ရဟန်းမဖြေနိုင်သော မေးခွန်းများ
++++++++++++++++++++
ပထမဆုံး သိသင့်တာက ရဟန်းဆိုတာ စီးပွားရေးလုပ်နေတဲ့သူတွေ မဟုတ်ဘူး။ ဘုရားအဆုံးအမတွေ မပျောက်ပျက်ရအောင် ခေတ်အဆက်ဆက်က လူသားတွေ လေ့လာနိုင်အောင် ထမ်းရွက်ထားကြတဲ့သူတွေဖြစ်ပါတယ်။
ယခင် ဆရာ့ ဆရာတွေထံကနေ သင်ယူကြ လေ့လာကြ မှတ်သားကြပြီး။ နောက်နောက်သော မိမိလို မသိနိုင်ကြသေးတဲ့ သား တပည့် ဒါယကာ ဒါယကာမတွေထံ ပြန်လည် သင်ပြ ဟောကြား ပို့ချနေကြသူတွေဖြစ်ပါတယ်။ ဒါဟာ သာသနာပြုခြင်း အစစ်မှန်ဖြစ်တယ်။
ဒီလို ရဟန်းတော်တွေထံမှာ စာပေကလွှဲရင် ဘာမှမလိုအပ်နိုင်ဘူး လို့တော့ သွားမတွေးပါနဲ့။ အရိယာတွေမဖြစ်သေးသရွေ့တော့ သင်တို့ကဲ့သိုသော စိတ်အလိုဆန္ဒတွေရှိနေကြပါသေးတယ်။ ယုတ်မာပြီး ယုတ်နိမ့်တဲ့ မေထုန်အမှုရယ် မူယစ်ဆေးဝါးအမှုရယ် လောင်းကစားကိစ္စတွေကိုတော့ ရဟန်းတော်တွေ ကြိုးစားပြီး ရှောင်ကြည်နေကြပါသော်လဲ လူတွေအနေနဲ့ အပြစ်မမြင်လောက်တဲ့ အနေအထိုင်လေးတွေနဲ့ သူတို့တတွေ ထိန်းချုပ်ထားရတဲ့ စိတ်တွေကို ထွက်ပေါက်လုပ်နေကြရပါတယ်။
အကောင်းဆုံးကတော့ အရိယာလိုပဲ နေစေချင်ကြတာပါ။
ဒကာ ဒကာမတွေတောင် ဥပုသ်တစ်ပါတ်မှ တစ်ရက်လောက်စောင့်ရတာကို လုံလုံခြုံခြုံနဲ့ အရိယာလိုမနေနိုင်ကြပါဘူး။
ငါးပါးသီလဟာ ဘုရားရှင်က ဗုဒ္ဓဘာသာဝင်သင်္ကေတအဖြစ် သတ်မှတ်ခဲ့တယ်။ ငါ ဗုဒ္ဓဘာသာ ပါဆိုတဲ့သူတွေ တနေ့တနေ့ ဖြူစင်ခါအောင် ကျိုးပေါက်နေကြတယ်။
လူသားချင်းစာနာဖို့ မေတ္တာပွားဖို့ ညှာတာဖို့ အနစ်နာခံဖို့တွေဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ သင်္ကေတတွေပါ။
ဘုရား တရား သံဃာမှတပါး အခြား ယုံကြည်ကိုးကွယ်ရာမရှိ ဆိုတာဟာ ဗုဒ္ဓဘာသာဖြစ်ဖို့အတွက် နံပါတ်တစ် အင်္ဂါရပ်ဖြစ်တယ်။
ဒီတော့ ရဟန်းတော်တွေလောက်ပဲ သာသနာရဲ့ကိစ္စတွေက သက်ဆိုင်တယ်လို့ ထင်နေတဲ့သူတွေဟာ ဒီအကြောင်းအရာတွေ မသိလို့ပါပဲ။
ဗုဒ္ဓဘာသာဝင်စစ်စစ်တစ်ယောက်ဟာ ရဟန်းတော်တွေ ဘာလိုအပ်သလဲဆိုတာကို တနေ့သုံးကြိမ် လေ့လာရသတဲ့။
ခုခေတ်မှာ ဒီစကားကို မကြားဖူးတဲ့သူတွေ တစ်ပုံကြီး။
ဒါဟာ သာသနာကို ထောက်ပံ့သူမည်တယ်။
ဒီတော့ ရဟန်းတော်တွေ မဖြေနိုင်တဲ့ မေခွန်းတွေ မမေးမိစေချင်ဘူးပေါ့ကွယ်။
