Monday, December 24, 2018

★#ကံတရားတွေက_ဖြစ်ပြီး_ဘယ်နေရာမှာစုနေလဲ★


ဒါဖြင့် ကံတရားတွေ ဖြစ်ပြီး
ဘယ်နေရာမှာ စုနေသလဲ?
စဉ်းစားကြည့်မယ်ဆိုရင်- -
ဦးနှောက်ထဲမှာ စုတာလား?
နှလုံးသားထဲမှာ စုတာလား?
တစ်နေရာရာမှာ စုနေသလားလို့
ဖြစ်သွားတဲ့ကံတရားတွေဟာ ဘယ်နေရာမှာ
တည်ရှိသလဲဆိုတာ စဉ်းစားရမယ်။
အကယ်၍ ဦးနှောက်ထဲမှာ
စုတယ်ဆိုရင် ဦးနှောက်ဟာ ရုပ်တရားပဲ။
လူသေရင် ဦးနှောက်သေသွားမှာ၊ တချို့ဆိုရင်
လူမသေခင် ဦးနှောက်သေသွားတာ ရှိသေးတယ်။
အကယ်၍ နှလုံးသားထဲမှာ စုနေတယ်ဆိုရင်လည်း
နှလုံးသားအစားထိုး လဲလှယ်လိုက်လို့ရှိရင်
ကံတရားတွေဟာ အခြေအနေဆိုးသွားနိုင်တာပေါ့။
အဲဒီတော့ နှလုံးသားထဲမှာလည်းပဲ
ဒီကံတရားတွေ စုနေတာ မဟုတ်ဘူး။
ကံတရားတွေရဲ့ စွမ်းရည်သတ္တိဟာ
နှလုံးသားထဲမှာ ရှိတာ မဟုတ်ဘူး။
ဦးနှောက်ထဲမှာ ရှိတာလည်း မဟုတ်ဘူး။
ဘယ်မှာရှိတာလဲလို့ မေးမယ်ဆိုလို့ရှိရင်
“စိတ္တသန္တတိ”လို့ခေါ်တဲ့ စိတ်ဖြစ်စဉ်လေး
တစ်ခုမှာ ရှိတယ်ပေါ့။ စိတ်ဖြစ်စဉ်ဆိုတာ
non stop ဘယ်တော့မှ မရပ်ဘူး။
စိတ်တစ်ခုပြီးရင် နောက်တစ်ခု
နောက်တစ်ခုပြီးရင် နောက်တစ်ခု။
စိတ်ဖြစ်စဉ်ရပ်ဆိုင်းသွားတာ (၂)နေရာပဲရှိတယ်။
#နိရောဓသမာပတ် ဝင်စားခိုက်မှာ ခေတ္တခဏ
ရပ်သွားတာ ရှိတယ်။ #အသညသတ်ဘုံ ရောက်သွားလို့
ရှိရင်လည်းပဲ ရပ်ဆိုင်းသွားတာ ရှိတယ်။
ကျန်တဲ့အချိန်မှာဆိုရင် စိတ်ဖြစ်စဉ်ဟာ
ဘယ်တော့မှ မရပ်ဆိုင်းဘူးတဲ့။
ဒါကြောင့်မို့ ကံတရားတွေဟာ accumulate
ဖြစ်တယ်ဆိုတာ ဘယ်မှာ စုမိဆောင်းမိတာတုန်းဆို
ကိုယ့်ရဲ့စိတ်ဖြစ်စဉ်ထဲမှာ စုမိဆောင်းမိတယ်လို့
ဒီလိုပြောရမှာ။ စိတ်အစဉ်ဆိုတာ တွန်းအားပေးသွားတာ
ပထမစိတ်ထဲမှာရှိတဲ့ စေတနာရဲ့စွမ်းအင်တွေဟာ
ပထမစိတ်ချုပ်တာနဲ့ တစ်ပြိုင်နက် ဒုတိယစိတ်
ဒုတိယစိတ်ချုပ်သွားရင် တတိယစိတ်
တတိယစိတ်ချုပ်သွားရင် စတုတ္ထစိတ်ဖြစ်တယ်။
အဲဒီလိုနဲ့ အခုခေတ်စကားနဲ့ ပြောရရင်
ဒါ on line ပေါ့နော်...။ ကိုယ့် line ထဲမှာ ဒီစေတနာ
ကံတရားတွေဟာ ဖြစ်နေတာလို့ ပြောရတယ်။
