အကောင်းဆုံးလက်စားခြေခြင်း
=================
ဘုန်းကြီးငယ်ငယ်တုန်းက များသောအားဖြင့် တစ်ယောက်ထဲ သီးသန့်နေလေ့ရှိတယ်။ ဒါပေမဲ့ အချစ်ဆုံးသူငယ်ချင်းတော့ အနည်းအကျဉ်းရှိတာပေါ့။ ကိုယ်နဲ့ စိတ်ဝင်စားတာချင်းတူသူ၊ ၀ါသနာတူသူ၊ ရည်ရွယ်ချက်ချင်းတူသူ သူငယ်ချင်းမျိုးကိုရဖို့ဆိုတာ ခက်ခဲတော့လည်း အချစ်ဆုံးသူငယ်ချင်း များများစားစားမရှိတတ်တာ သဘာဝပဲလေ။ ကိုယ်နဲ့မတူတဲ့သူတွေနဲ့ဆို လုံခြုံစိတ်ချမှု၊ ပျော်ရွှင်မှုမရတဲ့အတွက် မတူသူနဲ့ မပေါင်းချင်ကြဘူးပေါ့။ ဒီလုံခြုံစိတ်ချပျော်ရွင်မှု ဆိုတာ လူတွေလိုအပ်တဲ့ အရေးအကြီးဆုံး အရာပါပဲ။
=================
ဘုန်းကြီးငယ်ငယ်တုန်းက များသောအားဖြင့် တစ်ယောက်ထဲ သီးသန့်နေလေ့ရှိတယ်။ ဒါပေမဲ့ အချစ်ဆုံးသူငယ်ချင်းတော့ အနည်းအကျဉ်းရှိတာပေါ့။ ကိုယ်နဲ့ စိတ်ဝင်စားတာချင်းတူသူ၊ ၀ါသနာတူသူ၊ ရည်ရွယ်ချက်ချင်းတူသူ သူငယ်ချင်းမျိုးကိုရဖို့ဆိုတာ ခက်ခဲတော့လည်း အချစ်ဆုံးသူငယ်ချင်း များများစားစားမရှိတတ်တာ သဘာဝပဲလေ။ ကိုယ်နဲ့မတူတဲ့သူတွေနဲ့ဆို လုံခြုံစိတ်ချမှု၊ ပျော်ရွှင်မှုမရတဲ့အတွက် မတူသူနဲ့ မပေါင်းချင်ကြဘူးပေါ့။ ဒီလုံခြုံစိတ်ချပျော်ရွင်မှု ဆိုတာ လူတွေလိုအပ်တဲ့ အရေးအကြီးဆုံး အရာပါပဲ။
သို့သော်လည်း အချစ်ဆုံးသူငယ်ချင်းတွေကတောင် ကိုယ့်ကိုသစ္စာဖောက်တတ်တာ၊ အမြတ်ထုတ်တတ်တာမျိုးကလည်း ဖြစ်တတ်တဲ့သဘောပဲကိုး။ အဲဒီလိုအခါမျိုးမှာ ကိုယ်တစ်ခါမှ မျှော်လင့်မထားတဲ့ အရာဟာ ကိုယ့်ရဲ့ နှလုံးသားအနက်ရှိုင်းဆုံးနေရာမှာ ပေါ်ပေါက်လာတတ်တယ်။ အဲဒါကတော့ လက်စားခြေချင်တယ်ဆိုတဲ့ ခါးသီးတဲ့ခံစားချက်ပဲပေါ့။
