Sunday, November 25, 2018

အချိန်တန်တော့လည်း ပြီးသွားတာပါပဲ


အချိန်တန်တော့လည်း ပြီးသွားတာပါပဲ
~~~~~~~~~~~~~~~~~~~~~~~
တပည့်မလေးတစ်ယောက်က လျှောက်တယ်။
"သူ့အကြောင်း မဟုတ်က ဟုတ်ကတွေ Facebook ကနေတင်ပြီး အပုတ်ချနေလို့ အဲဒါ ဘယ်လိုလုပ်ရမလဲ ဘုရား"တဲ့။
"အဲဒီ Facebook (၇)ရက်လောက်ပိတ်ပြီး၊ မေတ္တာပို့၊ ဂုဏ်တော်ပွားနေလိုက်၊ (၇)ရက်ပြည့်ရင် Facebook ပြန်ဖွင့်ကြည့်လိုက်၊ သမီးအကြောင်းတွေ မရှိတော့ဘူး၊ တခြားအကြောင်းတွေ တက်လာလိမ့်မယ်"ဆိုပြီး အကြံပေးလိုက်တယ်။
ဟုတ်တယ်။ အဲဒီ ဖဘဆိုတာ ဘယ်လောက်ပဲ ကျော်ကျော်၊ ဘယ်လောက်ပဲအော်အော် အလွန်ဆုံး (၇)ရက်ပဲ။ ပြီးရင် နောက်အကြောင်းတစ်ခု တက်လာတာပဲ။ အော်ကြမယ်၊ ဆော်ကြမယ်၊ ပြီးရင် နောက်တစ်မျိုး။ တကယ့်ကိုပဲ အမျိုးမျိုး ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတာပဲလေ။ အဲဒါကြီးကို ကိုယ်ကအဟုတ်မှတ်၊ လုပ်ဇာတ်တွေနဲ့ ရှုပ်ယှက်နေတာမျိုး ဖြစ်မနေနဲ့ပေါ့။
တကယ်တော့ ဒီ facebook တို့၊ အင်တာနက်တို့၊ TV တို့ဆိုတာ အတုတွေပါပဲ။ မီးပျက်သွားရင် ဘာမှမပေါ်တော့ဘူးလေ။ အတုတွေကို ကိုယ်ကကြည့်နေပြီး ခံစားတာကျတော့ အစစ်တွေ ခံစားနေကြတာ။ ကောင်းတာလေးတွေ တွေ့ရင်လိုချင်မှု လောဘစိတ်နဲ့ တပ်မက်နေတာမျိုး၊ ကိုယ်မကြိုက်တာတွေ့ရင် အလိုမကျမှု ဒေါသစိတ်နဲ့ မကျေမနပ်ဖြစ်နေတာမျိုး စသဖြင့် ခံစားချက်တွေက အတုတွေနောက်လိုက်ပြီး အစစ်တွေ ခံစားနေသလို ဖြစ်နေတာပေါ့။
ပြောချင်တာက ဘာမှအကြာကြီး မဟုတ်တဲ့ အရာတွေမှာ ဘာမှအနာကြီးရပြီး လိုက်ခံစားနေဖို့ မလိုဘူးဆိုတာပါ။ အချိန်အခိုက်အတန့်လေး တစ်ခုကြားမှာ ဘာကြောင့်မှ ကိုယ့်စိတ်ကို ယိုင်လဲစေတာမျိုး မဖြစ်စေနဲ့ပေါ့။ ကောင်းကောင်းဆိုးဆိုး အမျိုးမျိုး ပြောင်းနေတဲ့ လောကကြီးမှာ ဘာလို့များ ကိုယ့်ဘက်က ဒေါသတကြီး လိုက်ခံစားနေမှာလဲပေါ့။ အချိန်တန်ရင် ပြီးသွားမှာပဲဆိုတာ လက်ခံ၊ ဆတ်ဆတ်ထိ မခံတာမျိုး မဖြစ်စေနဲ့ပေါ့။ သေချာပါတယ်။ အားလုံးဟာ ခဏလေးပါပဲ။
#Credit - မေတ္တာဖြင့်
မနာပ ဒါယီ အရှင်ဝိစိတ္တ

No comments:

Post a Comment