Friday, November 23, 2018

ဥပေက္ခာရှိရင် မတုန်လှုပ်ဘူး


ဥပေက္ခာရှိရင် မတုန်လှုပ်ဘူး
••••••••••••••••••••••
လူ့စိတ်ဟာ အကောင်းနဲ့ တွေ့ရင် အူရားဖားရား ပျော်တတ်တယ်။ အဆိုးနဲ့ တွေ့ရင်လည်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ပြီး ဝမ်းနည်းပက်လက် ဖြစ်သွားတယ်။ ဒီလိုဖြစ်ရခြင်းဟာ ဥပေက္ခာ မရှိလို့ပါပဲ။
ဥပေက္ခာဆိုတာ ဘယ်လိုအကြောင်း ကြောင့်မျှ မယိမ်းယိုင်တဲ့ စိတ်ထားပါ။ ဒုက္ခနဲ့တွေ့တွေ့၊ သုခနဲ့တွေ့တွေ့ ပုံမှန်ပါပဲ။ တုန်လှုပ် မသွားပါဘူး။
ဒါကြောင့် ဥပေက္ခာတရား လက်ကိုင်ထားသူများဟာ အကောင်းနဲ့ တွေ့ရင်လည်း " ကောင်းမှုရဲ့ ရလာဒ်ပဲ" လို့ နှလုံးသွင်း ဆင်ခြင်လိုက်တယ်။
အဆိုးနဲ့တွေ့ရင်လည်း " မကောင်းမှုရဲ့ ရလာဒ်ပဲ" လို့ နှလုံးသွင်း ဆင်ခြင်လိုက်တယ်။ ဒီတော့ အကောင်း အဆိုးကြောင့် စိတ်ထားဟာ မပြောင်းလဲတော့ဘူး။ ဒါကိုပဲ "ဥပေက္ခာ နှလုံးသား"တဲ့။
ကွန်ဖြူးရှပ်နဲ့ ဥပေက္ခာ
-------------------
တနေ့၊ အတွေးအခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ်ဟာ လမ်းလျှောက်သွားတယ်။
လူတစ်ယောက်က မြင်တဲ့အခါ
" ဆရာကြီး, ခင်ဗျားက ကွန်ဖြူးရှပ်ကြီးမဟုတ်လားဗျ"။
"ဟုတ်ပါတယ်"။
" ၀မ်းသာလိုက်တာ ဆရာကြီးရယ်၊ ဒီလိုပညာရှိကြီးကို တွေ့ချင်တာ ကြာပြီဗျ၊ ခင်ဗျားရဲ့ တန်ဖိုးကြီးလှတဲ့ အတွေးအခေါ်တွေဟာ ကမ္ဘာကြီးကိုတောင် ပြောင်းလဲစေခဲ့ပြီလေ၊ ခင်ဗျားလောက် တော်တဲ့သူ, တတ်တဲ့သူ ဒီကမ္ဘာကြီးမှာ မတွေ့ဖူးသေးဘူး၊ တကယ် လေးစားပါတယ် ဆရာကြီးရယ်၊ ဦးညွတ်လိုက်ပါတယ် ခင်ဗျား"။
ကွန်ဖြူးရှပ်ဟာ အဲဒီလူကို တစ်ချက်ကြည့်ပြီး ကိုယ့်လမ်းကို ဆက်လျှောက်သွားပါတယ်။
နောက်တစ်နေရာရောက်တော့ လူတစ်ယောက်က
"ဆရာကြီး ကွန်ဖြူးရှပ်ဆိုတာ ခင်ဗျားလားဗျ"။
"ဟုတ်ပါတယ်"။
"နာမည်ကြီးဆိုလို့ တွေ့ချင်လိုက်တာ၊ အခုလို တွေ့တော့လဲ ခင်ဗျားဟာ ဘာမှမဟုတ်ပါလားဗျာ၊ တကယ်တော့ ခင်ဗျားဟာ သူလိုကိုယ်လိုပါပဲ၊ နာမည်သာ ကြီးတာပါ၊ ဘာမှ မထူးပါဘူး " ဟု ပြောလိုက်ပါတယ်။
