ကထိန်သင်္ကန်း အလှူခံရဟန်း ရရှိသောအကျိုးငါးပါး
++++++++++++++++++++
ကထိန်သင်္ကန်းနှင့်ပတ်သက်၍ ကထိန်ခံရဟန်းနှင့် ကထိန်အနုမောဒနာပြုရဟန်းတို့ ရရှိသော အကျိုးတရား ငါးပါးရှိပါသည်။
၁။ ဆွမ်းဘုဉ်းပေးပင့်သော ဒါယကာတို့အိမ်သို့မကြွမီ အနီးရှိ ရဟန်းတစ်ပါးပါးကို မပြောကြားဘဲ အခြားဒါယကာ တစ်ဦးအိမ်သို့ သွားသော်လည်း စာရိတ္တသိက္ခာပုဒ်ဖြင့် အာပတ်မသင့်ခြင်း၊
၂။ တိစီဝရိတ်အဓိဋ္ဌာန်တင်ထားသော သင်္ကန်းသုံးထည်တို့တွင် (၁)ထည်ထည်နှင့်ဖြစ်စေ၊ (၃)ထည်လုံးနှင့်ဖြစ်စေ ညဥ့်ကင်း၍ နေသော်လည်း ဒုတိယကထိနသိက္ခာပုဒ်ဖြင့် အာပတ်မသင့်ခြင်း၊
၃။ တပည့်တော်တို့၏ ထမင်းကို အလှူခံတော်မူပါဟု မအပ်သောနည်းဖြင့် ဖိတ်သောဒါယကာတို့၏ ဆွမ်းကို လေးပါး ငါးပါးထက်ပိုသော ရဟန်းတို့အတူတကွယူ၍ အတူတကွဘုဉ်းပေးသော်လည်း ဂဏဘောဇနသိက္ခာပုဒ်အရ အာပတ်မသင့်ခြင်း၊
၎။ မိမိရရှိသော သင်္ကန်းများကို အဓိဋ္ဌာန်ပတ်၊ ဝိကပ္ပနာမပြုဘဲ (၁ဝ)ရက်လွန်အောင်ထားသော်လည်း ပထမကထိန သိက္ခာပုဒ်ဖြင့် အာပတ် မသင့်ခြင်း၊
၅။ မိမိတို့ကျောင်း ဥပစာအတွင်း၌ ဖြစ်ပေါ်လာသော မတသန္တကစိဝရစသော သံဃိကအဝတ်သင်္ကန်းဟူသမျှကို ဝါကျိုး ဝါပြတ်ရဟန်း အာဂန္တုကရဟန်းတို့အား မပေးဝေရဘဲ မိမိတို့သာ ဝေဖန်၍ ယူနိုင်ခြင်း၊ ဟူသော အကျိုးငါးပါးကို ရရှိခံစားရပါသည်။
No comments:
Post a Comment