ဝိပဿနာနှင့်ဘဝအောင်မြင်ရေး(ဘဝနေနည်းဒဿန)
◾◽◾◽◾◽◾◽◾
ဒီဆောင်းပါးကိုရေးမယ်လို့ စိတ်ကူးမိလိုက်တော့ စိတ်ထဲမှာ မဝံ့မရဲ ဖြစ်မိပါရဲ့ ။ အမွန်မြတ်ဆုံး နှိုင်းတုမရတဲ့ သန္တိသုခကို ပေးနိုင်စွမ်းတဲ့ ဝိပဿနာတရားတော်မြတ်ကို ဘာမဟုတ်တဲ့ လောကီအောင်မြင်မှုလေးလောက်အတွက် အသုံးချဖို့ ရေးရမှာဆိုတော့ တရားတော်များ သေးနုပ်သွားရာ ရောက်သွားလေမလားလို့ပေါ့ ။
ဒါပေမဲ့ ဒေးကာနယ်လ်ဂျီ ရဲ့ ” How to stop worrying and Start living ” တို့ ၊ စတီဗင် - အာရ် - ကိုဗေးရဲ့ ” The ( 7 ) Habbits of Highly Effective People ” တို့ ၊ ဒဲနီယယ်ဂိုလ်မင်းရဲ့ ” Emotional Intelligence ” စတဲ့ တက်ကျမ်းတွေ ဖတ်မိတော့ သူတို့ညွှန်ပြတဲ့ လိုက်နာကျင့်ကြံရမဲ့ အဓိက အရေးအပါဆုံး အချက်ဆိုတာတွေဟာ ဝိပဿနာတရားတော်ရဲ့ အခြေခံအဆင့်လောက်ပဲ ရှိတာ တွေ့ရတယ် ။ ဝိပဿနာတရားရဲ့ အခြေခံလေးလောက်ကို သူတို့ ရေးကြီးခွင်ကျယ် လုပ်ပြောနေကြတာကိုး ။
ဟာ,ဒါဆိုရင် တို့တစ်တွေ တကယ့်ရတနာသိုက်ထဲကို ရောက်နေကြတာပေါ့ ။ ဒီလို ရတနာသိုက်ထဲ ရောက်နေမှန်းကို လူတွေ - အထူးသဖြင့် လူငယ်တွေ သိစေချင်တဲ့ စေတနာ နှိုးဆော်လို့ ဒီဆောင်းပါးကို ရေးဖို့စိတ်ကူးမိတာပါ ။
Stephen covey က အစွမ်းထက်မြက်တဲ့ လူတစ်ယောက်ဖြစ်ဖို့ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်မြင်နိုင်တဲ့ သတိတရား (self - awareness) က အဓိက ကျတယ်လို့ အလေးအနက် ပြောပါတယ် ။ကိုယ့်မှာ ဖြစ်လာတဲ့ စိတ်ခံစားမှုတွေကို သိနေအောင် လေ့ကျင့်ဖို့ တိုက်တွန်းပါတယ် ။
ဝိပဿနာဆိုတာလဲ ကိုယ့်ကိုယ်ကိုယ် ၊ ကိုယ့်စိတ်ကိုကိုယ် အမှန်အတိုင်း သိဖို့ သတိတရားကောင်းအောင် လေ့ကျင့်တဲ့ ကျင့်စဉ်ပါ ။အပေါ်ယံ ဖြစ်လာတဲ့ စိတ်ခံစားမှုမျိုးတွေတောင် မကပါဘူး ၊ ဟိုးစိတ်အတွင်းပိုင်း အူထဲ အသည်းထဲက မသိမသာ ခံစားမှုတွေကိုပါ သိအောင်ထိ သတိကို လေ့ကျင့်ပျိုးထောင်ရတဲ့ ကျင့်စဉ်ပါ ။
