Sunday, September 30, 2018

အမ္ဗပါလီ နဲ့ ဝစီကံဝဋ်ကြွေး


အမ္ဗပါလီ နဲ့ ဝစီကံဝဋ်ကြွေး 
°°°°°°°°°°°°°°°°°°°°°°°°°°°°
သိခီ ဘုရားရှင်လက်ထက် သာသနာ့ဘောင်၌… "အမ္ဗပါလီ" ရဟန်းမ ပြုခဲ့စဉ်… တနေ့သော အခါ အဖော် ရဟန်းမ များနှင့်အတူ စေတီတစ်ဆူအား လက်ျာရစ် လှည့်လည်ပူဇော် ဖူးမြော်နေ၏ ။ 
ထိုစဉ် အရှေ့မှ သွားနှင့်သော ရဟန္တာထေရီမ တစ်ပါးသည် ရုတ်တရက် နှာချေ သဖြင့် စေတီရင်ပြင်ပေါ်သို့ နှာရည်ပေါက်သည် အမှတ်တမဲ့ ကျသွားသည် ။ အမ္ဗပါလီ ရဟန်းမသည် နှာရည်ပေါက်ကို မြင်၍ ဒေါသဖြစ်လျှက် 
`ဘယ်ပြည့်တန်ဆာမက ဒီနေရာမှာ တံတွေးထွေးသွားခဲ့လဲ´
ဟုဆဲရေးတိုင်းထွာမိခဲ့သည် ။
ထို အမှတ်မထင် ပြောမိသော နှုတ်ထွက်စကား တစ်ခွန်းကြောင့် သူမသည် ငရဲ၌ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ရသည် ။
ငရဲမှ လွတ်ပြီးနောက် ဘဝများစွာ ပြည့်တန်ဆာမ ဖြစ်ခဲ့ရလေသည် ။
ဂေါတမ ဘုရားရှင် လက်ထက်တွင်မှ အမ္ဗပါလီသည် ပြည့်တန်ဆာမ အဖြစ်မှ အမ္ဗပါလီထေရီမ အဖြစ် ကျွတ်တန်းဝင်သွားလေ၏ ။
ဤလောက လူသားတွေဟာ နှုတ်ဖြင့်စကားများစွာ နေ့စဉ်ပြောဆိုနေကြရတယ် မဟုတ်လား ။ အလွယ်တကူပဲ အမှတ်မထင် ပြောဆိုတတ်ကြပါတယ်။ မိမိပြောလိုက်တဲ့ စကားလုံးတိုင်းမှာ ကုသိုလ် (သို့) အကုသိုလ် စေတနာများ ပါဝင်နေတာ သတိပြု သင့် သတိလေးထားပြီး ပြောသင့်ပါတယ် ။
စကားနောက် တရားပါ ဆိုသကဲ့သို့
• အမှတ်မထင် ပြက်ရယ်ပြောဆိုတာတွေ
• နှိမ်ချ ပြောဆိုတာတွေ
• မထီမဲ့မြင်ပြောဆိုတာတွေ
• မောက်မာကြမ်းတမ်း ခက်ထန်တဲ့ အပြောတွေ
• စော်ကားမော်ကား ပြောဆိုခြင်းတွေ စသည့် စကားတိုင်းမှာ အကုသိုလ် စေတနာတွေ ပါဝင်နေတာ မမေ့ကြစေချင်​ပေ ။
"ဝစီဗေဒ ထိတိုင်းရှ" ဆိုတဲ့အတိုင်း မိမိပြစ်မှားမိသော ပုဂ္ဂိုလ်၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့အပေါ် မူတည်ပြီး အပြစ်ကြီးငယ် ကွဲပြားသွားစေတာ အထူး သတိပြု သင့်ပါတယ် ။
မိမိ ပြောလိုက်သော စကားတစ်ခွန်းဟာ တစ်ခဏအတွင်း အကျိုးမပေး ဘာမျှ မဖြစ်သေးလို့ သာမန်ဟု ထင်တတ်ကြပါတယ် ။ နှုတ်ထွက်ကြမ်းတမ်းမှုဟာ သံသရာ တစ်လျှောက် မိမိထံမှောက် ပြန်လည်ပြီး ဝဋ်ကြွေးခံရတတ်ပါတယ်။
ချစ်စေလိုလည်း ဒီပါးစပ်
မုန်းစေလိုလည်း ဒီပါးစပ် မဟုတ်ပါလား ။
ယခုရော နောင်သံသရာပါ
ကောင်းကျိုးရရှိအောင် ပြောဆိုနိုင်​ကြပါ​စေ။
(ဓမ္မပဒ)
Credit: ဓမ္မရေချမ်းစင်

No comments:

Post a Comment