Thursday, November 29, 2018

လူတိုင်း ခံစားနေရတဲ့ “ ဒုက္ခ (၇) မျိုး ”


လူတိုင်း ခံစားနေရတဲ့ “ ဒုက္ခ (၇) မျိုး ”

++++++++++++++++++++

လူတိုင်းလူတိုင်း ခံစားနေရတဲ့ ဒုက္ခ ( ၇ ) မျိုးမှာ= (၁) ဒုက္ခ ဒုက္ခ။ (၂) ၀ိပရိဏာမဒုက္ခ။
(၃) သင်္ခါရဒုက္ခ။ (၄) ပဋိ စ္ဆန္နဒုက္ခ။ (၅) အပ္ပဋိ စ္ဆန္နဒုက္ခ။ (၆) ပရိယာယဒုက္ခ။ (၇) နိပ္ပရိယာယ
ဒုက္ခ တို့ ဖြစ်ပါတယ်။
(၁) ဒုက္ခ ဒုက္ခ = ကိုယ်ထဲမှာ နာကျင်ကိုက်ခဲခြင်း စသည်ဖြင့် အခံခက်တဲ့ ကိုယ်ဆင်းရဲကတစ်မျိုး၊ စိတ်ထဲမှာ စိတ်ပူခြင်း၊ စိတ်ညစ်ခြင်း၊ နှလုံးမသာခြင်း၊ ၀မ်းနည်းခြင်း စသည်ဖြင့် အခံခက်တဲ့ စိတ်ဆင်းရဲကတစ်မျိုး၊ ဒီ ကိုယ်ဆင်းရဲနဲ့ စိတ်ဆင်းရဲကို ဒုက္ခ ဒုက္ခလို့ ခေါ်ပါတယ်။ သူ့သ
ဘောကလည်း အခံရခက်တဲ့ ဆင်းရဲပဲ။ သူ့အမည်ကလည်း ဒုက္ခဆင်းရဲပဲ။ ဒါကြောင့် ဒုက္ခဒုက္ခ
လို့ ခေါ်ပါတယ်။ ဆင်းရဲသဘောရှိတဲ့ ဆင်းရဲတဲ့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကိုတော့ လူတိုင်းလူ
တိုင်းက ကြောက်ကြပါတယ်။ ကိုယ်ထဲစိတ်ထဲ၌ မခံသာတဲ့ ဆင်းရဲကို ဒုက္ခဒုက္ခလို့ ခေါ်ပါတယ်။


(၂) ၀ိပရိဏာမဒုက္ခ == အတွေ့ကောင်းတွေနဲ့ တွေ့ထိပြီး ကိုယ်ထဲမှာ ချမ်းသာနေတဲ့ (ကာယိကသုခ) ကိုယ်ချမ်းသာကတစ်မျိုး၊ ၀မ်းသာစရာတွေကို အာရုံပြုပြီး စိတ်ထဲမှာ ရွှင်လန်းဝမ်းသာနေတဲ့ (စေတသိကသုခ) စိတ်ချမ်းသာကတစ်မျိုး၊ ဒီချမ်းသာနှစ်မျိုးကိုတော့ လူတိုင်းကြိုက်ကြပါတယ် ဒီ ချမ်းသာနှစ်မျိုးကို ရအောင်လို့ နေ့မအား၊ ညမအား အသက်ကိုတောင် စွန့်ပြီး ရှာနေကြပါတယ်။ (ရွှေ၊ ငွေ၊ တိုက်တာ၊ အဆောက်အဦး၊ ခင်ပွန်း၊ ဇနီး၊ သား၊ သမီး) အလိုရှိတိုင်းရပြီး ဒီ
ချမ်းသာတွေကို ခံစားနေကြရတဲ့ အခါလည်း အလွန်ဝမ်းမြောက် နေကြပါတယ်။ ဒါပေမဲ့ အဲဒီ
လို ပျော်ရွင်ဝမ်းမြောက် နေရာက ချမ်းသာကြောင်း အာရုံဝတ္ထုတွေ ရုတ်တရက် ပျက်စီးဆုံးပါး
သွားရင် မနေတတ် မထိုင်တတ်ဖြစ်ပြီး အလွန်ပင် ဆင်းရဲဒုက္ခ ရောက်တတ်ကြပါတယ်။ အဲဒီ
ချမ်းသာတွေ ရှိနေတုန်းမှာ ကောင်းပေမယ့် သူတို့ဖောက်ပြန်ပျက်စီး သွားတဲ့အခါ၊(မရှိတဲ့အခါ)
ကျတော့ ယူကျုံးမရဖြစ်ပြီး ဆင်းရဲစေတဲ့ ဒုက္ခလို့ ဆိုလိုပါတယ်။

(၃) သင်္ခါရဒုက္ခ = မြင်နေကျ၊ ကြားနေကျ၊ တွေ့ကြုံနေကျ မကောင်းမဆိုး ရိုးရိုးအာရုံ ၀တ္ထုတွေနှင့် တွေ့ဆုံခံစား နေရတဲ့အခါမှာ ဆင်းရဲတယ်လို့လည်း မဆိုနိုင်ဘူး။ ချမ်းသာတယ်လို့လည်း မဆို
နိုင်ဘူး။ ဒါပေမဲ့ အဲဒီ ဥပေက္ခာက မြဲတည်နေတော့လည်း မဟုတ်ဘူး၊ မမြဲတဲ့အတွက် အဲဒီ အ
လယ်အလတ် အခြေအနေအတိုင်း ဖြစ်နေစေချင်ရင် သူ့ဆိုင်ရာအကြောင်းတွေဖြင့် မပြတ်ပြု
ပြင် ပေးနေရပါတယ်။ ပြုပြင်ပေးနေရတော့ တာဝန်လေးတာ ဆင်းရဲတာပေါ့။ ဒါကြောင့် မ
ကောင်းမဆိုး အလယ်အလတ်ခံစားမှု ဥပေက္ခာဝေဒနာကို သင်္ခါရဒုက္ခလို့ ခေါ်ပါတယ်။

(၄) ပဋိ စ္ဆန္နဒုက္ခ = နားကိုက်ခြင်း၊ သွားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ လေအောင့်ခြင်း၊ လိုချင်တပ်စွဲမှု နှိပ်စက်၍ ပူလောင်ခြင်း၊ စိတ်ညစ်ခြင်း၊ စိတ်ပူခြင်း အစရှိတဲ့ ကိုယ်ထဲ စိတ်ထဲက အခံရခက်နေသော ဆင်းရဲဟာ ခံစားနေရတဲ့ သူမှာသာ ထင်ရှားတယ်။ အခြားပုဂ္ဂိုလ်တွေမှာ မထင်ရှားဘူး။
မေးကြည့်လို့ အဲဒီ ခံစားနေရတဲ့သူက ပြောပြမှသာလျှင် သိရတယ်။ အဲဒီ ဆင်းရဲဟာ ဖုံးကွယ်
ထားသလိုပင် မြှုပ်ကွယ်နေတဲ့အတွက် ပဋိ စ္ဆန္နဒုက္ခ လို့ ခေါ်ပါတယ်။

(၅) အပ္ပဋိ စ္ဆန္နဒုက္ခ = ဓားခုတ်ခံရခြင်း၊ လှံထိုးခံရခြင်း၊ သေနတ်မှန်ခြင်း စသည်ကြောင့်ဖြစ်တဲ့ အနာဆင်းရဲကတော့ ကွယ်ဝှက်ခြင်းမရှိဘဲ ထင်ရှားပေါ်နေတဲ့အတွက် အပ္ပဋိ စ္ဆန္နဒုက္ခ လို့ခေါ်ပါတယ်။

(၆) ပရိယာယဒုက္ခ = = ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကို ဖြစ်စေနိုင်တဲ့ ရုပ်နာမ် သဘောတရား ဟူသမျှတွေဟာ သူ့ပင်ကိုယ်က မဆင်းရဲသော်လည်း ဆင်းရဲ၏အကြောင်းဝတ္ထု ဖြစ်သောကြောင့် ပရိယာ
ယဒုက္ခ လို့ ခေါ်ပါတယ်။

(၇) နိပ္ပရိယာယဒုက္ခ = ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲတို့တွင် နည်းပရိယာယ် သွယ်ဝိုက်ခြင်း မရှိဘဲ မုချ ဆင်းရဲလို့ နိပ္ပရိယာယဒုက္ခ လို့ ခေါ်ပါတယ်။

သူတော်ကောင်းတို့ လည်း ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း စသည့် ဆင်းရဲဟူသ
မျှ၏ အကြောင်းရင်း ဇာတိ မဖြစ်ရအောင် တရားဓမ္မကို လက်ကိုင်ထားပြီး ကျင်ကြံကြိုးကုတ်
အားထုတ်တော်မူနိုင် ကြပါစေကုန်သတည်း။ ။
{ မဟာစည်ဆရာတော်ဘုရားကြီး၏ ဓမ္မစကြာ တရားတော်မှ ကိုးကားရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

ဦးသိန်းဝေ။

၂၄-ပစ္စည်း စည်းချဂါထာ


၂၄-ပစ္စည်း စည်းချဂါထာ

++++++++++++++

အန္တရယ်ကင်း ၂၄-ပစ္စည်း စည်းချနည်းကို ယုံကြည်စွာ ပြုလုပ်လိုသူများအတွက် ဖော်ပြလိုက်ပါသည်။
တနင်္ဂနွေနေ့ စည်းချလိုလျှင် အရှေ့မြောက်ထောင့် တနင်္ဂနွေထောင့်မှ စရွတ်ပါ၊ အရှေ့မြောက်ထောင့်ကို လက်ညှိုးထိုး၍၄င်း, စိတ်မှ မှန်း၍၄င်း ဟေတုပစ္စယော, အာရမ္မဏပစ္စယော, အဓိပတိပစ္စယော- ဟု ပစ္စည်းသုံးခု ရွတ်ပါ။

ထိုမှ တနင်္လာထောင့် အရှေ့အရပ်တွင် အနန္တရပစ္စယော, သမနန္တရပစ္စယော, သဟဇာတပစ္စယော,ဟု သုံးခုရွတ်ပါ။

ဤသို့ဖြင့် အရှေ့တောင်ထောင့် အင်္ဂါထောင့်တွင် သုံးခု။
တောင်ဘက် ဗုဒ္ဓဟူးထောင့်တွင် သုံးခု။
အနောက်တောင်ထောင့် စနေထောင့်တွင် သုံးခု။
အနောက်ဘက် ကြာသပတေးထောင့်တွင် သုံးခု။
အနောက်မြောက်ထောင့် ရာဟုထောင့်တွင် သုံးခု။
မြောက်ဘက် သောကြာထောင့်တွင် သုံးခု။

ရွတ်လျှင် ၂၄-ပစ္စည်း ပြီးဆုံးသွားပါသည်။ ပြီးဆုံးလျှင် စရွတ်သည့် တနင်္ဂနွေထောင့်မှာပင် ဟေတုပစ္စယော, အာရမ္မဏပစ္စယော, အဓိပတိပစ္စယော-ဟု ပြန်အုပ်ရပါသည်။
အကယ်၍ သုံးကြိမ်စည်းချလိုပါက နောက်ဆုံးတတိယအကြိမ်မှာမှ မိမိစချသည့်ထောင့်၌ ဟေတုပစ္စယော, အာရမ္မဏပစ္စယော, အဓိပတိပစ္စယော ကို ပြန်အုပ်ရပါသည်။

တနင်္လာနေ့ရွတ်လျှင် တနင်္လာထောင့်မှ စ၍ရွတ်ရပါသည်။ အခြားနေ့များတွင်လည်း ထိုနည်းတူပင် ရွတ်ရပါသည်။

၁။ (အရှေ့မြောက်ထောင့်) ဟေတုပစ္စယော, အရမ္မဏပစ္စယော, အဓိပတိပစ္စယော။
၂။ (အရှေ့အရပ်) အနန္တရပစ္စယော, သမနန္တရပစ္စယော, သဟဇာတပစ္စယော။
၃။ (အရှေ့တောင်ထောင့်) အညမညပစ္စယော, နိဿယပစ္စယော, ဥပနိဿယပစ္စယော။
၎။ (တောင်အရပ်) ပုရေဇာတပစ္စယော, ပစ္ဆာဇာတပစ္စယော, အာသေ၀နပစ္စယော။
၅။ (အနောက်တောင်ထောင့်) ကမ္မပစ္စယော, ၀ိပါကပစ္စယော, အာဟာရပစ္စယော။
၆။ ( အနောက်အရပ်) ဣန္ဒြိယပစ္စယော, ဈာနပစ္စယော, မဂ္ဂပစ္စယော။
၇။ ( အနောက်မြောက်ထောင့်) သမ္ပယုတ္တပစ္စယော, ၀ိပ္ပယုတ္တပစ္စယော, အတ္ထိပစ္စယော။
၈။ ( မြောက်အရပ်) နတ္ထိပစ္စယော, ၀ိဂတပစ္စယော, အ၀ိဂတပစ္စယော။
၁။ ( အရှေ့မြောက်ထောင့်) ဟေတုပစ္စယော, အာရမ္မဏပစ္စယော, အဓိပတိပစ္စယော။

လယ်တီဆရာတော်ဘုရားကြီး၏ ခုနစ်နေ့ ဗုဒ္ဓ၀င်ဘုရားရှိခိုးနှင့် ဆုတောင်းအမျိုးမျိုး


လယ်တီဆရာတော်ဘုရားကြီး၏ ခုနစ်နေ့ ဗုဒ္ဓ၀င်ဘုရားရှိခိုးနှင့် ဆုတောင်းအမျိုးမျိုး

++++++++++++++++++++++++++++++++


၁။ သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်။ ။သောင်းခွင်စကြ၀ဠာ၊ နတ် ဗြဟ္မာတို့၊ ညီညာရုံးစု၊
တောင်းပန်မှုကြောင့် ရတုနဂို၊ ရွှန်းရွှန်း စိုသည်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်။ ။ နတ်လူငြိမ်းဘို့ ကိန်းပါကို။

၂။ သန္ဓေယူခါ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆဲ့ ရှစ်ကြုံ၊ ကဆုန်လပြည့်၊
သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီ လှိုက်ဆူ၊ ဘွားတော်မူသည်။ ။ နတ်လူအောင်မြို့ လမ်းပါကို။

၃။ ဖွားမြင်မြောက်သော်၊ ဆဲ့ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ် ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊
ဆဲ့သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆဲ့ကိုးဝယ်၊ လေးမျိုးနိမိတ်၊
နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ၀ါဆိုလပြည့်၊ ကျားမင်း နေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်။ ။ စုံမြိုင်ပင်ရိပ် ခမ်းမှာကို။
၎။ တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တဖုံ၊ ပွင့်ချိန် ကြုံက၊ ကဆုန်လပြည့်၊
ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ’င်ဘွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်။ ။ သုံးဘော်လူတို့ ငြမ်းပါကို။
၅။ ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဘွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတသောင်း၊
တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွတ်ထွေပြား၊ ဟောဘော်ကြားသည်။ ။ တရားနတ်စည် ရွမ်းတယ်ကို။ ။
၆။ တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တစ်သောင်း တိုက်ဝယ်၊
ကျွတ်ထိုက်သ သူ၊ နတ်လူဗြဟ္မာ၊ သတ္တ၀ါကို၊ ခေမာ သောင်သို့၊ ဘောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ၀ါလေးဆဲ့ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြယ်က၊ ရာလေးဆဲ့ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ’ာတိုင်း၊ စံနှိုင်းမယုတ်၊ ကုဿိန္နာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်။ ။ ၀ှန်းဆူသောင်းလုံး ကျော်တယ်ကို။ ။