အဲဒီလို on line အနေနဲ့ ကိုယ့်ရဲ့စိတ်ဖြစ်စဉ်ကြီး
တစ်ခုတည်းမှာတည်ရှိနေတဲ့ သင်္ခါရလို့ဆိုတဲ့
ကံတရားတွေဟာ ဘဝသစ်တစ်ခုကို အစပြုပြီးတော့
ထုတ်လုပ်ပေးနိုင်တာကို မြတ်စွာဘုရားသခင်
ကိုယ်တော်မြတ်က “သင်္ခါရပစ္စယာ ဝိညာဏံ”လို့
ဒီလို ဟောတာနော်။
ဒီတော့ ဘဝသစ်ကိုကံတရားက ဘယ်ပုံထုတ်လုပ်တာလဲ
သူ့ချည်း စွမ်းဆောင်နိုင်မှုကို ရရှိရဲ့လားလို့ ကံတရား
အကြောင်းကို သေသေချာချာ လေ့လာလို့ရှိရင်
ကံတရားတွေက မြောက်မြားစွာစုမိကြတယ်။
ဘုန်းကြီးတို့တစ်တွေ လွန်ခဲ့တဲ့အတိတ်ဘဝတွေကလည်း
မြောက်မြားစွာသာ ကံတရားတွေ စုထားကြတယ်။
ဒီဘဝမှာလည်း မြောက်မြားစွာသောကံတရားတွေ
စုမိကြတယ်။ မိမိတို့ရဲ့စိတ်အစဉ်ထဲမှာ ကံတရားတွေဟာ
ဖြစ်နေတယ်၊ ပျောက်သွားတာ မရှိဘူး။
ပြောဆိုစရာလေး တစ်ခုတော့ ရှိတာပေါ့။
(ပါချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ)
(ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်းမှ)
ကံပြုတဲ့နေရာမှာ
ဘာအရေးကြီးဆုံးလဲဆိုရင် စေတနာပါ။
ဒါကြောင့် မြတ်စွာဘုရားက
“စေတနာဟံ ဘိက္ခဝေ ကမ္မံဝဒါမိ
ချစ်သား.. ချစ်သမီး..တို့ စေတနာကို ကံလို့
ငါဘုရား ဟောတယ်”လို့ မိန့်ကြားထားတာပါ။
အဲဒီ စေတနာနဲ့ကံ၊ ကံနဲ့ စေတနာ
ဘာထူးသလဲမေးရင် ပြုလုပ်ဆဲ
အမှုတွေဟာ စေတနာပါ။
ပြီးပြီးသွားတာက ကံပါ။
ဥပမာ – ဝက်တစ်ကောင်ကို သတ်နေတယ်။
သတ်နေဆဲကာလဟာ စေတနာပါ။
သတ်ပြီးလို့ သေသွားတဲ့အခါ၊
သတ်ခြင်းကိစ္စ ပြီးသွားတဲ့အခါဟာ ကံပါ။
ဒီလိုပါပဲ … ရဟန်းတစ်ပါးကို ဆွမ်းလောင်းနေဆဲဟာ
စေတနာပါ၊ ဆွမ်းလောင်း ပြီးသွားတဲ့ အချိန်ဟာ ကံပါ။
ဒါကို ယောဆရာတော်ဘုရားရဲ့ “ပြုလုပ်ဆဲမှာ စေတနာ၊
ပြီးခါ ကံဟုသိ”ဆိုတဲ့ လင်္ကာလေးနဲ့ ကပ်မှတ်ထားလို့
ရပါတယ်။
ကောင်းမှု ပြုလုပ်ဆဲမှာပဲ ဖြစ်ဖြစ်၊
မကောင်းမှု ပြုလုပ်နေဆဲမှာပဲ ဖြစ်ဖြစ်
စေတနာလေးတွေ ဆင့်ကဲဆင့်ကဲ ဖြစ်နေပါတယ်။
အဲဒီ စေတနာလေးတွေက အကြာကြီး တည်မနေပါဘူး။
ဥပါဒ်-ဌီ-ဘင် = ဖြစ် တည် ပျက် ဆိုပြီး ပျက်ပျက် သွားပါတယ်။
