက်ရည်တွေကို အကိုကြီးရဲ့ အေးချမ်းမှုအတွက် အေးခဲပေးလိုက်ပါတော့မယ်။ မျက်ရည်ချောင်းအဖြစ် မစီးနိုင်တော့ပေမဲ့ ၀မ်းနည်းမှုကတော့ ရေခဲမြစ်အဖြစ် ရွေ့လျားနေရဆဲပါ။
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် ကျမဆုလေးတစ်ခုပဲတောင်းချင်တယ်။ တစ်ခြားတော့မဟုတ်ပါဘူး။ ဖြစ်လေရာဘ၀ အဖေတို့ အမေတို့ နဲ့ စောစောစီးစီး သေကွဲမကွဲပါရစေနဲ့။ အကိုကြီးနဲ့လည်း ရှင်ကွဲမကွဲပါရစေနဲ့လို့။ ဒါတစ်ခုတည်းသော ကျမရဲ့ ဆုတောင်းပါ။
ဝဋ်ကြွေးရှိရင် ဒီဘ၀တင်ကြေပါစေတော့...........................
မျိုသိပ်ခဲ့ရသော ညီမလေးအတွက်
အရှင်သုစိတ္တ (မော်ကျွန်း)
No comments:
Post a Comment