၇။ နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊
ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည်။ ။ မွေတော်ရှစ်စိတ် ကြင်းတယ်ကို။ ။
* ထိုခုနစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊ မြတ်ထက်မြတ်သား၊ ကိုယ်တော်ဖျားကို၊ သုံးပါးမွန်စွာ၊ ၀န္ဒနာနှင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်။ ။ကောင်းကျိုးခပ်သိမ်း ကြယ်စေသောဝ်။
* အဆုံးဘ၀၊ တိုင်ပြန်ကလည်း၊ ပညာ့အရာ၊ ဘိဓမ္မာနှင့်၊ ကြေညာ ကျော်ကြား၊ လူအများကို၊ တရားစည်ကြီး၊ ခြိမ့်ခြိမ့်တီး၍၊ မီးဆဲ့တစ်တန်၊ ငြိမ်းရာမှန်သည်။ ။နိဗ္ဗာန်အောင်မြို့ ရောက်စေ သောဝ်။ ။

၁။ သုံးလူ့ထွတ်ထား၊ မြတ်တရားနှင့်၊ ရှစ်ပါးသံဃာ၊ ရတနာကို၊ သဒ္ဓါရိုကျိုး၊ လက်စုံမိုး၍၊ ရှိခိုးပါရ၊
ဤပုညကြောင့်၊ ဒိဋ္ဌမျက်မြင်၊ ဘ၀တွင်လည်း၊ ကင်းစင်အန္တရာယ်၊ ကောင်းကျိုးကြွယ်လျက်၊ ဆယ်ဖြာအညီ၊ ပါရမီနှင့်၊ ဆယ်လီပုည၊ မြတ်ဓမ္မလည်း၊ နိစ္စ ရွှင်ဖြိုး၊ နေ့စဉ်တိုးသည်။ ။ သက်ဇိုဝ်းကြာမြင့် ရှည်စေသောဝ်။
၂။ ဘ၀တစ်ဘန်၊ ဖြစ်တုံပြန်လည်း၊ လေးတန်အပါယ်၊ ရှစ်သွယ် ရပ်ပြစ်၊ ကင်းတုံလစ်၍၊
ရှင်ချစ်မြတ်စွာ၊ သာသနာလျှင်၊ ရောင်ဝါထိန်ဝင်း၊ လင်းရာတမူ၊ လူကောင်းနတ်ကောင်း၊ ဘ၀ကောင်း၌၊ ညွှတ်ညောင်း သန္ဓေ၊ တိဟိတ် နေ၍၊ ဆွေလယ် မျိုးလယ်၊ တန်ခိုးကြွယ်သည်။ ။ လယနှယ် ထွန်းတင့်ပါစေသောဝ်။

၃။ အသိအလိမ္မာ၊ ဉာဏ်ပညာနှင့်၊ သဒ္ဓါသီလ၊ သုတပြည့်ဖြိုး၊ ဂုဏ်တန်ခိုးလည်း၊ အမျိုးလေးဘော်၊
သတင်းကျော်လျက်၊ သူတော်တို့ထုံး၊ ကျင့်သုံးတရား၊ အမှားမလိုက်၊ စရိုက်စင်ဖြူ၊ အလှူရေစက်၊ လက်နှင့်မကွာ၊ ရှစ်ဖြာဥပုသ်၊ မယုတ်ကြိုးစား၊ လေးပါးဗြဟ္မစိုရ်၊ ရွှန်းရွှန်းစိုသည်။ ။ကုသိုလ်ကိုယ်လုံး ထုံစေသောဝ်။
၎။ ပတ္တမြားပလ္လင်၊ ကံ့ကော်ပင်ဝယ်၊ ငါးအင်မာရ်စစ်၊ အောင်ပွဲ လှစ်၍၊ ခေတ်ဇာတိလုံး၊
သိမ့်သိမ့်ချုံးလျက်၊ ရွှေဘုန်းစိုက်ထူ၊ ပွင့်တော် မူသား၊ သုံးလူ့သခင်၊ မိတေးရှင်ကို၊ မျက်မြင်ဖူး၍၊ အထူးကြည်ညို၊ ဘုန်းရိပ်ခိုသည်။ ။မဂ်-ဖိုလ်-နိဗ္ဗာန် ရောက်စေသောဝ်။ ။
၅။ သုံးလူ့ထွတ်ထား၊ မြတ်တရားနှင့်၊ ရှစ်ပါးသံဃာ၊ အရိယာအား၊ ရတနာမိုဃ်း၊ ရွာသွန်းဖြိုးသို့၊
ကိုးပါး ခြောက်စုံ၊ ကိုးရပ်ဂုဏ်ကို၊ အာဂုံချီးကျူး၊ နှုတ်လျှာမြူး၍၊ ကြည်နူးဆွဆွ၊ ရှိခိုးရသည့်၊ ပုည ကုသိုလ်၊ အဖို့ကိုလျှင်၊ မွေးမိခင်နှင့်၊ ဖခင်ဆရာ၊ ဉာတကာက၊ သတ္တ၀ါအများ၊ နတ်တို့အားလည်း၊ ရငြားပါစေ၊ မျှပေးဝေသည်။ ။ကောင်းထွေသာဓု ခေါ်စေသောဝ်။ ။