စာလို ပြောရင်တော့ ချုပ်ချုပ်သွားတာပါ။
ကောင်းတာ ပြုနေတဲ့အချိန်မှာ ကောင်းတဲ့
စေတနာလေးတွေက ဖြစ် တည် ပျက် ဆိုပြီး
ခဏလေး တည်ပြီး ချုပ်ချုပ်သွား။
အဲဒီလို ချုပ်သွားပေမယ့် ဘာလေးတွေ
ကျန်ခဲ့သလဲဆိုတော့ ကမ္မသတ္တိလေးတွေပါ။
စေတနာလေးတွေ ချုပ်ချုပ်သွားလိုက်
ကမ္မသတ္တိလေးတွေ ကျန်ခဲ့လိုက်။ ကြာလာတော့
ကမ္မသတ္တိလေးတွေက များလာပါတယ်။
ကမ္မသတ္တိလေးတွေဟာ ကောင်းတာပြုခဲ့ရင်
ကောင်းတဲ့ ကမ္မသတ္တိလေးတွေ။
မကောင်းတာ ပြုခဲ့ရင် မကောင်းတဲ့
ကမ္မသတ္တိလေးတွေ ကျန်နေခဲ့ပါတယ်။
လူတစ်ယောက်ကို အကျိုးပေးတယ်ဆိုတာလည်း
အဲဒီကမ္မသတ္တိလေးတွေက အကျိုးပေးတာပါ။
အဲဒီကမ္မသတ္တိလေးတွေက ချက်ချင်းထ
အကျိုးပေးသလားဆိုတော့ ချက်ချင်းတော့
ထ အကျိုးမပေးသေးပါဘူး။ အကြောင်းတိုက်ဆိုင်တဲ့
အခါမှသာ ထ အကျိုးပေးတာပါ။ ဒါကို စာမှာ
ဘယ်လို ဥပမာပေးထားသလိုဆိုတော့
သရက်သီးမှည့်ကို စားပြီးသွားတဲ့အခါ
သရက်စေ့လေး ကျန်ခဲ့ပါတယ်။
အဲဒီ သရက်စေ့မှာ အပင်ပေါက်နိုင်တဲ့
ဗီဇသတ္တိလေး ရှိနေပါတယ်။
အပင်ပေါက်နိုင်တဲ့ ဗီဇသတ္တိလေးရှိနေတဲ့
သရက်စေ့ဟာ မြေကြီးနဲ့လည်း ထိတွေ့ခွင့်ရမယ်။
မိုးဥတုနဲ့လည်း ထိတွေ့ခွင့်ရမယ်ဆိုရင်
သရက်ပင်လေး ထပေါက်လာပါတယ်။
အဓိကတော့ မြေကြီးရယ်...
မိုးဥတုရယ်နဲ့ ကြုံကြိုက်ဖို့ပါပဲ။
အဲဒီ အင်္ဂါနှစ်ချက်နဲ့ မညီသေးရင်
သရက်စေ့လေးဟာ အပင်ပေါက်နိုင်တဲ့
သတ္တိလေး ရှိနေပေမယ့် မပေါက်နိုင်သေးပါဘူး။
အဲဒီ သရက်သီးမှည့်နဲ့ သရက်စေ့လေးရဲ့
ဥပမာ အတိုင်းပါပဲတဲ့။ သရက်သီးမှည့်ကို
စားနေဆဲ စားနေတဲ့ အချိန်ဟာ စေတနာပါတဲ့။
စားပြီး အပင်ပေါက်နိုင်တဲ့ သရက်စေ့ကျန်ခဲ့တာဟာ
ကမ္မသတ္တိပါတဲ့။ သရက်စေ့ဟာ ချက်ချင်းထပြီး
အပင်မပေါက်နိုင်သေးဘဲ မြေကြီး မိုးဥတုနဲ့
ထိတွေ့ခွင့်ရမှ အပင်ပေါက်နိုင်သလို
လူတစ်ယောက်ရဲ့ကမ္မသတ္တိဟာလည်း
ချက်ချင်း အကျိုးမပေးနိုင်သေးပါဘူး။
ကောင်းတဲ့ ကမ္မသတ္တိတွေက
'ယောနိသောမန သိကာရ'ဆိုတဲ့
ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတဲ့အခါ