ကိုယ်လည်း လက်စားခြေချင်ခဲ့တာပေါ့။ ဒါပေမဲ့ ဘုန်းကြီးရဲ့ မိဘတွေက ကိုယ့်အပေါ်မကောင်းတဲ့သူတွေကို အနိုင်ယူချင်ရင် ခွင့်လွှတ်ခြင်းက အကောင်းဆုံးလက်နက်ပဲလို့ အမြဲပြောကြပါတယ်။ ငယ်လည်းငယ်သေး အတွေ့အကြုံလည်း မရှိသေးတော့ ဘုန်းကြီးအနေနဲ့ ခွင့်လွှတ်လို့မရခဲ့ပါဘူး။ အဲဒီအချိန်က တရားဆိုတာကိုလည်း ကောင်းကောင်းနားမလည်သေးဘူးလေ။ ဒါကြောင့် ဘုန်းကြီး မရေရာ မသေချာတဲ့ မဝေခွဲနိုင်ခြင်းအခန်းပိတ်ကျဉ်းကျဉ်းလေးထဲ ပိတ်မိနေခဲ့တာပေါ့။ တကယ့်ကို မှောင်ပိတ်နေတဲ့ အခန်းပါပဲ။ လက်စားခြေဖို့ပဲသိတော့ တစ်ယောက်ထဲပြန်နေဖြစ်လာပြန်ပါတယ်။ မှားယွင်းသောဆုံးဖြတ်ချက်ပါပဲ။
တစ်နေ့ပြီး တစ်နေ့ တစ်ယောက်ထဲ စဉ်းစားပြီးရင်း စဉ်းစားနေခဲ့မိတယ်။ ပြီးတော့ လက်စားခြေပေါ့ အကောင်းဆုံးနည်းလမ်းကို ရှာနေခဲ့တာပေါ့။ တစ်နေ့ကျတော့ ကိုယ့်ဘ၀အတွက်ကောင်းမဲ့အရာ ဘာတစ်ခုမှ မလုပ်ဖြစ်ပဲ ကိုယ့်ကိုယ်ကို အရမ်းသနားစရာကောင်းနေတဲ့အဖြစ်ကို တွေ့မိတော့တယ်။ ကိုယ့်ကိုယ်ကို ပိုဆိုးသွားစေမဲ့ မှားယွင်းတဲ့ဦးတည်ချက်ကို သွားနေပါလားလို့လည်း သတိထားမိသွားတယ်။ သူတို့တွေကို ကိုယ်ဘာလည်းလို့ ပြချင်ခဲ့ပေမဲ့၊ လက်တွေ့မှာတော့ ဘာမှမလုပ်နိုင်ပဲ အကျိုးမဲ့အချည်းနှီး ပုန်းနေရုံ၊ တွေးနေရုံသက်သက်ပဲလုပ်နေခဲ့မိပါတယ်။
အဲဒီနောက်မှာတော့ ကိုယ့်ကိုယ်ကို ကိုယ်တိုင်မြင်ချင်တဲ့ အခြေအနေမျိုးမှာမြင်ရဖို့ ဘာလုပ်လို့ရနိုင်မလဲလို့ စဉ်းစားပါတော့တယ်။ ကိုယ့်ကိုယ်ကို ပြန်အဖတ်ဆယ်စုစည်းဖို့ စကြိုးစားပါတော့တယ်။ ကိုယ့်ကိုယ်ကိုလည်း မဆုံးရှုံးချင်ဘူး၊ အရှုံးသမားလည်း မဖြစ်ချင်ဘူးလေ။ ဒီတော့ ကိုယ့်အတွက် ကိုယ်လိုချင်တဲ့ပုံရိပ်ကို တည်ဆောက်ဖို့နဲ့ တက်ကြွနေစေဖို့ ဘာမဆိုလုပ်တော့တာပါပဲ။
တိုက်ခိုက်မှုတစ်ခုအပြီးမှာ တစ်ယောက်ထဲသီးသန့်နေခြင်းဟာ နောက်ထပ်တိုက်ခိုက်မှုကို လမ်းဖွင့်ပေးနေသလိုပါပဲ။ ဒါဟာ ရန်သူကျူးကျော်ဝင်ရောက် သိမ်းပိုက်ခံရပြီးသား ရဲတိုက်ထဲကို ပိုပိုပြီး ၀င်သွားသလိုမျိုးနဲ့တူပါတယ်။
ပိုပြီးကောင်းမွန်တဲ့ နည်းကတော့ ဆန့်ကျင်ဘက်လာနေတဲ့ တွန်းအားတွေထဲကို တည့်တည့်ရင်ဆိုင်ခြင်းပါပဲ။ အခက်အခဲကိုတည့်တည့်ရင်ဆိုင်တာပါ၊ ဘေးကရှောင်ဝိုက်မသွားပါနဲ့။