ခုနစ်နေ့ ဗုဒ္ဓ၀င်ဘုရားရှိခိုးနှင့် ဆုတောင်းများပြီး၏။

**ချမ်းသာ အစစ်***


**ချမ်းသာ အစစ်***
~~~~~~~
အချို့သူ တို့သည် တိုက်တာ ရွှေငွေ
စည်းစိမ် တို့နှင့်ပြည့်စုံကုန်၏။
အချို့သည် မိမိလိုအင်ရ ရှိ၍ စိတ်ချမ်း
သာကြကုန်၏။
အချို့ မိဘ ကောင်း၍ အချို့ သားသမီး
ကောင်း၍ စိတ်ချမ်းသာကြကုန်၏။
ဤသည်တို့မှာ ချမ်းသာ အစစ်မဟုတ်သေး။
အခါတပါး၌ "သုဗြဟ္မဏ"မည်သော
နတ်သားတစ်ဦးသည် ချမ်းသာအစစ်ကို
သိချင်၍ မေးမြန်လေရာ အခြားနတ်များ
က "အသင် 'သုဗြဟ္မဏ' သင်သည် ရှေး
ဘဝ က ပြုဖူးသော ကုသိုလ်ကံကြောင့်
နေစရာ စားစရာ ဝတ်စရာ ဇိမ်ခံစရာ မှ
စပြီး ပူပင်စရာမရှိ ပြီးပြည့်စုံ၍ နေသည်မှာ
ချမ်းသာအစစ်မဟုတ်ပါလော" ဟူ၍
ပြောကြသည်ကို မနှစ်သက်သေး။ချမ်းသာ
အစစ်ကို သိမြင်နိုင်သည်မှာ ဘုရားရှင်မှ
တပါးမရှိနိုင်။ဟူ၍ တွေးပြီး လူ့ပြည်သို့
ဆင်းသက်ကာ ဘုရားရှင်ထံ ချဉ်းကပ်၍
ဤသို့လျှောက်ထားလေသည်။
"ဘုန်းတော်ကြီးသော မြတ်စွာဘုရား
လောက၌ ချမ်းသာအစစ်ကိုရလိုသော်
အဘယ်သို ကျင့်အပ်ပါသနည်း ဘုရား"
"သင်နတ်သား…
*နာညတြ ဗောဇ္ဈာ တပဿ*
*နာညတိန္ဒြိယ သံဝရာ*
"နာညတြ သဗ္ဗ နိဿဂ္ဂါ*
"သောတ္ထိ ပဿာမိ ပါဏိနံ*
၁။ဝိပဿနာဉာဏ်ဖြစ်စေသော ဗောဇ္ဈင်
တရား ခုနှစ်ပါးအား၎င်း"
၂။တပ=ခြိုးခြံချွေတာစွာကျင့်ခြင်း၎င်း။
၃။မျက်စေ့'နား'စသည့် အာရုံခြောက်ပါး
ထိန်းသိမ်းသော ဣန္ဒြိယ သဝရ သီလ
တို့ကို၎င်း။
၎။အလုံးစုံသော ဝဋ်ဒုက္ခမှ ကင်းလွတ်ရာ
နိဗ္ဗာန် အကျင့်မြတ်တို့ကို၎င်း။
ကျင့်ကြံအားထုတ်သောသူ တို့မှသာ
လျှင် "ချမ်းသာ အစစ်"ကို ရနိုင်ပေသည်
အသင် နတ်သား"
ဒေသနာတော် အဆုံး၌ သုဗြဟ္မဏ
နတ်သားသည်'သောတာပတ္တိ"မဂ်ဖိုလ်
၌ တည်လေသည်။ ။
===============
( အင်္ဂုတ္တရ ပါဠိတော်-စတုက နိပါတ်)
*ဓမ္မမိတ်ဆွေ*

#သူဌေးဖြစ်ဖို့ကံပါလာတဲ့သူက မွေးကတည်းက သူဌေးအိမ်မှာ လူဖြစ်လာတယ်


#သူဌေးဖြစ်ဖို့ကံပါလာတဲ့သူက
မွေးကတည်းက သူဌေးအိမ်မှာ
လူဖြစ်လာတယ် ။
အခြားသောသူတွေကတော့
လက်တွေဘဝမှာချမ်းသာဖို့ဆိုရင်
ကံကိုချည်း အားကိုးနေလို့မရပါဘူး ။
လုံးလဝီရီယနှင့်ဉာဏ်ကိုလည်း
အားကိုးကြရမယ် ။
လူတော်တော်များဟာ
ကံရှိစားရမယ်ပေါ့ ကံရှိရင်ရမယ်ပေါ့ဆိုပြီး
ကံကိုပဲ ပုံချနေကြတယ် ။
ဒါဟာ လူပျင်းတွေရဲ့ဆင်ခြေတွေပဲလို့
ဆိုရမယ် မြန်မာစကားပုံမှာ
ကျားရဲလာ ကြမ္မာမရိုးသာဆိုပြီးရှိတယ် ။
ဒါဟာဘာပြောတာလဲဆိုရင်
တောထဲထင်းခုတ်သွားတဲ့
လူတစ်ယောက်ဟာကျားရဲနဲ့တွေတဲ့အခါ
ကံကိုယုံပြီး ကံကိုရိုးမယ်ဖွဲ့ပြီးတော့
မပြေးပဲနေလိုက်တာ
ကျားစားခံလိုက်ရတဲ့အဖြစ်ကို
ရောက်သွားတယ် ။
ဒါကြောင့်အရာရာကံကိုချည်း
အစွန်းရောက်အောင် အားကိုးနေလို့
မရဘူးဆိုတာကို နားလည်ထားရမယ် ။
ဘာဖြစ်ဖြစ်အတိတ်ကံကြောင့်ပဲလို့
ယူထားမယ်ဆိုရင် ပုဗ္ဗေကတဟေတုဒိဋ္ဌိ
ဖြစ်သွားမယ်...။
ဒါကြောင့် ဘဝမှာ ကြီးပွားတိုးတက်ချင်ရင်
ကံကိုချည်း အကြွင်းမဲ့ ပုံယုံထားလို့
မရပါဘူး....။
ကြိုးစားအားထုတ်မှုဝီရိယနှင့်
အသိဉာဏ်ကိုလည်း ကောင်းစွာ
အသုံးချတတ်ဖို့လည်း လိုတယ်လို့
နားလည်ထားရမယ် ။
ဒေါက်တာနန္ဒမာလာဘိဝံသ
(ပါချုပ်ဆရာတော်)၏
မြတ်ဗုဒ္ဓ၏အဆုံးအမနှစ်ဘဝစာချမ်းသာရေး
တရားတော်မှ ရေးသားပူဇော်ပါသည် ။

သင် တရားကြောက်သလား


သင် တရားကြောက်သလား
===================
ပုထုဇဉ်လူသားတို့ရဲ့စိတ်ဟာ မကောင်းမှုမှာ မွေ့လျော်ကြပါတယ်။ အဲဒီစိတ်ဟာ ကာမဂုဏ် တရားတွေနဲ့ ပျော်မွေ့တယ်လေ။ ဒါဟာ သာမန်လူသားတို့ရဲ့ အားနည်းချက်ပါပဲ။ အသက်သတ်ရတာ အဆင်ပြေပေမဲ့၊ သနားစိတ်ပွါးဖို့တော့ ခက်တတ်တယ်။ သနားခြင်း ကရုဏာ ဆိုတာ ကောင်းတဲ့တရားပဲမလား။ ဒါဆို ကျင့်သုံးဖို့ကျတော့ ဘာလို့ခက်နေကြရတာလဲ။ ကရုဏာ က ကိုယ့်အတွက်မကောင်းလို့လား၊ ကျင့်သုံးဖို့ မသင့်တော်လို့လား။ သူများကို နှိပ်စက်ရတာက ပျော်ရွှင်မှုကိုရစေတယ်လို့ ထင်နေလို့လား။ ဒါမှမဟုတ် သူများဂုဏ်သိက္ခာကို ဖျက်ဆီးရတာကို အရသာတွေ့နေတာလား။