ကလျာဏမိတ္တဆိုတဲ့ ဘုရား၊ ပစ္စေကဗုဒ္ဓါ
ရဟန္တာ၊ ဆရာကောင်းစတဲ့ မိတ်ဆွေကောင်းနဲ့
တွေ့ဆုံတဲ့အခါမှ ထအကျိုး ပေးတာပါ။
ဒီလိုပါပဲ … မကောင်းတဲ့ ကမ္မသတ္တိလေးတွေကလည်း
'အယောနိသော မနသိကာရ' အကုသိုလ်ဖြစ်အောင်
နှလုံးသွင်းတဲ့အခါ ပါပမိတ္တ မိတ်ဆွေဆိုး
မိတ်ဆွေယုတ်နဲ့ တွေ့ဆုံတဲ့အခါကျမှ
ထအကျိုးပေးမှာပါ။ အဲဒီတော့ ကိုယ့်သန္တာန်မှာ
ရှိနေတဲ့ ကမ္မသတ္တိတွေဟာ ချက်ချင်းတော့
ထအကျိုးမပေးသေးပါဘူး။
ခြောက်လကြာမှ အကျိုးပေးချင် ပေးမယ်၊။
ဆယ်နှစ်ကြာမှ အကျိုးပေးချင် ပေးမယ်။
နောက်ဘဝကျမှပဲ အကျိုးပေးချင် ပေးမယ်။
နှစ်ဘဝမြောက်၊ သုံးဘဝမြောက်၊ ဆယ်ဘဝမြောက်
ကျမှလည်း အကျိုးပေးချင် ပေးမယ်။
ပေးမှာတော့ ဧကန်မုချပါ။
ကောင်းတဲ့ ကမ္မသတ္တိပဲ ဖြစ်ဖြစ်၊
မကောင်းတဲ့ ကမ္မသတ္တိပဲ ဖြစ်ဖြစ်
ကိုယ့်သန္တာန်မှာ ကမ္မသတ္တိ မြောက်သွားပြီဆိုရင်တော့
ဘဝတစ်ခုမှာ ဧကန်မုချ အကျိုးပေးတော့မှာပါ။
အကျိုးပေး နီးတာနဲ့ ဝေးတာပဲ ကွာမှာပါ။
ကောင်းတာပြုပြီး အကျိုးမပေးသေးလို့
ဘာမှ စိတ်အားလျော့စရာ မလိုသလို၊
မကောင်းတာ ပြုပြီး အကျိုးမပေးသေးဘူးဆိုပြီး
ကံကို အထင်သေးနေလို့လည်း မရပါဘူး။
ကံဆိုတာ ပြုပြီးသွားရင် ကမ္မသတ္တိ
မြောက်သွားတာဆိုတော့ ကောင်းတဲ့ကံအတွက်
ပြဿနာမရှိပေမယ့် မကောင်းတဲ့ကံအတွက်ကျတော့
မပြုခင် သေချာစဉ်းစားဖို့ လိုပါတယ်။ ဘဝတွေက
ကျင်လည်ရဦးမှာပါ။ #တစ်ဘဝထဲနဲ့_မပြီးသေးပါဘူး
#တစ်ဘဝထဲနဲ့ပြီးပြတ်အောင်_လုပ်နိုင်ရင်တော့
#တစ်မျိုးပေါ့လေ။ ဘာပဲလုပ်လုပ် ကံဆိုတာ
လုပ်ပြီးရင် ကမ္မသတ္တိကတော့ မြောက်သွားတာပါပဲ။
မလုပ်ခင် သေချာစဉ်းစားဖို့ပဲ လိုတာပါပဲလေ။
အားလုံး ကောင်းကံတွေထိမ်းသိမ်းနိုင်ပြီး
ကောင်းကံတွေစုဆောင်းကာ ကောင်းကျိုးတွေရကြပါစေ။
ကျမ်းကိုး -
၁။ ဓမ္မပဒ အဋ္ဌကထာ (ဒု)တွဲ ဥဂ္ဂသေနဝတ္ထု။
၂။ မင်းကွန်းဆရာတော်ကြီး၏ ဓမ္မဒေသနာ ပေါင်းချုပ် အတွဲ (၁)။
(ဆရာတော်အရှင်ရာဇိန္ဒ - ရဝေနွယ်၊အင်းမ)
(#ထေရဝါဒရနံ့ မှ ရေးသားဖော်ပြချက်အား ကူးယူမျှဝေပါသည်)

No comments:

Post a Comment