Sunday, September 30, 2018

* တရားအဖော် *


* တရားအဖော် *
ဥစ္စာကြောင့်လည်း မာန်မတက်နဲ့။
အာဏာကြောင့်လည်း မာန်မတက်နဲ့။
ရာထူးကြောင့်လည်း မာန်မတက်နဲ့။
ဘွဲ့ပညာကြောင့်လည်း မာန်မတက်နဲ့။
မူလအတိုင်း စိတ်ကောင်းကိုဆက်မွေးပါ။
ပို၍ ပို၍ စိတ်ကောင်းလေးဖြစ်လာအောင် မွန်းမံပါ။
စေတနာကောင်းကောင်းနဲ့ အလုပ်လုပ်ပါ။
အငြိုးအာဃာတတွေ ဖယ်ထုတ်ပါ။
အသက်အရွယ် ရလာလေလေ
တည်ငြိမ် ရင့်ကျက်သူဖြစ်အောင်ကြိုးစားပါ။
အရှင်ရာဟုလာ နှလုံးမူပါ။
အရှင်သာရိပုတ္တရာလို ကျင့်ကြံပါ။
မေတ္တာတရားကို လက်ကိုင်ထားပါ။
ဒေါသဟာ လူကို တိရစ္ဆာန်နဲ့တူစေတတ်ပါတယ်။
လောဘဟာ လူကို ပြိတ္တာနဲ့တူစေတတ်ပါတယ်။
မောဟဟာ လူကို ပညာမဲ့ စွန့်အသူနဲ့တူစေတတ်ပါတယ်။
သင်ရော သင်ချစ်ခင် မြတ်နိုးသူတွေပါ
နောင်နှစ်ပေါင်းတစ်ရာဆိုပါက ဘယ်ဘုံ ဘယ်ဘဝ ဘယ်ဋ္ဌာနမှာ ပြောင်းရွေ့နေထိုင်ကြရမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ပါ။
ကောင်းတဲ့ဘုံ ဘဝကို မိမိတို့ရောက်ရှိရရေးဟာ
မိမိတို့မှာ အပြည့်အဝတာဝန်ရှိပါတယ်။
ကုသိုလ်များများလုပ်ပါ။ စိတ်ကောင်းမွေးပါ။ ပါရမီထိုက်အောင် ကုသိုလ်ပြုပါ။ ပါရမီထိုက်အောင် သည်းခံပါ။ ပါရမီထိုက်အောင် အနစ်နာခံပါ။ ပါရမီထိုက်အောင် စွန့်လွတ် စွန့်စားပါ။ ပရဟိတလုပ်ပါ။ ကိုယ်ကျိုးလုပ်ရင်း အချိန်တွေကို မဖြုန်းတီးပါနဲ့။
ဒီဘဝ ဒီခန္ဓာချည်းပဲ ကျွေးမွေးမနေပါနဲ့။ သံသရာခရီးအတွက် ရိက္ဓာလည်းယူတတ်ပါစေ။ အမြင်မကျဉ်းပါနဲ့။ ကိုယ်ထင်မြင်ထားတဲ့ သမုဒ္ဒရာဆိုတာ တခါတလေ နွားခြေရာခွက်ထဲက ရေဖြစ်နေတတ်ပါတယ်။
သံယောဇဉ်ဟာ အပူလောင်ဆုံး မီးတစ်ခုဖြစ်သလို၊ ဖြတ်တောက်ရခက်တဲ့ ကြိုးတစ်ချောင်းလည်းဖြစ်တယ်။ မလွန်ဆန်နိုင်ပေမဲ့ ရှင်ကွဲ သေကွဲ ကွဲကြတော့ကော လွန်ဆန်ရပြန်တာပဲ မဟုတ်လား။ မလွန်ဆန်နိုင်လို့ သေကွဲ ရှင်ကွဲ မကွဲကွာကြသေးခင် ယခုကတည်းက - သံယောဇဉ်တွေ လျော့ချထားကြပါ။ သံယောဇဉ်တွေ ဖြတ်တောက်ထားကြပါ။ ဒါမှ ကွဲကွာကြရတဲ့အခါ အပူမီးလောင်ခြင်း မခံရတော့ဘူးပေါ့။
လောကထဲရောက်လာသူတိုင်း တရားလက်လွတ်နေရင်တော့
လောကဓံလှိုင်းပုတ်တိုင်း ငိုပွဲ ဆင်နေရမှာပဲ။ စိုးရိမ်ပူပန်နေရမှာပဲ။ ကြောက်ရွံ့ထိတ်လန့် လိပ်ပြာမသန့်ဖြစ်နေရမှာပဲ။
တရားလက်မလွတ်ကြပါနဲ့။
- အတွေးလှဆရာတော် -
~~~~~~~~~~~~~~~~~~~~~~~

No comments:

Post a Comment