ဒါပေမဲ့ လူတွေက ဝိပဿနာအားထုတ် ဆိုရင် ဘုရားခန်းလို နေရာမျိုးမှာ မလှုပ်မရှက်ထိုင်ပြီး ဒုက္ခတွေခံနေရမယ်လို့ ထင်တတ်ကြတယ် ။အမှန်တော့ လုပ်နေ ကိုင်နေရင်း ၊ စားနေ သောက်နေရင်း သွား ၊ ရပ် ၊ ထိုင် ၊ လျောင်း အခြေအနေ အားလုံးမှာ ကိုယ့်ကိုယ်ခန္ဓာမှာ ပြောင်းလဲနေတာတွေ ၊ စိတ်တွေအမျိုးမျိုး ဖြစ်နေတာတွေကို သိနေအောင် သတိနဲ့ စောင့်ကြည့်ရတဲ့ လုပ်ငန်းပါ ။
အချိန်တိုအတွင်း Stephen covey ပြောတဲ့ self - awareness ရလာနိုင်ပါတယ် ။
ဒဲနီယယ်ဂိုလ်မင်းကလည်း အီးကျု ကောင်းဖို့အတွက် ဒါကိုပဲ အဓိကထားပြီး ပြောပါတယ် ။
ဝိပဿနာအားထုတ်လို့ ကိုယ့်စိတ်ခံစားမှုကို ကိုယ်သိနေလောက်အောင် သတိအားကောင်းလာတဲ့အခါ ကိုယ့်စိတ်ကိုကိုယ် လိုသလို ထိန်းကျောင်းနိုင်တဲ့ မာလိန်မှုးကောင်းတွေ ဖြစ်လာပါလိမ့်မယ် ။
ဥပမာ ဒေါသစိတ်ဖြစ်လာတယ်ဆိုပါစို့ ။ ကိုယ့်မှာ ဒေါသစိတ်ဖြစ်မှန်း သိလိုက်ရင် ၊ ဒီဒေါသစိတ်ကို မြင်အောင် ကြည့်လိုက်နိုင်လို့ရှိရင် ဒေါသကအားပျော့သွားပါတယ် ။ဒေါသရဲ့ လွှမ်းမိုးမှု မခံရတော့ဘူးပေါ့ ။ ဒီတော့အမှားအမှန်ကို ဆင်ခြင်နိုင်တဲ့ အသိစိတ် (Conscience) အားကောင်းလာပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မှု (Independent Will) ရှိလာပါမယ် ။
ဒေါသဖြစ်မှန်း မသိရင် ၊ ဒေါသကို မြင်အောင် မကြည့်နိုင်ရင်တော့ ဒေါသရဲ့လွှမ်းမိုးမှုအောက်ရောက်သွားပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ် ။
ဒီလိုပဲ တခြားမကောင်းတဲ့စိတ်တွေ ဖြစ်လာရင်လဲ သတိနဲ့ ရှုမှတ်ပြီး ပယ်ဖျောက်ပစ်နိုင်ပါတယ် ။
စွမ်းရည်ထက်မြက်ပြီး ပေါင်းသင်းဆက်ဆံရေး အောင်မြင်တဲ့သူ ဖြစ်ဖို့ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်တွေ ၊ ကြီးနိုင်ငယ်ညှင်းစိတ်တွေ ၊ မနာလို ဝန်တို စိတ်တွေ ၊ လောဘ ဒေါသ မာန်မာန တွေ မထားဖို့ တက်ကျမ်းတွေက ဆိုပါတယ် ။ ပြောရတာ လွယ်ပေမဲ့ ဒီစိတ်တွေ ဖြစ်မလာအောင် လုပ်ဖို့ကမလွယ်ပါဘူး ။ စိတ်ဆိုးစိတ်ရိုင်းတွေ မပေါ်နဲ့လို့ ပါးစပ်က ပြောလို့မရပါဘူး ။ အကြောင်းတိုက်ဆိုင်ရင်တော့ ပေါ်လာမှာပါပဲ ။ ကိုယ့်စိတ်ကိုကိုယ် မြင်အောင် ကြည့်နိုင်တဲ့ သတိရှိမှသာ ဒီစိတ်ဆိုးစိတ်ရိုင်းတွေကို ပယ်သတ်နိုင်မှာပါ ။ဒီလို ပယ်သတ်နိုင်မှလည်း အမှားအမှန် ဆင်ခြင်နိုင်တဲ့ အသိစိတ် ဖြစ်လာမှာပါ ။
ဝိပဿနာက အပေါ်ယံ စိတ်အလွှာထဲ ရောက်လာတဲ့ စိတ်ဆိုးစိတ်ကြမ်းတွေကိုတင် မကပါဘူး ဟိုးစိတ်အတွင်းလွှာထဲမှာ အနုသယသဘော ကိန်းဝပ်နေတဲ့ ဥပါဒါန်အစွဲဆိုးတွေထိ ရှုမှတ်ပယ်သတ်နိုင်စွမ်း ရှိပါတယ် ။
စိတ်ဆိုးစိတ်ရိုင်းတွေကို တမင်တကာ ဖိနှိပ်ပယ်ဖျောက် နေရတာမျိုးမဟုတ်ဘဲ ဖြစ်ကိုမလာအောင် ၊ လုံးဝဥဿုံ ချုပ်ငြိမ်းသွားအောင်အထိကို စွမ်းဆောင်နိုင်ပါတယ် ။
ပြီးတော့ ဒီစိတ်ရိုင်းတွေကို ပယ်သတ်နိုင်ရင် မေတ္တာ ၊ကရုဏာ ၊မုဒိတာဆိုတဲ့ စိတ်ကောင်းစိတ်မြတ်တွေ အလိုလို အစားထိုး ဝင်လာပါလိမ့်မယ် ။ ညှာတာထောက်ထားမှု ၊ ရိုးသားမှု ၊ သစ္စာရှိမှု ၊ သမာသမတ်ကျမှု ၊ နှိမ့်ချမှု ၊ သည်းခံမှု ၊တရားမျှတမှု စတဲ့ အခြေခံ သီလတွေနဲ့ ပြည့်စုံလာပြီး ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်လာပါလိမ့်မယ် ။ပါစင်နယ်လတီ (personality) ကောင်းတဲ့ လူတစ်ယောက် ဖြစ်လာပါလိမ့်မယ် ။
နောက်ပြီး ဘဝတိုးတက်အောင်မြင်ရေးအတွက် အဓိက ရန်သူကတော့ စိုးရိမ်စိတ် သောက ပါပဲ ။ သောကသာဖြစ်လာရင် လေဖြတ်ခံရတဲ့သူလို မလှုပ်ချင် မရွေ့ချင်နဲ့ လေးလံထိုင်းမှိုင်းပြီး အဖိုးကြီးအို အဖွားကြီးအိုရုပ် တန်းပေါက်သွားတော့ တာပါဘဲ စိတ်အေးချမ်း ပျော်ရွှင် တက်ကြွမှုတွေ အကုန်လုံး ပျောက်ဆုံးသွားတော့တာပါပဲ ။
သောကကို ကြာကြာလက်ခံထားရင်တော့ နှလုံးရောဂါ ၊ အစာအိမ်ရောဂါ ၊ သွေးတိုးရောဂါ ၊ ကင်ဆာ စတဲ့ ရောဂါပေါင်းစုံ စုဝေးဝင်လာတတ်ပါတယ် ။ ဒါကြောင့် စိုးရိမ်သောကတွေ ကိုယ့်မှာ မရှိအောင် နေတတ်ဖို့ လိုပါတယ် ။ဒါပေမဲ့ လူတွေမှာ သောက မကင်းကြပါဘူး သောကကင်းကင်းနဲ့ အမြဲတန်းပျော်နေတဲ့သူတွေ ရှာမှရှားပါ ။ လူတစ်ခု ပူမှုထွေထွေတဲ့ ။
