Thursday, September 27, 2018

ထို့ကြောင့်လူထွက်ရသည်


ထို့ကြောင့်လူထွက်ရသည်

==================

ရောင်စုံဖက်ရှင်ဝတ်စားနေသူတွေက
သင်္ကန်းအဝါဝတ်ရင် ရဟန်းမစစ်ဘူးထင်လာပြီအမေ။

ဒေါင့်မြင့် ၆လက်မ စီးထားသူတွေက
ကွင်းထိုးဖိနပ်စီးရင်
ရဟန်းမစစ်တော့ဘူးထင်လာပြီအမေ။

အာဏာစွဲ ပါတီစွဲသူတွေက
အမျိုးချစ်လို့ အမျိုးထိန်းတာကို
သိက္ခာမထိန်းဘူး မြင်လာပြီအမေ။

တနေ့သုံးထပ်စားပြီးချစ်ဇနီးနဲ့နေသူတွေက
ထမင်းတနပ်အတွက် ဆွမ်းရပ်တာကို
သူတောင်းစားလို့မြင် အထင်သေးချင်လာပြီအမေ။

စာမေးပွဲအောင်ပြီး စာမတတ်သူတွေက
စာတတ်ပြီးစားမေးပွဲမအောင်တဲ့သားတို့ကို
အလေလိုက်နေသူလို့ထင်လာပြီအမေ။

အိမ်သာ တခါတက်ရင် တစ်ရာပေးရတဲ့ခေတ်မှာ
ငွေကိုင်တာ အပြစ်လို့ထင်လာပြီအမေ။

ကာမေသု ကို အရေကျိုသောက်နေတဲ့လူတွေက
ရဟန်းတပါး ဒကာမနဲ့စကားပြောရင်နှာဘူးလို့
ထင်လာပြီအမေ။

အမြဲတမ်း အနိုင်ကျင့်ခံဘဝမှာ မနေချင်တော့ဘူးအမေရေ။
ကျေးဇူးတရားကိုနားမလည်
နိုင်ငံရေးလှည့်ကွက်တွေကြား
နင်းပြားဘဝနဲ့ လူတကာကချနင်း
ဝပ်စင်းခံဘဝမှာ သားမပျော်တာ လွန်သလားအမေ။

ဘုရားရှင်ထားခဲ့တဲ့ တရားတော်တွေကို
နှစ်ပေါင်း၂၅၀၀တိုင် သယ်ပိုးလာတဲ့
သားတို့တွေဟာ အမေ့ခံခရီးသည်တွေလား
ဘုရားတရားသံဃာကို ယနေ့တိုင်ကိုးကွယ်ခွင့်
ရနေတာ သားတို့လက်ဆင့်ကမ်းခဲ့လို့ပါအမေ
သားတို့သာ ခရီးမနှင်ခဲ့ရင် အိမ်ဦးခန်းက
ဘုရားစင်ဟာ ကလေးကစားစရာဖြစ်နေမှာပါအမေ။

ငယ်ဘဝကိုစတေး မိသားစုရဲ့အဝေးမှာနေ
မကျန်းမာလည်းတယောက်ထဲ
မနိုင်ဝန်ကိုထမ်းရင်း အဆင်မပြေမှုတွေကြား
ခရီးသွားနေရတာမပင်ပန်းဘူးအမေ
သမိုင်းပေးတာဝန်ကျေဖို့ကိုယ့်အသိကိုယ့်သတိနဲ့
ကိုယ့်ခရီးကိုယ်ဆက်နေတာပျော်ပေမဲ့လဲ
ကိုယ်ချင်းစာတရားခေါင်းပါးတဲ့
ယနေ့ခေတ်လူတွေကြားမှာ
အပြစ်အရှိဆုံးလူသားအဖြစ်နဲ့
လက်ညိုးထိုးခံဘဝကို စိတ်နာလို့
အမေ့သား အမေဆီ အပြီးပြန်ခဲတော့မယ်အမေ။


ဇိနပုတ္တ
ဂန္ထဝင်

No comments:

Post a Comment