နှစ်ဖက်မြင်မှ အသက်ဝင်ပါတယ်
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
လူတစ်ယောက်နဲ့ တစ်ယောက် စိတ်ဓာတ်ချင်း၊
ဝါသနာချင်း၊ အကျင့်စရိုက်ချင်း၊ ဦးတည်ချက်ချင်း မတူကြပါဘူး။
သူနဲ့ကိုယ် စိတ်ဓာတ်ချင်းမတူလို့ လုပ်ရပ်ချင်း မတူတာကို
မတူတူအောင် အတင်းလိုက်လုပ်နေမယ်ဆိုရင်
သူ စိတ်ညစ်တာ မညစ်တာ အသာထား၊ ကိုယ်ကတော့
စိတ်ညစ်ရမှာ သေချာပါတယ် …။
တရားတွေ ဘယ်လောက်ပဲ ထိုင်ထိုင်၊ နှစ်ဖက်မြင်အသိ မရှိလို့
စိတ်ထားမတတ်ဖြစ်နေပြီဆိုရင်
တရား တိုးတက်လာမှာ မဟုတ်ပါဘူး။ စိတ်မထားတတ်ရင်
စိတ်တည်ငြိမ်မှု သမာဓိ မရနိုင်တော့လို့ပါ။
တရားထူး တရားမြတ်ရချင်ရင် တရားရှုမှတ်နေရုံနဲ့ မပြီးပါဘူး၊
စိတ်ထားတတ်ဖို့လည်း အရေးကြီးပါတယ်။
စိတ်ထားတတ်ဖို့ နှစ်ဖက်မြင်အသိ ရှိရပါမယ်။
ဘယ်အရာကိုမှ တစ်ဖက်တည်းကြည့်ပြီး အကုသိုလ် မဖြစ်ပါစေနဲ့။
သံသရာကြီး ငြီးငွေ့လှပါပြီ။ ဒီဘဝဒီခန္ဓာနဲ့ ပြတ်ချင်လှပါပြီလို့
ဘယ်လောက်ပဲ ပြောပြော၊ တရားတွေ ဘယ်နှနာရီပဲ ထိုင်ထိုင်၊
နေရာတကာ စိတ်ထားမတတ်ပဲ ဟိုလူ့ လိုက်ပူ၊ ဒီလူ့ လိုက်ပူ၊
ဟိုကိစ္စ မကျေနပ်၊ ဒီကိစ္စ မကျေနပ်ဖြစ်ပြီး ပူပန်သောကပွားနေမယ်ဆိုရင်
အပြောတခြား၊ အလုပ်တခြား ဖြစ်နေတဲ့အတွက်
ရည်မှန်းချက်ပန်းတိုင်နဲ့ အလှမ်းဝေးနေမှာ သေချာပါတယ်။
တရားရဖို့ မရဖို့ဆိုတာ အသာထား၊
လောလောဆယ် အချိန်တိုင်းမှာ စိတ်ချမ်းသာဖို့အတွက်ကိုပဲ
နှစ်ဖက်မြင်အသိက မရှိမဖြစ် လိုအပ်ပါတယ်။
ကိုယ့်ဘက်၊ သူ့ဘက် … ဘက်မှန်အောင် ကြည့်တတ်မှ၊
လောကဘက်၊ ဓမ္မဘက် … ဘက်မှန်အောင် မြင်တတ်မှ
ကိုယ်လည်း စိတ်ချမ်းသာ၊ သူလည်း စိတ်ချမ်းသာ၊
အားလုံး စိတ်ချမ်းသာနိုင်ပါတယ်။ စိတ်ချမ်းသာစွာနဲ့
တရားအားထုတ်မှလည်း တရားရတာပါ ….။
နှစ်ဖက်မြင်မှ အသက်ဝင်ပါတယ်။
နှစ်ဖက်မမြင်ရင် အသက်မဝင်ပါဘူး …။
`အသက်ဝင်တယ်` ဆိုတာ `အဓိပ္ပါယ်ရှိတယ်၊
ပျော်ရွှင်ကျေနပ်ဖွယ်ကောင်းတ
`တရား အသက်ဝင်တယ်၊ တရားရင့်ကျက်သွားတယ်`
လို့လည်း အဓိပ္ပါယ်ရပါတယ်။
`နှစ်ဖက်မြင်မှ အသက်ဝင်တယ်` ဆိုတာ
အရာရာကို နှစ်ဖက်မြင်အသိနဲ့ ကြည့်တတ်၊ မြင်တတ်၊
ခံစားတတ်မှ ဘဝက နေရထိုင်ရတာ အရသာရှိတယ်၊
အဓိပ္ပါယ် ပြည့်စုံတယ်၊ ပျော်ရွှင် ကျေနပ်စရာကောင်းတယ်၊
တရားအဆင့် မြင့်တက်လာတယ်၊ တရားအသိ ရင့်ကျက်လာတယ်၊
တရားစွမ်းရည် ပြည့်ဝလာတယ် …. လို့ ဆိုလိုပါတယ် ….။
ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(တစ်ပွင့်ပန်းလည်းလှပါတယ် စာအုပ်မှ)
bwar99.blogspot.com
No comments:
Post a Comment