ဒေးကာနယ်လ်ဂျီကတော့ သောကကင်းဝေးစေဖို့ ” one step enough for me ” တဲ့ ။ ခရီးတာ ဝေးဝေးလံလံကို မကြည့်ပါနဲ့ ။ ခြေတစ်လှမ်းစာပဲ ကြည့်ပါတဲ့ ။ သူက အတိတ် နဲ့ အနာဂါတ်ကို တံခါးအသာလေးပိတ်ထားပြီး ဘဝရဲ့ တစ်နေ့တာလေးကိုပဲ အကန့်လေး လုပ်ပြီး နေပါတဲ့ ။
ဝိပဿနာ ဆိုတာလဲ စိတ်ကို တစ်နေ့တာ အတွင်းတောင်မှ မဟုတ်ပါဘူး ၊ပစ္စုပ္ပန်တည့်တည့်ကို့ သိနေ ရှုနေဖို့ အားထုတ်ရတဲ့ ကျင့်စဉ်ပါ ။ဒိဋ္ဌေဒိဋ္ဌ မတ္တံ တဲ့ ၊ ပစ္စုပ္ပန်ဆတ်ဆတ်မှာကို စိတ်ကိုထားရတာပါ ။ ကျင့်ရတာ ပိုအဆင့်မြင့်သလို ရလာမဲ့အကျိုးကျေးဇူးကလည်း အနှိုင်းမဲ့ပါပဲ ။
မိမိတို့က အဓွန့်ရှည်ကြာတဲ့ အတိတ်ကာလ လဟာပြင် ကျယ်ကြီးနဲ့ အဆုံးအစမရှိ ကျယ်ပြောလှတဲ့ အနာဂါတ်ကာလ အဏ္ဏဝါဗွေကြီး နှစ်ခုအကြား ပစ္စုပ္ပန် နေရာ ကျဉ်းကျဉ်းလေးမှာ အခိုက်အတန့်လေး နေရတာပါ ။အတိတ်ကာလ လဟာပြင်ကျယ်ကြီးထဲ လှမ်းမိလိုက်ရင် ကိုယ်ရောစိတ်ပါ အကျိုးမဲ့ ဒုက္ခသုက္ခတွေနဲ့ ရင်ဆိုင်ရမယ် ။ အနာဂါတ်ကာလ အဏ္ဏဝါပင်လယ်ထဲ လက်ပစ်ကူးရင်လဲ စုန်းစုန်းမြုပ်သွားပါလိမ့်မယ် ။ ဒါကြောင့် ကိုယ်နဲ့ သက်ဆိုင်တဲ့ ပစ္စုပ္ပန်တည့်တည့်မှာပဲ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ လိုပါတယ် ။
အတိတ်ကို တွေးနေ လွမ်းနေပြီး အတိတ်က အမှားတွေကို ပူဆွေး နောင်တ ရနေမဲ့အစား ၊ အနာဂါတ်ကို လှမ်းမျှော်ပြီး ပူပင် ကြောင့်ကြ နေမဲ့အစား အခု ပစ္စုပ္ပန်ကာလမှာ အကောင်းဆုံး လုပ်နေဖို့ လိုပါတယ် ။
ဝိပဿနာအားထုတ်လို့ စိတ်ကို ပစ္စုပ္ပန်မှာ ထားတတ်တဲ့ အလေ့အကျင့်ရလာရင်တော့ ဘယ်သောက မှ ကိုယ့်ကို မကပ်ညိနိုင်တော့ပါဘူး ။ ပိန်းကြာရွက် ရေမတင်သလို ပေါ့ ။
သောက ရောက်လာရင် လ္ဘက်ရည်ဆိုင်သွားထိုင်တာတို့ ၊ သီချင်းအော်ဆိုတာတို့နဲ့ လမ်းလွှဲဖြေရှင်းလို့ ရတယ်ဆိုပေမဲ့ ကောင်းတဲ့ နည်းတော့ မဟုတ်ပါဘူး ။ အရက် ၊ မူးယစ်ဆေးဝါးတို့နဲ့ တွေ့သွားတတ်ပါတယ် ။
