Thursday, December 20, 2018

`ဓမ္မဒါန အမြတ်ဆုံးဖြစ်ရခြင်း´


`ဓမ္မဒါန အမြတ်ဆုံးဖြစ်ရခြင်း´

(စာဖတ်​ပါ/သံသရာအတွက်​ စာဖတ်​ပါ)
>>အလှူဒါနဆိုတာ နှစ်မျိုးရှိတယ်ဆိုတာ နည်း​နည်း​ခွဲပြီးတော့ ကြည့်။
❖ နံပါတ်တစ်က အာမိသဒါန -အဆောက်အဦးပဲလှူလှူ ၊စားစရာပဲလှူလှူ ။
ဝတ်စရာပဲလှူလှူ ၊ ဆေးပဲလှူလှူ ပစ္စည်းဝတ္ထု လှူတာတွေအားလုံးကို `အာမိသဒါန´ လို့ ခေါ်တယ်နော်။အဲဒါက တစ်ခု။
❖ အဲဒီလိုအကောင်အထည်မရှိဘဲနဲ့ လူတစ်ယောက်ကို အသိဉာဏ်ပေးတယ်။
ဓမ္မအသိပေးတယ်၊လောကအသိပေးတယ်
အဲဒီလို အသိဉာဏ်နဲ့ ပတ်သက်တာတွေကို
ဖြန့်ဝေပေးတယ် ဆိုတာကျတော့ ဓမ္မဒါန၊
`ဓမ္မဒါန´ဆိုတာက
အကောင်အထည်ကြီးရှိတာ မဟုတ်ဘူးနော်။
အသိကိုပေးတာ၊ ဟိုတစ်ဖက်သားက
ပစ္စည်းဝတ္ထု ရသွားတာ မဟုတ်ဘူး။
အသိဉာဏ်ပဲ ရသွားတာ။
❖ အဲဒီနှစ်ခုကို နှိုင်းယှဉ်လိုက်မယ်ဆိုရင်တဲ့ _
သဗ္ဗဒါနံ ပေးတာတွေအားလုံးကို
( ဘာပဲပေးပေး ပစ္စည်းဝတ္ထုတွေ ပေးတာတွေ၊
ပေးတာတွေအားလုံးကို)
ဘယ်ဟာက အနိုင်ရထားတုန်း၊
ဘယ်အရာကအုပ်စီးထားတုန်းဆိုရင်
ဓမ္မဒါနလို့ခေါ်တဲ့ ဓမ္မအလှူက အနိုင်ရပါတယ်။
ပညာအလှူက အနိုင်ရပါတယ်လို့ ပြောတယ်။
❖နတ်တွေကတော့
မြတ်စွာဘုရားဒီလောက်ဖြေလိုက်တာနဲ့
သုတို့ကျေနပ်သွားတယ်။
ဘုန်းကြီးတို့တစ်တွေက မကျေနပ်သင့်သေးဘူး။
ဘာဖြစ်လို့ ဓမ္မဒါနက ဒါနအားလုံးကို အုပ်စိုး
ထားနိုင်သလဲ၊
ဓမ္မဒါနက ဘာကြောင့် အမြတ်ဆုံးလဲဆိုတာ
ဆက်ပြီး စဉ်းစားရမယ်။
ဆက်မစဉ်းစားလို့ရှိရင် မသိနိုင်သေးဘူးနော်။
★ `ဓမ္မဒါနအမြတ်ဆုံးဖြစ်ရခြင်း´★
❖ အဲဒါကို ဓမ္မပဒ အဋ္ဌကထာမှာ
အဋ္ဌကထာဆရာက ရှင်းထားတာ
အချက်နှစ်ချက်ပေးထားတယ်။
အချက်နှစ်ချက်က ဘာလဲလို့ဆိုရင်
❖ " လောကမှာ " တဲ့...
" လှူမှုတန်းမှု လုပ်နေကြတာတွေဟာ
ဓမ္မဒါန ဆိုတဲ့ အသိဉာဏ် ရ, ထားတဲ့အပေါ်မှာ
အခြေခံပြီး လှူကြတာတဲ့။
ဆိုလိုတာက တရားဓမ္မနာယူကြရလို့
လူတွေဟာ ဒါနလုပ်နေကြတာ။
တရားမှ မနာယူရင် ဒါနမလုပ်ဘူး။
ဒါကြောင့် ဓမ္မဒါနက ပိုပြီးတော့
အရင်းခံကျတာပေါ့။
ဒါတစ်ခု မှတ်ထားပေါ့နော်။
❖ နောက်အကြောင်းတစ်ခု
ပေးလိုက်တာရှိသေးတယ်။