ပြင်ပအရာတွေက ကိုယ့်ရဲ့အာရုံစိုက်မှုကို အနှောက်အယှက်မပေးနိုင်အောင်နဲ့ ကိုယ့်စိတ်ခံစားချက်က ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေကို မလွှမ်းမိုးမိစေဖို့ ဘုန်းကြီးကတော့ အပြင်းအထန်ကြိုးစားခဲ့တယ်။ နောင်မှာ စိတ်ထိခိုက်ရမဲ့အရာတွေလည်း မလုပ်ချင်ဘူးလေ။ ကိုယ့်အပေါ် မကောင်းတာလုပ်ထားသူတွေကို စဉ်းစားနေတာမျိုးကို ရပ်ပစ်လိုက်တယ်။
အဲဒီနောက်မှာ လူတွေနဲ့ ပိုပိုပြီး စကားပြောလာတယ်။ ဦးတည်ရာမဲ့ တစ်ယောက်ထဲနေနေတာကို ရပ်ပစ်လိုက်တယ်။ ကိုယ့်ဘ၀ ကိုယ့်ပုံရိပ်အတွက် သိချင်တာတွေကို အဆက်မပြတ် လေ့လာသင်ယူခဲ့တယ်။ ကိုယ်လျှောက်နေတဲ့လမ်းကို အဆက်မပြတ် အာရုံစိုက်ထားခဲ့တယ်။ ဘယ်သူမှ ကိုယ့်ခေါင်းထဲမှာ မရှိတော့ဘူး။ နောက်ဆုံးမှာတော့ ကိုယ်ဘယ်နေရာမှာ ရောက်နေတယ်၊ ရှေ့မှာဘာတွေရှိနေတယ်ဆိုတာကို ပိုပိုပြီး ရှင်းရှင်းလင်းလင်း မြင်လာခဲ့တယ်။
အခုတော့လည်း ကိုယ်အတိတ်တုန်းက အဆက်မပြတ် ပုံသွင်းပုံလောင်းလာခဲ့တဲ့ ကိုယ်ရဲ့ထင်ရှားရှင်းလင်းတဲ့ ပုံရိပ်ကို အမှန်တကယ်ပြနိုင်တဲ့ နေရာကိုရောက်ခဲ့ပြီလေ။ သူတို့တွေ ကိုယ့်ကို မဖျက်ဆီးနိုင်၊ မနာကျင်စေနိုင်ခဲ့ကြဘူးလေ။ အခုတော့ လမ်းပျောက်ခါနီးကာလမှာတောင်မှ ဘယ်အရာကမှ ကိုယ့်ကို မတားဆီးမရပ်တန့်စေနိုင်ခဲ့တော့လည်း လိုချင်တာတွေရနေပြီလေ။ ကိုယ်နိုင်သွားပြီ။ ဒါဟာ အကောင်းဆုံးလက်စားခြေခြင်းပဲမလား။ ဒါပဲလေ။
သင်ရောဘယ်လိုလုပ်မလဲ။ စာဖတ်သူတို့သာ ဘုန်းကြီးနေရာမှာဆို ဘယ်လိုများ လုပ်ကြမှာပါလဲ။
ကိုယ့်ကို မကောင်းတာလုပ်ထားတဲ့လူတွေကို လက်စားခြေချင်ရင်၊ အောင်မြင်လာအောင် ပိုကြိုးစားပြလိုက်ပါလို့ အကြံပြုပါရစေ။ အဲဒါ အကောင်းဆုံးလက်စားခြေခြင်းပဲပေါ့။
အရှင်သုစိတ္တ (မော်ကျွန်း)
No comments:
Post a Comment