Friday, September 28, 2018

အကောင်းမြင်တဲ့စိတ်နဲ့ကြည့်ပါ


အကောင်းမြင်တဲ့စိတ်နဲ့ကြည့်ပါ
 လူတိုင်းကို
မေတ္တာတရားနဲ့ ဆက်ဆံပါ။
ကြေးမုံတစ်ချပ်ရဲ့ရှေ့မှာ
ကြည့်ရသလိုပါပဲ။
ကိုယ်က မဲ့ပြရင်
ကြေးမုံပြင်ထဲမှာ မဲ့ခြင်းကို
တုံ့ပြန် ရရှိမယ်။
ကိုယ်က ပြုံးပြရင်
ကြေးမုံပြင်ထဲမှာ အပြုံးကို
တုံ့ပြန် ရရှိမယ်။
ကိုယ့်ရဲ့ စိတ်ထဲမှာ ဒေါသရှိနေရင်
ကိုယ့်ဖက်က ဟန်ချက်ပျက်လိမ့်မယ်။
ကိုယ့်ရဲ့ စကားဟာ
လွှဲချော်တိမ်းစောင်းနေရင်တော့
ကိုယ့်ဘက်က တရားမဲ့ရာကျလိမ့်မယ်။
 သူတစ်ပါးရဲ့ အကောင်းတွေကိုသာ
မှတ်တဲ့သူဟာ လောကကြီးမှာ
လူကောင်းတွေနဲ့ချည်း ကြုံရပါတယ်။
သူတစ်ပါးရဲ့ အဆိုးတွေချည်းပဲ
မှတ်ယူတဲ့သူကတော့ လောကကြီးမှာ
အဆိုးတွေနဲ့ချည်းပဲ ကြုံရတတ်ပါတယ်။
စိတ်ဆိုး၊ စိတ်ဆတ်၊ စိတ်ကောက်
လွယ်တဲ့သူဟာ လူကောင်းသူကောင်း
မိတ်ဆွေကောင်းနဲ့တွေ့ရဖို့ ခက်ပါတယ်။
 သူတစ်ပါး ပြုမိတဲ့ အမှားတွေကို
ခွင့်လွတ်လိုက်ပါ။
မိမိက ပြုမိတဲ့ အမှားရှိရင်
မိမိကိုယ်ကို မိမိ ဝေဖန် အပြစ်တင်ပါ။
လူတော် လူကောင်းဟာ
အဆိုးရဲ့ ဝေဖန်မှု၊
အဆိုးပြောမှုကို မကြောက်ပါဘူး။
လူတော် လူကောင်းတွေကလည်း
သူတစ်ပါးကို ဘယ်တော့မှ
အဆိုးမပြော တတ်ပါဘူး။
စံရိပ်ငြိမ်ဆရာတော်
(၁၂.၀၇.၂၀၁၃)

No comments:

Post a Comment