1 - ဘာလိုအပ်တာရှိလဲ လိုအပ်တာကို မိန့်တော်မူပါဘုရား။
2 - အဆင်ပြေပါရဲ့လားဘုရား။
3 - အားမနာနဲ့နော်ဘုရား။
ဒီစကားလုံးတွေကို ရဟန်းသိက္ခာ ရဟန်းအကျင့်တွေကို ကျကျနနသိတဲ့ ရဟန်းတော်တိုင်း မဖြေကြပါဘူး။
လိုချင်တာရှိနေလဲ အကြည်ညိုပျက်စေတယ်။ သိက္ခာကျစေတယ်။ ဒါ့ကြောင့် အလှူမခံကြဘူး။
အငတ်ခံနေကြတယ်။ အဆင်းရဲခံနေကြတယ်။
စာသင်သားရဟန်းတွေ အတော်ခက်ခဲကြတယ်။ အလွန်ရှက်တတ်ကြတယ်။ သူတို့ကို အထင်သေးမျက်စိနဲ့ နှိမ်ချင်လို့ကြည့်တဲ့ အကြည့်မျိုး အကြည့်မခံနိုင်ရှာကြဘူး။
ဒါပေမဲ့ ယနေ့ခေတ်မှာတော့ ချွဲနွဲပြီး ပလီပလာ တီတီတာတာ ပြောတတ်မှ ဘုန်းကံကြီးတယ်ခေါ်လာကြတယ်။
မပြောတတ်တဲ့ရဟန်းလေးတွေကျတော့ သီလပဲမရှိသလိုလို စာပဲမတတ်သလိုလို ထင်ကုန်ကြတယ်။ လူဂုဏ်တန်အသိုင်းအဝိုင်းက လူတွေ လူတွေ။
စာသင်နေတုန်းက ငတ်လို့ပြတ်လို့ ။
တရားဟော တရားပြနိုင်တဲ့အခါ သိပ်မလိုအပ်တော့ပါဘူးဆိုမှ ပေါလိုက်တဲ့အလှူရှင်။ သုံးစရာနေရာမရှိတော့ မလိုအပ်ပဲ သုံးကြ ဖြုန်းကြ။ စာသင်သားလေးတွေမှာတော့ ခက်ခက်ခဲခဲ။
ဒီလိုတွေပြောရတော့လဲ မကောင်းပါဘူး။ လောကကြီးကလဲ ငိုတတ်တဲ့ကလေး နို့ပိုစို့ရတဲ့ သဘောကြီးကိုးးးးး ။
လူတွေက အသိဉာဏ်နဲ့ မလှူကြဘူး။ သူတို့အကြိုက် လိုက်တတ်တဲ့သူကိုပဲ လှူချင်ကြတယ်။ သူတို့စိတ်ကို ဆွဲဆောင်နိုင်တဲ့သူတွေကိုသာ လှူချင်ကြသကိုးးးးး။
မရောင်ရာ ဆီလူး။ ပြည့်နေတဲ့အိုး ပိုဖြည့်။ ဂုဏ်ရှိအောင် လုပ်နိုင်မှ လူရာသွင်း။ ရုပ်ချောတဲ့ရဟန်းမှ လှူကြ။
ဘွဲ့ဂုဏ်ရှိမှ လှူချင်ကြတယ်။ ရဟန်းလို့ထင်ချင်ကြတယ်။
ဒီလိုနဲ့ အမှန်တရားတွေ ။ ရိုးသားမှုတွေ ။ သိက္ခာရှိမှုတွေက နောက်ဆုတ်နေကြရကုန်တယ်။
စစ်မှန်တဲ့ ရဟန်းတော်လေးတွေ ကိုရင်ငယ်လေးတွေကို ပိုဂရုစိုက်ပေးကြပါလို့ အသိပေးချင်ပါတယ်။ ရဟန်းတွေဆိုတာ လူတွေလို ဟိုတောင်း ဒီတောင်း တောင်းရတဲ့အမျိုးလဲ မဟုတ်ဘူး။ ရဟန်းတော်လေးတွေ မဖြေနိုင်လောက်တဲ့ မေးခွန်းတွေ မမေးမိကြအောင် သတိထားကြစေချင်ပါတယ်။
အလိုက်တသိလှူတတ်ကြအောင် လေ့လာကြစေချင်ပါတယ်။
အတွေးလှဆရာတော် ------
No comments:
Post a Comment