ဗုဒ္ဓဘာသာကောင်းတစ်ယောက် ဖြစ်ဖို့အတွက်ဆိုရင် ကိုယ့်ကိုယ်ကို မေးခွန်းတွေ အများကြီး မေးဖို့လိုပါတယ်။ ပထမဆုံး ရှင်းရှင်းလင်းလင်းသိထားရမှာက ၅ ပါးသီလ ဆိုတာ အခြေခံအကျဆုံး လိုအပ်တဲ့ ကျင့်စဉ်ဆိုတာပါပဲ။ အဲဒါဟာ ဗုဒ္ဓဘာသာ တစ်ယောက်ရဲ့ တန်ဘိုး၊ ဒါမှမဟုတ် စံ ပါပဲ။ ဒါ့အပြင် ၅ ပါးသီလဆိုတာ ဗုဒ္ဓဘာသာတစ်ယောက်အတွက် လူ့ကျင့်ဝတ်ဆိုင်ရာ တန်ဘိုးလည်းပဲ ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ တရားတော်အားလုံးဟာ လူသားမျိုးနွယ်ရဲ့ ကျင့်ဝတ်တရားတွေနဲ့ တိုက်ရိုက်ပတ်သက် ဆက်နွယ်နေပါတယ်။

ရိုးသားမှု၊ ဖြောင့်မတ်မှု၊ ကတိတည်မှု၊ သစ္စာရှိမှု၊ တရားမျှတမှု၊ အများအတွက် ကြောင့်ကြစိုးရိမ်မှု၊ အများအတွက် လေးစားမှု၊ အကောင်းဆုံးဖြစ်ဖို့ ကြိုးစားမှု၊ ဂုဏ်သိက္ခာ အစရှိတာတွေဟာ လူ့ကျင့်ဝတ် စံနှုန်းတွေပေါ့။ ဒီအချက်တွေအားလုံးဟာ ဗုဒ္ဓဘာသာတစ်ယောက်ရဲ့ အခြေခံသီလ အပေါ်မှာအခြေတည်ပြီး ဖြစ်လာတာပါ။

ကိုယ်ကျင့်တရားကောင်းတဲ့ လူတစ်ယောက်ဟာ အလွဲတွေပြော၊ တစ်ချို့တစ်ဝက်ပဲအမှန်ပြောပြီး တမင်သက်သက် လူတွေကို မလှည့်စား၊ မလှည့်ဖျားတတ်ဘူး။ မုသာဝါဒကို စောင့်ထိန်းရင် သင်ဟာရိုးသားမှာပါပဲ။ ကတိတည်မယ်။ လူတွေနဲ့ ကိုယ့်ရဲ့စကားအပေါ်မှာ သစ္စာရှိမယ်။

ဘုရားရှင်ရဲ့တရားတော် အခြေခံသဘောတရားတွေကို လိုက်နာရင် အမှန်တရားအတွက် လုပ်ကိုင်ရတာကို မြတ်နိုးမယ်၊ လူတွေကို တန်းတူဆက်ဆံတာကို မြတ်နိုးမယ်၊ ပြီးတော့ မတူကွဲပြားမှုတွေကို လက်ခံဖို့ မြတ်နိုးပါလိမ့်မယ်။ အမြင်ကျယ်တဲ့အတွက် ကိုယ်မှားရင် မှားတယ်လို့ ၀န်ခံဖို့ဝန်မလေးတတ်ပါဘူး။ ကိုယ်မှားတာကိုသိတဲ့အခါ ကိုယ့်အနေအထားနဲ့ ယုံကြည်ချက်ကို ပြောင်းလဲပစ်ဖို့ အဆင်သင့်ဖြစ်နေတတ်ပါတယ်။

တရားကျင့်တာကြာလေလေ၊ အကြင်နာတရားနဲ့ သနားစာနာမှုတရား အားကြီးလေလေ ဖြစ်လာတဲ့အတွက် လိုနေသူတွေကို ကူညီချင်စိတ်ဖြစ်လာပါလိမ့်မယ်။ အကျင့်တရားကြောင့် ရလာတဲ့ ဂရုစိုက်တတ်မှုကြောင့် လူတွေအတွက် စိုးရိမ်တတ်လာပါတယ်။

တရားကျင့်တဲ့အတွက် တစ်ခြားသူတွေကို လေးစားတတ်မယ်။ လူသားအားလုံးရဲ့ လူ့ဂုဏ်သိက္ခာ၊ တစ်ကိုယ်ရည်လွတ်လပ်မှု၊ အခွင့်အရေးတွေ နဲ့ အကျိုးတွေကို လေးစားတတ်လာမယ်။ ယဉ်ကျေးတဲ့အတွက် လူအားလုံးကို တန်းတူလေးစားမှုနဲ့ ဆက်ဆံတတ်မယ်။ လိင်ခွဲခြားမှု၊ လူမျိုးရေးခွဲခြားမှု မပါပဲ လူတွေရဲ့ ဂုဏ်သိက္ခာကို လေးစားတတ်လာမယ်။ ကိုယ်နေတဲ့ လူ့ဘောင်ကို အကောင်းဆုံးတွေပေးမယ်။ ဒါ့အပြင် ကိုယ်ကိုယ်တိုင်နဲ့ ကိုယ်အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပါလိမ့်မယ်။ တရားကျင့်ထားတဲ့သင်ဟာ ကိုယ့်သက်ဆိုင်ရာ အစုအဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမဲ့ အရာမှန်သမျှ ဘာကိုမှ လုပ်မိမှာမဟုတ်ပါဘူး။

ဒါဟာ တရားတော်ကို ကျင့်သုံးခြင်းရဲ့ ကောင်းကျိုးပါပဲ။ သင်ဘယ်လိုသဘောရပါသလဲ။ ဗုဒ္ဓဘာသာဝင်အားလုံး ဘုရားရှင်ရဲ့ လမ်းညွှန်မှုကို လေးစားစွာနဲ့ လိုက်နာကြမယ်ဆိုရင် ဘာအတိုက်အခိုက်၊ ဘာအန္တရာယ်မှ ရှိတော့မှာမဟုတ်ပါဘူး။ ဒီတော့ သင်တရားကို ကြောက်နေတုန်းပဲလား။ တရားတော်အတိုင်း လိုက်နာကျင့်ကြံလိုစိတ်ရှိပါရဲ့လား။ သင့်ကိုယ်သင် မေးဖို့ ဒီမေးခွန်းလေး ချန်ထားပေးခဲ့ပါတယ်။

အားလုံး တရားကျင့်ပြီး ပျော်ရွှင် ဘေးကင်းကြပါစေ။

အရှင်သုစိတ္တ (မော်ကျွန်း)

credit - Thuseikta Thu

Wednesday, November 28, 2018

“ခန္တီ နဲ့ ဥပေက္ခာ ကွဲပြားခြားနားပုံ”


“ခန္တီ နဲ့ ဥပေက္ခာ ကွဲပြားခြားနားပုံ”



                  ခန္တီ နဲ့ ဥပေက္ခာ ဘာများထူးခြားသလဲ???

ဒကာ။ ။ ခန္တီစ- သည်းခံရခြင်း၊ဥပေက္ခာစ- လျစ်လျူရှုရခြင်းဟု ပြောဟောကြရာ…

ခန္တီ- သည်းခံတယ်ဆိုတာ မသာယာခြင်းနဲ့ ပြန်လှန်လက်စားမချေဘဲ လျစ်လျူရှုထားလိုက်တဲ့
ဥပေက္ခာသဘောမို့ နာမည်ချင်းသာခြားတာ၊သဘောတရားကတော့ အတူတူပါပဲလို့
အချို့ဆရာတို့က ပြောဟောကြပါတယ်။

ဆရာအချို့ကလည်း ခန္တီနဲ့ ဥပေက္ခာဟာ သဘောတရားချင်းမတူဘူး။ တခြားစီသာ ဖြစ်တယ်။
အကယ်၍ သဘောချင်းတူရင် ပါရမီဆယ်ပါးထဲမှာ အမည်နှစ်ပါးနဲ့ ခွဲခြားပြီး ဘုရားမဟောတန်ရာ။
ဒါ့ကြောင့် ထူးခြားတယ်ဟု ဟောပြောကြပါတယ်။