ကွန်ဖြူးရှပ်ဟာ အဲဒီလူကိုလည်း တစ်ချက်ကြည့်ပြီး ကိုယ့်လမ်းကို ဆက်လျှောက်သွားပြန်တယ်။
လူငယ်လေးက မေးပြီ
---------------------
အဲဒီဖြစ်စဉ်ကို မြင်တွေ့သွားတဲ့ လူငယ်လေးဟာ အံ့သြသွားတယ်။ ဒါနဲ့ ဆရာကြီးကို မေးလိုက်တယ်။
" ဆရာကြီး ပထမလူက ဆရာကြီးကို ချီးမွမ်းတယ်၊ ဒါပေမဲ့ ဆရာကြီးက ဘာမှ ပြန်မပြောဘူး၊ ဒုတိယလူက ကဲ့ရဲ့တယ်၊ ဒါလဲ ဘာမှ ပြန် မပြောဘူး၊ ဘာ့ကြောင့် ပြန် မပြောတာလဲ ဆရာကြီး"။
"ဒီမှာ လူလေး၊ လူတွေရဲ့ ကဲ့ရဲ့ခြင်း, ချီးမွန်းခြင်းကြောင့် ကိုယ့်ရဲ့ အရည်အချင်းဟာ မြင့်တက် မသွားသလို နိမ့်ကျလည်း မသွားပါဘူး၊
အရေးကြီးတာက ကိုယ်လုပ်နေတဲ့အလုပ်ကို စေတနာပါပါနဲ့ အကောင်းဆုံး လုပ်နေဖို့ပါပဲ၊ ဟုတ်တယ်မို့လား"။
"ဟုတ်ကဲ့ပါ ဆရာကြီး၊ ကျွန်တော် လေးစားတယ်ဗျာ၊ ဒါကြောင့် ဆရာကြီးရဲ့ စိတ်ဓာတ်ကို အကြိမ်ကြိမ် ဦးညွတ် လိုက်ပါတယ် ခင်ဗျာ"။
လူငယ်လေးက ဘာကြောင့် ဦးညွတ်လိုက်တာလဲ၊ ဆရာကြီးရဲ့ မတုံလှုပ်တဲ့စိတ်ကြောင့်ပါပဲ။ အဲဒီမတုန်လှုပ်တဲ့ စိတ်ကိုပဲ ဥပေက္ခာလို့ ခေါ်ပါတယ်။
တနေ့ ထားခဲ့ရမှာ
----------------
ဘ၀ဆိုတာ အလွန် တိုတောင်းတယ်။ ရေပွက်လိုက်သလိုပဲ၊ ခဏတဖြုတ်ပဲ။
ကုန်လွန်ခဲ့တဲ့အချိန်ကို ပြန်ကြည့်လိုက်ပါ။ လွန်ခဲ့သော ၁၀ နှစ်လောက်က ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေဟာ မနေ့တနေ့ကပဲ ဖြစ်ခဲ့တယ်လို့ ထင်ရတယ်။ ခဏလေးပါပဲ။ နောက်ဆုံး သေရတယ်။
ဒါကြောင့် ရှင်သန်ခြင်းဟာ သေဆုံးဖို့ပါပဲ။ ဒီတော့ သေတဲ့အခါ ခန္ဓာကြီးကိုတောင် စွန့်ခဲ့ရမှာပါ။
ဒါကြောင့် "ပိုင်ဆိုင်မှုမှန်သမျှ စွန့်လွှတ်ရမှာပဲ" လို့ ဆင်ခြင်ရမယ်။ မကြာမကြာ ဆင်ခြင်ပါ။
ဆင်ခြင်ပါများရင် စွဲလန်းမှုတွေ လျော့နည်းသွားတယ်။ စွဲလန်းမှုလျော့နည်းလေ၊ စိတ်က မတုန်လှုပ်လေပါပဲ။ စိတ်က မတုန်လှုပ်ရင် "ဥပေက္ခာ" ဖြစ်ပြီပေါ့။ အဲဒီ ဥပေက္ခာသည် တကယ့်မြင့်မြတ်တဲ့ စိတ်ထားပဲ ဖြစ်ပါတယ်။
___________
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ

No comments:

Post a Comment