Sunday, December 23, 2018

ဒေါသအားကြီးရင် လူမုန်းများတယ်


ဒေါသအားကြီးရင် လူမုန်းများတယ်
""""""""""""""""""""""""""""""
∆∆∆ မေတ္တာတရားနဲ့ အေးအေးချမ်းချမ်းနေတဲ့လူကို ကိုယ့်စိတ်ထဲမှာ အလိုလိုနေရင်းနဲ့ သဘောကျရော၊ ထစ်ခနဲရှိစိတ်တို၊ နှုတ်ခမ်းတဆူဆူနဲ့ အလိုမကျတာပဲ၊ အမြဲတမ်းဖြစ်နေတယ်ဆိုရင် နေရင်းထိုင်ရင်း ကိုယ်က သူ့မြင်ရတာကိုက ဘယ်လိုကြီးမှန်း မသိဘူး။ သူ့လုပ်စာလည်း ကိုယ်စားနေတာ မဟုတ်ဘူးဆိုတော့ ကိုယ်ကလည်း မာန်က တက်လာတယ်။ ဒေါသသမားကိုမြင်ရင် မာန်က အလိုလိုနေရင်းနဲ့ တက်လာတယ်။
∆∆∆ ဦးဇင်း တစ်ခါတလေ စဉ်းစားကြည့်တယ်။ပုဂ္ဂိုလ်သတ္တဝါဆိုတဲ့ အမြင်ကို ဖျောက်ပြီးတော့ စဉ်းစားကြည့်။ ဒေါသအားကြီးရင် ဘေးကလူကလည်း ဒေါသထွက်လာတာ များတယ်။
∆∆∆ လောဘအားကြီးရင်လည်း မပေးချင်ဘူး။ လိုချင်တယ်၊ တောင်းတယ်ဆိုရင် သိပ်မပေးချင်လူး၊ မလိုချင်မှန်းသိရင် အရမ်း ပေးချင်တယ်။ ဘာလဲ မသိဘူး ဒီစိတ်က။ တောင်းရင် သိပ်ပြီးတော့ မကြိုက်ဘူး။ သူ့ရဲ့လောဘကြီးကို မြင်နေတာ။ ဒါကြောင့် ကိုယ့်ရဲ့လောဘကကလည်း သူတစ်ပါးရဲ့ပေးလိုစိတ်ကို အဟန့်အတား ရှိတယ်။ သူတို့ရဲ့လောဘကလည်း ကိုယ့်ရဲ့ပေးလိုစိတ်ကို အဟန့်အတားရှိနေတယ်။ ဒါ လက်တွေ့ စဉ်းစားကြည့်တာ။
∆∆∆ အဲဒီလိုပဲ ဒေါသအားကြီးတယ်ဆိုလို့ရှိရင် အလိုလိုနေရင်းနဲ့ ကိုယ်ကလည်း သူ့ကို စိတ်တိုတယ်၊ သူ့ရဲ့ဒေါသက ကိုယ့်ရဲ့ဒေါသ ထွက်လာအောင် နှိုးဆွပေးနေသလားလို့ စဉ်းစားကြည့်တယ်။ ဟုတ်တော့ ဟုတ်တာပေါ့၊ မကြိုက်စရာကောင်းတဲ့ အနေအထားကြီး တစ်ခု ဖြစ်နေတယ်။ သူကတော့ အကြောင်းတစ်မျိုးမျိုးကြောင့် မကြိုက်တာကြီးဖြစ်တယ်။ ကိုယ်ကတော့ သူမကြိုက်တာကြီးကိုပဲ မကြိုက်ဘူးလို့ ဖြစ်တယ်၊ စဉ်းစားဖို့လိုတယ်။
∆∆∆ ဒါကြောင့် ဒေါသအားကြီးရင် လူမုန်းများတယ်။ ဒါ မြတ်စွာဘုရား တိုက်ရိုက်ဟောထားတာပဲ၊ ဒေါသ အားကြီးရင် လူမုန်းများတယ်။ မုန်းပြီ ဆိုလို့ရှိရင်တော့ သူ ကိုယ့်အကျိုးစီးပွားကို မဖျက်ဆီးဦးတောင်မှ ကိုယ့်အကျိုးရှိရာကိုတော့ လုပ်မပေးတော့ဘူး။ ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါကြောင့် လူ့ပတ်ဝန်းကျင်မှာ အစစအရာရာ အဆင်ပြေချင်တယ်ဆိုလို့ရှိရင် အဲဒီအဖျက်ဓာတ် ဒေါသစိတ်ကို နည်းပါးအောင် ကြိုးစားရမယ်။ စည်းလုံးမှု အပြုဓာတ်ဖြစ်တဲ့ မေတ္တာတရားစိတ်ကို အားကောင်းအောင် ကြိုးစားရမယ်။ ဒါ လူတိုင်းကြိုက်တဲ့ သဘာဝတရားပဲ။
သစ္စာရွှေစည်ဆရာတော်ဟောကြားတော်မူသော 'မေတ္တာဘာဝနာ' တရားတော်မှ မျှဝေပါသည်။

No comments:

Post a Comment