အဲဒီတရား နှစ်ပါး ထူးခြားတယ် ၊မထူးခြားဘူးဆိုတာ မှတ်သားရလွယ်အောင် မိန့်ကြားပါဦး ဆရာတော်။

ဆရာ။ ။ ဒီ တရားနှစ်ပါးကလည်း ဓမ္မ၀ိစယဉာဏ်ပညာနဲ့ မခွဲခြား မစိစစ်တတ်ရင် “ပုလင်းတူ-ဘူးဆို့”
သဘောပဲလို့ မှတ်ထင်စရာ ဖြစ်နေတယ်။ အမှန်ကတော့ သဘောတရားခြင်း ခြားနားမှုရှိတယ်။
ယင်းတို့နှစ်ပါးခြားနားပုံကို လွယ်လွယ်နဲ့ ဒီလိုသိကြပေတော့။

“ခန္တီ”
•••••••••••
ခန္တီရဲ့သဘောက သက်ရှိ(သ၀ိညာဏ)က သတ္တ၀ါ သင်္ခါရတို့က မိမိအား ကိုယ်ဖြင့်သော်၎င်း၊
  နှုတ်ဖြင့်သော်၎င်း၊ ကိုယ်နှုတ်နှစ်ပါးတို့ဖြင့်သော်၎င်း၊ ထိပါးပုတ်ခတ်မှုပြုလာသော် ဒေါသဖြင့် ယင်းပုဂ္ဂိုလ်အား
စိတ်ဆိုးခြင်း၊ ပြန်လှန်၍ပြစ်မှားခြင်း၊ထိပါးပုတ်ခတ်၊လက်စားချေခြင်းမပြုဘဲ သည်းခံ၍ နေနိုင်ခြင်းနှင့်....

သက်မဲ့(အ၀ိညာဏ)က မိမိကိုယ်နဲ့စပ်တဲ့ အချမ်းအပူရာသီဥတု၏ နှိပ်စက်ခြင်းဒဏ်၊
အ၀တ်အစား၊ နေရာတို့၏ ကြမ်းတမ်း ခက်ထန်ခြင်း၊မပြည့်စုံခြင်းစသည်တို့နဲ့ တွေ့ကြုံတဲ့အခါ ဒေါမနဿ
စိတ်ဆင်းရဲခြင်း ၊ စိတ်နှလုံး မချမ်းမြေ့ခြင်းတို့ကို မဖြစ်စေဘဲ သည်းခံနိုင်ခြင်းတို့ကို ခန္တီလို့ ဆိုကြတယ်။
သူ့တရားကိုယ်က “အဒေါသ စေတသိက်” ပဲ။

“ဥပေက္ခာ”
•••••••••••••••••
ဥပေက္ခာရဲ့သဘောက
●ဣဋ္ဌာရုံခေါ်တဲ့ လိုချင်စရာ၊ခင်မင်စရာ၊ချစ်စရာ၊နှစ်သက်စရာ၊မြတ်နိုးစရာ၊
အာရုံမျိုးတွေနဲ့ ဆုံခဲ့သော် သာယာ၊ခင်မင်၊လိုချင်၊တပ်မက်၊ဆာလောင်၊စွဲလမ်းခြင်းဆိုတဲ့
တဏှာ၊ဥပါဒါန်ဖက်သို့ မပါမရောက်အောင် စောင့်ရှောက် တားဆီးထားနိုင်မှု
လျစ်လျူရှုခြင်းသဘောနှင့်....

●အနိဋ္ဌာရုံဖြစ်တဲ့ မုန်းစရာ၊ရွံစရာ၊မခံချင်စရာ၊စိတ်ဆိုးစရာ အာရုံအမျိုးမျိုးတွေနဲ့ တွေ့ကြုံတိုက်ဆိုင်လာတဲ့
အခါမျိုးမှာလည်း ရွံမုန်းစိတ်ဆိုး ဒေါသဖက်သို့ မရောက်စေဘဲ စောင့်ရှောက်တားဆီးထားနိုင်မှု
လျစ်လျူရှုခြင်း သဘောတမျိုးပဲဖြစ်တယ်။

အဲဒီ ဣဋ္ဌာရုံဖက်ကိုရော၊အနိဋ္ဌာရုံဖက်ကိုပါ ဘယ်ဘက်ကိုမှ မပါ မလိုက်ဘဲ ချစ်၊မုန်း မပါ
အလယ်အလတ် သဘောအသွင်ကိုဆောင်တဲ့ “တတြ မဇ္ဈတ္တ စေတသိက်” ကိုပင်လျှင်
“ဥပေက္ခာ” လို့ ခေါ်ဆို ဟောပြောကြတာပဲ။

ကဲ....အဲဒါ မှတ်သားရလွယ်အောင် အဘိဓမ္မာနည်းနဲ့ ထုတ်ဆောင်ပြလိုက်တာပဲ။ဒါထက် လွယ်လွယ် သိချင်ရင် သည့်ပြင်ဆရာတွေဆီမှာ သွားရောက် မေးမြန်းကြပေတော့။

◄အဲဒီတရားနှစ်ပါး လက်ကိုင်ထားနိုင်ရင် အလွန်စိတ်အေးမြ ငြိမ်းချမ်းတယ်။
အဲဒါကိုလည်း အကျင့်လုပ်ထားပါ။►

ဒကာ။ ။ ဆရာသစ်တွေ ရှာနေစရာ မလိုတော့ပါဘူး ဆရာတော်..ရှင်းလင်းပြတ်သား ကွဲပြားခြားနားစွာ သိပါပြီဘုရား…။ဒီတရားနှစ်ပါးကိုလည်း လက်ကိုင်ရအောင်အကျင့်
လုပ်ထားပါမည် ဆရာတော်…။လက်စသတ်တော့ “ခန္တီက အဒေါသ စေတသိက်
မေတ္တာ ဓာတ်သဘောကိုး” ခုမှပဲ ကွဲတော့တယ်။

-【အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ】

သုခ လေးပါးတရားတော်

သုခ လေးပါးတရားတော်


သုခေါ ဗုဒ္ဓါန မုပ္ပါဒေါ
သုခါ သဒ္ဓမ္မ ဒေသနာ။
သုခါ သံဃဿ သာမဂ္ဂီ
သမဂ္ဂါနံ တပေါ သုခေါ။

ဗုဒ္ဓါနံ= သဗ္ဗညုဗုဒ္ဓ အမည်ရသည့်လော
ကထွတ်ထား မြတ်ဘုရားတို့၏။
ဥပ္ပါဒေါ=ဖြစ်ထွန်းပွင့်ပေါ်၍လာခြင်းသည်။ သုခေါ=ရှေးဦးအစပထမသုခချမ်း
သာပါပေတည်း။



သဒ္ဓမ္မဒေသနာ=ဘုရားမြတ်စွာစိန္တေယျာတို့၏သူတော်တရားဟောကြားတော်
မူခြင်းသည်။ သုခေါ= နှစ်ကြိမ်မြောက်
သုခမင်္ဂလာပါပေတည်း။

သံဃဿ= ရှင်အပေါင်း လူအပေါင်း ရှင်လူအပေါင်းတို့၏။သာမဂ္ဂီ=ကိုယ်စိတ်နှစ်ရပ် ညီညွတ်ကြခြင်းသည်။
သုခေါ=တတိယသုခမင်္ဂလာပါပေတည်း။
သမဂ္ဂါနံ= ကိုယ်စိတ်နှစ်ရပ် ညီညွတ်ကြ
ကုန်သော မြို့သူ ရွာသူတိုင်းနိုင်ငံသူ ရပ်ကွက်သူ ထိုထိုကျောင်းတိုက်၌ နေ
ထိုင်ကြတဲ့ရှင်အပေါင်း လူအပေါင်း ရှင်
လူအပေါင်းတို့၏။ တပေါ= ကိလေသာ
တို့ကိုပူပန်စေတတ်သောဆယ်ရပ်သော
ကုသိုလ်ကောင်းမှုအလုပ်အားထုတ်ခြင်းသည်။ သုခေါ= လေးကြိမ်မြောက် စ
တုတ္ထ သုခမင်္ဂလာပါပေတည်း။

၁==ဗုဒ္ဓုပ္ပါဒသုခ
မြတ်စွာဘုရားပွင့်ပေါ်တော် မူခြင်းကြေ
ာင့် သတ္တဝါအများ ရှောင်စရာ အကုသို
လ်တွေသိရရှောင်ရပြီးအပါယ်လေးပါးလွတ်ကြရသလို။ဆောင်စရာကုသိုလ်တွေ ဆောင်ရ သဖြင့်လည်းလူနတ်နိဗ္ဗာန်