ဘာတုန်းဆိုတော့ အသိပညာဓမ္မဒါနလို့ခေါ်တဲ့
တရားနာရလို့၊
တစ်ဦးတစ်ယောက်ကမှ တရားကို ရှင်းပြခြင်း ( ရှင်းပြတယ်ဆိုတာ ဓမ္မကို ပေးတာပဲနော် )
အသိပညာပေးခြင်း မရှိဘူးဆိုရင်
ဘုရား၊ ပစ္စေကဗုဒ္ဓကလွဲရင် ဘယ်ပုဂ္ဂိုလ်မှ
တရားထူးတရားမြတ် မရနိုင်ဘူးတဲ့။ ။
❖ရှင်သာရိပုတ္တရာမထေရ်မြတ်တောင်
ရှင်အဿဇိရဲ့ ဖြန့်ဝေမှု ဓမ္မဒါနကို
လက်ခံရရှိမှသောတာပန်ဖြစ်တာ။
ဥပမာမယ် ရှင်အဿဇိက ရှင်သာရိပုတ္တရာကို
သင်္ကန်းတစ်စုံလှူလိုက်မယ်ဆိုရင် ဒီသင်္ကန်းက မဟောင်းခင် မစုတ်ခင်လေးပဲ ဝတ်လို့ရမှာပေါ့။
ဟုတ်ရဲ့လား။
ဆွမ်းလှူလိုက်မယ်ဆိုရင်လည်း
တစ်ရက်စာပဲ ရမှာပေါ့။
ဆွမ်းရဲ့အကျိုးပြုမှုကလည်း ဒီလောက်ပဲ ရှိမယ်။
သင်္ကန်းအကျိုးပြုမှုကလည်း ဒီလောက်ပဲ ရှိမယ်။
အဆောက်အဦးလှူလိုက်မယ်ဆိုရင်လည်း
အဆောက်အဦးရဲ့ အကျိုးပြုမှုကဒီလောက်ပဲရှိမယ်။
❖ ဓမ္မဒါနကြောင့် ဓမ္မကို ရသွားတဲ့အခါ
အကျိုးပြုကျတော့
သံသရာဝဋ်ကလည်းလွတ်သွားတယ်၊
အသိဉာဏ်တွေလည်း ရသွားတယ်၊
နိဗ္ဗာန်ထိအောင်လည်း ရောက်သွားတယ်ဆိုတော့
ဘယ်ကပို အကျိုးတွေ များတုန်း။
( ဓမ္မကို လှူတာက များတယ် ) ဒါကြောင့်မို့
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ လို့ ဒီလိုပြောတာနော်။
❖ အဲဒီတော့ လှူသူနှင့်ယူသူ၊ ပေးသူနှင့်ရသူ အဲဒီနှစ်မျိုးထဲက
ရသူမှာ ပိုပြီးတော့
အကျိုးဖြစ်ထွန်းသည့်အတွက်ကြောင့်
ဓမ္မဒါနက ပိုမြတ်တယ်လို့ ပြောတာ။ နှိုင်းစာလို့မရဘူးနော်။
❖ဘုရားဟောတဲ့တရားဟာ
အရင်းကျကျဟောတာချည်းပဲ။
ဘာရှုထောင့်က ဟောတာတုန်းဆိုတော့
အကျိုးအမြတ်ရှုထောင့်ကဟောတာ။ လက်ခံရရှိသူမှာရလိုက်တဲ့
အကျိုးနှင့်ကြည့်ပြီး တန်ဖိုးဖြတ်တာတဲ့။ ပေးတဲ့လူနဲ့တန်ဖိုးဖြတ်တာ မဟုတ်ဘူးနော်။ လက်ခံရရှိတဲ့ပုဂ္ဂိုလ်မှာ ခံစားရတဲ့အကျိုးကိုကြည့်ပြီး
တန်ဖိုးဖြတ်လိုက်တယ်လို့ဒီလိုမှတ်ရမယ်။
(ပါ​မောက္ခချုပ်ဆရာ​တော်​ ဘုရားကြီး)
Credit : Words_of_Buddha.
[ ဆရာတော်ဟောကြားသော" ၁၂- နှစ်ကြာအဖြေရှာခဲ့ရသောမေးခွန်းများ " မှ
ကောက်နုတ်ထားခြင်းဖြစ်၍အကျယ်အား
အဆိုပါ တရားတော်မှ ဖတ်ရှုနိုင်ပါသည်​]

No comments:

Post a Comment