ကြင်နာတတ်ပါစေ
============
သက်ရှိတိုင်းမှာ တူတာလေးတစ်ခုက မိဘဖြစ်တဲ့ သက်ရှိတိုင်း လူပဲဖြစ်ဖြစ်၊ တိရိစ္ဆာန်ပဲဖြစ်ဖြစ် ကိုယ့်သားသမီးလေးတွေကိုတော့ ကြင်ကြင်နာနာ ပျိုးထောင်ပေး၊ စောင့်ရှောက်ပေးတတ်ကြတာလေးပါပဲ။ တစ်ချို့ဆို ကိုယ့်သားသမီးမဟုတ်တာတောင် သားသမီးနဲ့မခြား မေတ္တာပေးပြီး စောင့်ရှောက်တတ်ပါသေးတယ်။ ဒါမျိုးကို တောဘုရင်တွေဖြစ်တဲ့ ခြင်္သေ့တွေ၊ ကျားတွေမှာတောင် ထူးခြားစွာတွေ့ရတတ်တယ်။ ကိုယ့်အသက်မွေးဝမ်းကြောင်းမှုကြောင့် သားကိုသတ်စားနေတတ်တဲ့ ဒီလိုတိရိစ္ဆာန်မျိုးမှာတောင် သနားစရာအနေအထားတွေ့ရင် သနားပေးတတ်ကြတာကို တွေ့လိုက်ရတဲ့အခါ ၀မ်းနည်းသလို၊ ၀မ်းသာသလိုဖြစ်ရပါတယ်။

သနားခြင်း၊ ကြင်နာခြင်း ဆိုတာတွေဟာ မေတ္တာ၊ ကရုဏာတို့ရဲ့ အလုပ်တွေပေါ့။ ဒီတရားတွေက လောကကိုလှပစေတယ်။ အေးချမ်းစေတယ်။ ကြည်နူးမှုကိုပေးတယ်။ ဘယ်လိုသက်ရှိမျိုးမှ စိတ်ဆင်းရဲစေသော၊ ကိုယ်ဆင်းရဲစေသော အရာတွေကို မလိုလားတာအမှန်ပါပဲ။ ချွင်းချက်အနေနဲ့ကတော့ သားသတ်ပြီးမှ အသက်မွေးရတဲ့၊ သားစိမ်းစားတဲ့သက်ရှိမျိုးမှာတော့ ၀မ်းရေးအတွက် ရက်စက်မှုရှိနေရတာပေါ့။ သို့သော်လည်း သူတို့တောင် မေတ္တာကိုနားလည်တယ်။ ကြောက်စရာကောင်းပြီး ရက်စက်တတ်တဲ့ ရေသတ္တ၀ါတွေတောင် လူနဲ့ရင်းနှီးတတ်သေးတာ သာဓကတွေရှိနေပါတယ်။
မေတ္တာ၊ ကရုဏာ အစစ်အမှန်ရှိတဲ့သက်ရှိတိုင်း သူတို့ရဲ့အပြုအမူ၊ အနေအထိုင်လေးတွေက ပတ်ဝန်းကျင်ကို အေးချမ်းစေတယ်။ မေတ္တာကို ထင်ထင်ရှားရှားခံစားရစေတယ်လေ။ သူတို့မှာရှိတဲ့ သက်ရှိတစ်ဦးရဲ့ဖြစ်တည်မှုတန်ဘိုးကို နားလည်တန်ဘိုးထားတတ်မှု၊ ကိုယ်ချင်းစာမှု၊ သနားကြင်နာတတ်မှုဆိုတဲ့ ဂုဏ်အရည်အသွေးတွေက ပတ်ဝန်းကျင်ကို အေးမြစေပါတယ်။
သူတို့ပြောတဲ့စကား၊ သူတို့ပြုံးတဲ့အပြုံးက လောကကိုအလှဆင်တယ်။ ရန်ကိုငြိမ်းစေတယ်၊ ရန်မပွားစေဘူး။ ချစ်စကို ရှည်စေတယ်၊ မုန်းစကို တိုစေတယ်။ တကယ်တော့ ဒီအရည်အသွေးတွေက သူတော်ကောင်းတစ်ယောက်ဖြစ်စေတဲ့ အရည်အသွေးတွေပါပဲ။ သာမန်သူထက်ထူးခြားတဲ့ အရည်အသွေးတွေရှိနေတတ်တယ်။ သာမန်သူကတော့ လွယ်လွယ်မက်မောစိတ်ဖြစ်ပေမဲ့၊ သူတို့က စွန့်လွှတ်ရဲတယ်။ သာမန်သူက မနာလို ဣဿာမစ္ဆရိယ လွယ်လွယ်ဖြစ်ပေမဲ့ သူတို့တွေက ကြည်နူးစိတ်ဝမ်းသာစိတ်လွယ်လွယ်ဖြစ်ကြတယ်။ အောင်မြင်သူတွေကိုလည်း နောက်က ကြိုးစားခဲ့ရပုံတွေအထိ၊ ပေးဆပ်ခဲ့ရပုံတွေအထိ တွေးကြည့်နိုင်ကြပြီး မနာလိုစိတ်အစား အားရ၀မ်းသာလွယ်လွယ်ဖြစ်တတ်ကြတယ်။
လူတစ်ယောက်မှာ အားနည်းချက်ရှိရင်တောင် အဲဒီအားနည်းချက်ကို သတိမထားမိလောက်အောင် သူ့အရည်အချင်းနဲ့ မေ့နေစေတယ်။ အားနည်းချက်ကိုနင်းပြီး ထိုးနှက်အနိုင်ယူဖို့၊ အရှက်ခွဲဖို့ဆိုတာ သူတို့စိတ်ဝင်စားတဲ့အလုပ်မဟုတ်ဘူး။ လူကိုလူလိုမြင်တယ်၊ အရည်အချင်းရှိသူတိုင်းကို တန်ဘိုးထားတယ်၊ ကိုယ်ချင်းစာတရားအပြည့်ရှိပြီး ဖေးမတတ်တယ်၊ ဖြည့်တွေးပေးတတ်တယ်၊ ကြင်နာမှုပေးတတ်တယ်။ တကယ်တော့ သူတော်ကောင်းတရားဆိုတာ အဲဒါတွေပါပဲ။ မေတ္တာတို့ ကရုဏာတို့ရှိမှလည်း ကိုယ်ချင်းစာတတ်တာ၊ ကြင်နာတတ်တာ၊ ဖေးမတတ်တာလေ။
သူတော်ကောင်းစိတ်မွေးနိုင်ကြ၍ ကိုယ်ချင်းစာတရားများဖြင့် ကြင်နာမှုတွေပေးနိုင်ကြပါစေ။ အေးချမ်းကြပါစေ။
အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်။
No comments:
Post a Comment