သုံးတန်သုခ ရနိုင်ပါပေတယ်။

ဗုဒ္ဓရှင်တော် မပွင့်ပေါ်လျှင်
သူတော်အများစိတ်ကောင်းထားလည်းဤကားကုသိုလ် အကုသိုလ်နှင့်
ထိုထိုဘုံ ဘဝ မသိရ များလှအပြစ်တွေ။

ဗုဒ္ဓရှင်တော် ပွင့်ထွန်းပေါ်၍
ဟောဖော်မြွက်ကြားမြတ်တရားကြောင့် ဤကားကုသိုလ် အကုသိုလ်ဟု
ထိုထိုဘုံ ဘဝ သိကြရ များလှကျေးဇူး
တွေ။
ဤသုခချမ်းသာကို မြတ်ဘုရား လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရ
မီတော်တွေ ဖြည့်ကျင့်တော်မူပြီး ဘုရားအဖြစ်ကို ရောက်စေတော် မူ၍
သတ္တဝါတို့အား ပေးခဲ့ပြီ။
၂==ဓမ္မဒေသနာသုခ
မြတ်ဘုရား ပွင့်တော်မူလာခြင်းသည်
လူတွေကိုအမြင်မှန်ရအောင်တရားဟောကြားဘို့ ပွင့်တော်မူလာရသည်။
ကိုယ်တော်၏ကိစ္စဖြစ်သောတရားဟောပြောမှု လုပ်ငန်းကို မြတ်ဘုရားသည်
၄၅ ဝါတိုင်တိုင် နေ့မအား ညမအား
ဟောကြား ဆုံးမတော်မူခဲ့သည်။
ဤကဲ့သို့ဟောကြားခဲ့သည့်အတွက်
လူ နတ် ဗြဟ္မာတွေ ပယ်ရမည့်တရား
ပွါးရမည့် တရားကို ခွဲခြားသိ၍ ပယ်ကြ
ပွါးကြရသည်။
ထို့ကြောင့် မြတ်ဘုရား တရားတော်ကို ဟောကြားတော်မူခြင်းသည်သတ္တဝါတို့
အတွက် ဒုတိယမြောက်ချမ်းသာဖြစ်
တော့သည်။
ရှင်တော်မြတ်ဘုရား၏ ဗုဒ္ဓုပ္ပါဒသုခကို
ဝေနေယျတို့ ရဘို့ လေးအသင်္ချေနှင့်
ကမ္ဘာတစ်သိန်းကြာပါရမီစာဂစရိယတွေဖြည့်ကျင့်လို့ပထမချမ်းသာကိုဝေနေယျတို့အား မြတ်ဘုရားပေးခဲ့ပြီး
လေးဆယ့်ငါးဝါတိုင်တိုင်တရားဓမ္မ
္မတွေဟောဖော်၍ ဒုတိယချမ်းသာကိုလ
ည်းမြတ်ဘုရား ပေးခဲ့ပြီ။
ကိုယ်တော့်တာဝန်ကျေလေပြီ။

၃==တတိယ သာမဂ္ဂီသုခ
မြတ်ဘုရားဟာ တပည့်သာဝကတွေကို
ညီညွတ်ကြစေဘို့ စိတ်ဝမ်းမကွဲကြစေ
ဘို့ စိတ်ဝမ်းကွဲလျှင်ပျက်စီးတတ်ကြော
င်း စိတ်ဝမ်းမကွဲလျှင်ချမ်းသာကြောင်း
သမ္မောဒမာန ခေါ်ငုံးမင်းဇာတ်ကိုဟော
တော်မူခဲ့သည်။
ကျောင်းတိုက်မှာဆိုလျှင်
ကျောင်းတိုက်သံဃာတွေ စိတ်ဝမ်းမကွဲ
ညီညွတ်ကြရမည်။
ရပ်ကွက်ဆိုလျှင်လည်း
ရပ်ကွက်နေသူအားလုံး လောကရေး
ဓမ္မရေး ညီညွတ်ကြရမည်။
ထိုကဲ့သို့ ညီညွတ်ခြင်းကိုဘုရားချီးမွမ်း
တော်မူသည်။
ညီညွတ်ရေးရကြ၍ သာမဂ္ဂီဖြစ်တဲ့
မြို့ရွာ အရပ် ကျောင်းတိုက်လူအပေါင်း
ရှင်အပေါင်း ရှင်လူအပေါင်းတို့ သည်
ညီညွတ်ကြတာနှင့်ပင်စိတ်ချမ်းသာသည်။ကိုယ်ချမ်းသာလည်းရကြသည်။
ထို့ကြောင့် ညီညွတ်ရေး သာမဂ္ဂီသုခကို
မြတ်ဘုရားဟောတော်မူခဲ့ခြင်းဖြစ်သည်။
၎== စတုတ္ထ တပေါသုခ
ညီညွတ်ကြကုန်သောရှင်လူအပေါင်းတို့၏ အချင်းချင်း ဝိဝါဒ မကွဲပြားဘဲ
ဒါနအမှု သီလအမှု ဘာဝနာအမှုတို့၌ လုံ့လကြိုးကုတ် အားထုတ်ခြင်းသည် စတုတ္ထမြောက် တပေါ ချမ်းသာ ဖြစ်
တော့၏။
ထို့ကြောင့် မြတ်ဘုရား ပေးခဲ့သော
ဘုရားပွင့်ခြင်းဆိုတဲ့ ဗုဒ္ဓုပ္ပါဒသုခ
တရားဟောခြင်းဆိုတဲ့ ဓမ္မဒေသနာ
သုခ ထိုသုခနှစ်ပါးကို အရင်းတည်၍
အလေးအမြတ်ဂရုပြုလျှက်
ခိုက်ရန်မရှိ ညီညွတ်ခြင်း အတိနှင့်
ပြည့်စုံပြီး ညီညွတ်ခြင်းတွင် ရပ်တန့်
မနေဘဲ ဒါန သီလ ဘာဝနာ အမှုတို့၌
လည်း ညီညီညွတ်ညွတ် မကွဲမပြား
ကြိုးစားအားထုတ်ကြပြီးလျှင် တပေါ
သုခဆိုတဲ့ အကျင့်မြတ်ချမ်းသာမှသည်
နိဗ္ဗာန်ဆီသို့မဆိုင်းမတွရောက်ကြပါစေကြောင်း သုခလေးပါး တရားကောင်း
ကိုစုဆောင်း၍တင်ပြလိုက်ရပါတော့သတည်း။

ထိုတရားလမ်းစဉ်အတိုင်း ကျင့်သုံး
ပါက ဘယ် အမျိုး ဘာသာ သာသနာ
မှပျောက်မည်မဟုတ်ပါ။တိုးလျှက်တိုးပွါးအုံးမည်သာ။

ခေတ်အခါကာလကတောင်းဆိုလာ
သော အခြေအနေတခုကို
ရည်ညွှန်းလျှက်

ဘုန်းဟေသီ
၁၄ ၁၀ ၇၆
(ဝိဘဇ္ဇသွေး ကချင်မြေ)

၁၅၀၀ နဲ့ ၅၂၈

.

၁၅၀၀ နဲ့ ၅၂၈



ကောင်လေး၊ ကောင်မလေးတွေဟာ အထာတွေနဲ့ ၁၅ဝဝ-ကို တောင်းတတ်၊ ပေးတတ်ကြပါတယ်။ ၁၅ဝဝ- ဆိုတာ ဘာမှန်းမသိ၊ ညာမှန်းမသိ ရမ်းတောင်းနေတတ်ကြပါတယ်။ တကယ်တော့ ၁၅ဝဝ ဟာ ကိလေသာထုကို ရည်ညွှန်းတာပါ။ သမီးရည်းစား ဇနီးမယားချစ် သက်သက်သာလျှင် မဟုတ်ပါဘူး။ ဆွေမျိုးဉာတိ မောင်နှစ်မ အချင်းချင်းလည်း ၁၅၀၀ ပိုင်ရှင်တွေ ဖြစ်နိုင်ကြပါတယ်။

ကိလေသာဆိုတာ စိတ်ကို ပူပန်စေတတ်၊ နှိပ်စက်တတ်တဲ့၊ စိတ်ကို ညစ်ပေစေတတ်တဲ့ တရားဖြစ်ပါတယ်။
အဲဒီ ကိလေသာက (၁ဝ) ပါးရှိပါတယ်။ ဘာတွေလဲဆိုတော့-
(၁) လောဘ – လိုချင်တာ
(၂) ဒေါသ – ကြမ်းတမ်းတာ၊ စိတ်ထိခိုက်တာ
