Saturday, September 29, 2018

သာသနာပြု


သာသနာပြု

========

သာသနာ ဆိုတာ ဆုံးမစကားလို့ အဓိပ္ပါယ်ရတယ်။ ဗုဒ္ဓသာသနာဆိုတော့ ဘုရားရှင်ရဲ့ အဆုံးအမစကားပေါ့။

သာသနာပြုတယ်ဆိုတော့ ဘုရားရှင်ရဲ့အဆုံးအမတွေ တည်အောင်ကြိုးစားတာလို့ အဓိပ္ပါယ်ရတယ်။ ဘုရားရှင်ရဲ့ အဆုံးအမစကားတွေမှာ သတ္တဝါတွေကို မိမိရဲ့တစ်ဦးတည်းသောသားကို ချစ်သလိုမျိုး ချစ်ရမယ်လို့ မေတ္တသုတ်မှာ ဟောထားတယ်။

မဟာရာဟုလောဝါဒသုတ်မှာ သူတစ်ပါးကိုဖျက်စီးလိုတဲ့ ဗျာပါဒ ဖျောက်နည်းဟောထားတယ်။ မေတ္တာပွားတဲ့။

သူတစ်ပါးကို ညှဉ်းဆဲလိုတဲ့ ယုတ်မာတဲ့စိတ်ထားကို ပယ်ဖို့ သနားပေးတဲ့ ကရုဏာပွားတဲ့။

မနာလိုလို့ မပျော်နိုင်ဖြစ်နေရင် သူတစ်ပါးအောင်မြင်မှုကို ဝမ်းသာပေးနိုင်တဲ့ မုဒိတာပွားပါလို့ ဟောတော်မူခဲ့တယ်။

ထစ်ကနဲရှိ သူများကို ထိခိုက်ချင် စိတ်ဆိုးချင်တာကို ထိန်းဖို့ လျစ်လျူရှုနေ ဥပေက္ခာပွားတဲ့။

မာနမတက်ဖို့ အနိစ္စသညာ ပွားပေးတဲ့။ မမြဲခြင်းကိုသုံးသပ်မိသူတိုင်း မထောင်လွှားတော့ဘူး။

ဒါအခြေခံ အဆုံးအမတွေပဲရှိသေးတယ်။ ဒါပေမဲ့ ခက်နေတာက သာသနာပြုနေပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီအခြေခံအဆုံးအမလေးတွေကို ဘုရားဘယ်လိုဟောထားတယ်ဆိုတာလေး ကိုတောင် မသိကြဘူး။

သာသနာပြုစကားတွင်တွင်ပြောပြီး မေတ္တာတစ်စက်မှမရှိ။ လူတွေကိုနားလှည့်ပါးရိုက် ဂုတ်သွေးစုပ်။ သူအကျိုးမရှိရင်ဘာမှမလုပ်။ သူ့အတွက်မကျန်ရင် မျက်နှာပျက်။ ဘေးလူတွေကို သာသနာစိတ်မရှိဘူးတို့ ဘာတို့ ပြောပြီးမဲ။ သူကိုယ်တိုင်ကိုက အရိုင်းတုံးကြီး။ သာသနာဆိုတဲ့ စကားလုံးကိုတောင် အဓိပ္ပါယ်တောင်မသိတဲ့သူက အသံကျယ်ကျယ်ဟစ်။ သာသနာပျက်စီးရင် ဘယ်သူကြောင့်မှ မဟုတ်ဘူး။ သူတို့ကြောင့်ပဲ။

သူများဘာသာတွေ သာသနာပြုတာ လူကိုအခြေခံတယ်။ ပညာချို့သူကို ပညာပေးတယ်။ ထမင်းငတ်သူကို ထမင်းကျွေးတယ်။ နေစရာမရှိရင် နေစရာပေးတယ်။ ဝတ်စရာမရှိရင် ဝတ်စရာပေးတယ်။
ဒီကသာသနာပြုတွေကတော့ နင်တို့ကိုဘာလုပ်ပေးမယ် ရွာကဘယ်လောက်ထည့်။ နင်တို့ဒေသ သာသနာထွန်းကားဖို့ ငါအပင်ပန်းခံနေရတာ ဆရာကန်တော့ကြေး ဘယ်လောက်လှူ။ ငါကရေသန့်နဲ့မှချိုးတာ ရေသန့်ရှာဝယ်ပေး။

ကြီးမားလှသော မေတ္တာတရားပါပေပဲ။ လူတွေလည်းအဲဒီ သာသနာပြုတွေရဲ့ အရိပ်ကိုခိုမိပြီး ဖွပ်သထက်မွဲ။ ဘာသာရေးမှိုင်းတွေမိ။ အမြင်တွေပိတ်ကုန်။ အေးချမ်းမှုမရ။ ပူလောင်မှုတွေ အပြစ်တင်မှုတွေပဲရ။ လူတွေအတော်သနားစရာကောင်းပါတယ်။

အဲဒီသာသနာပြုတွေက မြို့ကြီးမှနေချင်တာ။ ထင်ပေါ်တဲ့နေရာမှာမှ ကမ္ပည်းတပ်လှူချင်တာ။ လမ်းကောင်းမှသွားလှူချင်တာ။ ပြည့်စုံနေမှ လှူပါရစေဖြစ်တာ။

ရေမရှိတဲ့နေရာ ရေရအောင် မလုပ်ပေးချင်ဘူး။ လမ်းမရှိတဲ့နေရာ လမ်းမဖောက်ပေးချင်ဘူး။ ရေကန်အသင့် ကြာအသင့်မှ သွားကြစို့ အပျော်ခရီးပဲ။ အဲဒီနေရာလှူမှ အကျိုးတွေ ပိုများသလိုလို။
ဗမာပြည်မတိုးတက်တာ အဲဒီကျပ်မပြည့်တဲ့ အတွေးအခေါ်ပညာရှင်တွေကြောင့်ပဲ။

ဘုရားရှင်ရဲ့အဆုံးအမ တစ်ခုလေးပဲ ပြည့်ုပြည့်ဝဝ ကျင့်ကြည့်ပါ။ အေးချမ်းမှု သာယာမှုတွေချည်းပဲ တွေ့ရမှာပါ။

သာသနာပြုစံကတော့ အဲဒီဒေသ အေးချမ်းသလား ပျော်ရွှင်ကြသလား အချင်းချင်းချစ်ကြသလား။ ဒါပဲကြည့်။ အဲဒါတွေ ပြည့်စုံရင် အဲဒီဒေသ သာသနာတည်နေတာပါပဲ။
မဟုတ်ရင်တော့ သာသနာပျက်နေတာပါပဲ။
စစ်မှန်သောသာသနာပြုနိုင်ကြပါစေ။

မေတ္တာဖြင့်
အရှင်သုစိတ္တ (မော်ကျွန်း)

credit - Ven Thuseikta

No comments:

Post a Comment