(၃) မောဟ – မသိတာ
(၄) မာန – ထောင်လွှားတာ
(၅) ဒိဋ္ဌိ – အယူမှားတာ
(၆) ဝိစိကိစ္ဆာ – သံသယဖြစ်တာ
(၇) ထိန – မလန်းဆန်းတာ
(၈) ဥဒ္ဓစ္စ – စိတ်ပျံ့လွင့်တာ
(၉) အဟိရိက – မကောင်းတာလုပ်ဖို့ မရှက်တာ
(၁ဝ) အနောတ္တပ္ပ – မကောင်းတာလုပ်ဖို့ မကြောက်တာ တွေပါ။
အဲဒီ ကိလေသာတွေက-
စိတ် (၁)ခု၊
စေတသိက် (၅၂) ခု၊
နိပ္ဖန္နရုပ် (၁၈)ခု၊
လက္ခဏရုပ် (၄)ခု ဆိုတဲ့ (၇၅) ခုသော ရုပ်၊ နာမ်တရားတွေကို အာရုံပြုပါတယ်။ အဲဒီတရားတွေဟာ ကိုယ့်သန္တာန်၊ သူများသန္တာန် ၂ မျိုးလုံးမှာရှိလို့ (၇၅x၂) = ၁၅ဝ ဖြစ်သွားပါတယ်။ ကိလေသာ ၁-ပါးမှာ အာရုံ (၁၅ဝ)ရှိတော့ ကိလေသာ (၁ဝ)ပါးဆိုတော့ ၁၅ဝဝ – ဖြစ်သွားပါတယ်။ ဒါပေမယ့် အဲဒီ့ ၁၅ဝဝ လုံးဟာ တပြိုင်နက် မဖြစ်နိုင်ပါဘူး။
အခု လူအများစု သိထားကြတဲ့ ၁၅၀၀ အချစ်ဆိုတာ ကာမရာဂလို့ခေါ်တဲ့ တဏှာ=လောဘကို အခြေခံပြီး တောင်းနေကြ ပေးနေကြတာပါ။ ၁၅ဝဝ ပေးလိုက်တယ်ဆိုပြီး ကိုယ့်ဆီက ဘယ်ကိလေသာမှ လျှော့သွားမှာ မဟုတ်သလို ယူလိုက်ရလို့လည်း အရေအတွက် တိုးလာမှာ မဟုတ်ပါဘူး။ လောဘထု စတာတွေသာလျှင် တိုးလာမှာပါ။
ချစ်သူရည်းစားလို၊ ဇနီးခင်ပွန်းလို ချစ်မှ ၁၅ဝဝ မဟုတ်ပါဘူး။ လိုချင်မှု လောဘသာပါမယ်ဆိုရင် ဘယ်လိုချစ်ခြင်းပဲဖြစ်ဖြစ် ၁၅ဝဝ ထဲမှာ ပါတာပါပဲ။ ချစ်တာမှ မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် မုန်းနေရင်လည်း ၁၅ဝဝ ထဲမှာ ပါတာပါပဲ။ မုန်းခြင်းဆိုတာ ဒေါသကိလေသာပါ။ တခြား မာနပြိုင်နေကြသူတွေ စတာတွေဟာလည်း ၁၅ဝဝ ပိုင်ရှင်တွေပဲဆိုတာ ကိလေသာ ဆယ်ပါးကို ဖတ်ကြည့်လိုက်ရင် သတိပြုမိမှာပါ။
၅၂၈- ဆိုတာကတော့-
၁။ သဗ္ဗေ သတ္တာ = ခန္ဓာကို တွယ်တာတတ်တဲ့ သတ္တဝါ အားလုံး
(က) အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။
(ခ) အဗျာပဇ္ဇာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။
(ဂ) အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။
(ဃ) သုခီ အတ္တာနံ ပရိဟရန္တု = ချမ်းသာစွာ မိမိကိုယ်ကို ဆောင်နိုင်ကြပါစေ။
၂။ သဗ္ဗေ ပါဏာ = ထွက်သက်၊ ဝင်သက်ရှိသော သတ္တဝါ အားလုံး
၃။ သဗ္ဗေ ဘူတာ = ကံ၊ ကိလေသာကြောင့် ဖြစ်သော သတ္တဝါ အားလုံး
၎။ သဗ္ဗေ ပုဂ္ဂလာ = ပုဂ္ဂိုလ် အားလုံး
၅။ သဗ္ဗေ အတ္တဘာဝ ပရိယာပန္နာ = ခန္ဓာ၊ အတ္တဘော၌ အကျုံးဝင်သော သတ္တဝါ အားလုံး
(ဒီ ၅-ပါးက ဘယ်သူဘယ်ဝါလို့ မရည်ညွှန်းဘဲ သတ္တဝါအားလုံးကို ဆိုလိုတဲ့အတွက် အနောဓိသ လို့ခေါ်ပါတယ်။)
၆။ သဗ္ဗာ ဣတ္ထိယော = မိန်းမ အားလုံး
၇။ သဗ္ဗေ ပုရိသာ = ယောက်ျား အားလုံး
၈။ သဗ္ဗေ အရိယာ = အရိယာ အားလုံး
၉။ သဗ္ဗေ အနရိယာ = အရိယာ မဟုတ်သူ (ပုထုဇဉ်) အားလုံး
၁ဝ။ သဗ္ဗေ ဒေဝါ = နတ်၊ ဗြဟ္မာ အားလုံး
၁၁။ သဗ္ဗေ မနုဿာ = လူ အားလုံး
၁၂။ သဗ္ဗေ ဝိနိပါတိကာ = အပါယ်သတ္တဝါ အားလုံး
(နောက် ၇-ပါးကတော့ မိန်းမ၊ ယောက်ျား ရည်ညွှန်းပိုင်းခြားထားလို့ သြဓိသ လို့ခေါ်ပါတယ်။)
အဲဒီ မေတ္တာခံ (၁၂) ပါးကို အဝေရာ ဟောန္တု စသော ပွားနည်း (၄) ပါးနဲ့ မြှောက်လိုက်ရင် ၄၈- ပါး ရပါတယ်။
အဲဒီ ၄၈-ပါးကို အရပ် (၁ဝ) မျက်နှာ တစ်ခုစီပို့တော့ (၄၈x၁ဝ)= ၄၈ဝ ရပါတယ်။
အဲဒီ ၄၈ဝ ကို အရပ်မပိုင်းခြားရသေးတဲ့ မူလ ၄၈-နဲ့ ပေါင်းတော့ = ၅၂၈ ရပါတယ်။
ဒီတော့ သတ္တဝါတွေ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာခြင်း စတဲ့ အကျိုးစီးပွားကို လိုလားခြင်းသာလျှင် အေးချမ်းတဲ့ မေတ္တာ ဖြစ်ပါတယ်။
ဒါ့ကြောင့် မိဘ၊ မောင်နှမ၊ ဆွေမျိုး၊ မိတ်ဆွေများ သာမက ချစ်သူ ရည်းစား ခင်ပွန်းဇနီးများပါ (ကိုယ့်အတွက် လောဘမပါဘဲ) သူ့အကျိုးစီးပွား သက်သက်ကို လိုလားမယ်ဆိုရင် ၅၂၈ ထဲမှာ ပါဝင်ပါတယ်။
အနှစ်ချုပ်အနေနဲ့ကတော့ ချစ်သူ၊ မုန်းသူ၊ ဆွေမျိုး၊ မိတ်ဆွေ၊ မိဘ မောင်နှစ်မ ပုဂ္ဂိုလ်မရွေး … ကိလေသာ (၁ဝ) ပါးကို အခြေခံရင် ၁၅ဝဝ ထဲမှာ ပါနေပြီး၊ အကျိုးလိုလားမှုကို အခြေခံရင် ဘယ်သူပဲဖြစ်ဖြစ် ၅၂၈ ထဲမှာပါတယ်ဆိုတဲ့အကြောင်း မေတ္တာလောင်းပြီး သုတပေါင်းပေးကြည့်တာပါ…။
http://dhammayanantmm.blogspot.com မှတဆင့်ခံစားတင်ပြသည်။