ပြီးတော့ ဒုက္ခဆင်းရဲ ကြုံရတဲ့အခါ ဒီလောက်လေးပဲ ဖြစ်တာ တော်သေး ၊ လူမှမသေပဲ တော်ပါသေးတယ် စသဖြင့် ယောနိသောမနသိကာယ နှလုံးသွင်းမှန်မှန်နဲ့ ရင်ဆိုင်ရင်လဲ သက်သာရာ ရတတ်ပါတယ် ။အခု ပူပန်နေရတဲ့ ကိစ္စဟာ တကယ်ဖြစ်လာသေးတာမှ မဟုတ်ဘဲ အချည်းနှီး ပူပန်နေတာပါလို့ ဆင်ခြင်လိုက်ရင်လဲ သောကလျော့သွားတတ်ပါတယ် ။
အကောင်းဆုံးကတော့ ဝိပဿနာ အားထုတ်တာပါပဲ ။ ”မိမိပိုင်ဆိုင် ဆက်ဆံနေရတဲ့ အရာအားလုံးသည် မတည်မြဲ ၊ ပျက်တတ်သေတတ်သည် ၊၊တစ်နေ့နေ့မုချ ကွေကွင်းရမည်” ဆိုတာကို လက်ခံနိုင်တဲ့ ဉာဏ်ရလာတဲ့အခါ ပျက်စီးခြင်းနဲ့ကြုံဦး ၊ ဒါဖြစ်ရိုးဖြစ်စဉ် ဖြစ်စရာရှိလို့ ဖြစ်လာတာလို့ ဉာဏ်က လက်ခံလိုက်တဲ့အတွက် ယူကြုံးမရ အပူလုံး မကြွတော့ပါဘူး ။
ဒါကြောင့် ဝိပဿနာဆိုတာ သန္တိသုခ့ နိဗ္ဗာန်ထိ မရောက်စေဦးတော့ လောကီအတွက် ကောင်းကျိုးတွေ တစ်ပုံတစ်ပင်ကြီး ပေးပါတယ် ။ ကံ,ဉာဏ်, ဝီရိယ သုံးပါးစလုံး တက်စေတဲ ကျင့်စဉ်ပါ ။
ဒါပေမဲ့ လူတွေက ဝိပဿနာဆိုရင် ဘုန်းကြီးတွေ ၊ ပုတီးလည်ဆွဲထားတဲ့ ယောဂီတွေ ၊လူအိုလူမင်းတွေရဲ့ အလုပ်လို့ ထင်တတ်ကြတယ် ။ပထမအရွယ် ပညာရှာ ၊ ဒုတိယအရွယ် စီးပွားရှာ ၊တတိယအရွယ်မှ တရားရှာ ဆိုတာတွေ ကြားဖူးထားကြတာကိုး ။ ကံမွဲ ဉာဏ်မွဲ တုန်တုန်ချိချိနဲ့ သင်္ချိုင်း ခြေတစ်ဖက်လှမ်းတဲ့အချိန်ကျမှ လူ့ဘဝရဲ့ တိုးတက်ရာ တိုးတက်ကြောင်းတွေ သိလာတော့လဲ ဘာမှအသုံးဝင်တော့မှာမဟုတ်ပါဘူး ။
ဗုဒ္ဓအဆုံးအမတွေ စုပုံနေတဲ့ ပညာသိုက်ထဲ ရောက်နေကြပြီး ရတနာပုံပေါ် တက်ထိုင်နေပေမဲ့ ဘာအသိတရားမှ မရကြလို့ ပထမအရွယ်မှာ ပညာမရှာပဲ ကြင်ယာရှာတာတို့ ၊ ဒုတိယအရွယ်မှာ စီးပွားမရှာနိုင်ပဲ အပျော်ရှာတာတို့ ဖြစ်ကုန်ကြတာပါ ။ဆေးစွဲ အရက်စွဲ အေကိုက်နဲ့ ရောဂါရှာဖို့ တတိယအရွယ်တောင် မရောက်လိုက်ကြတော့ပါဘူး ၊ သေမင်းနောက် ကောက်ကောက်ပါသွားကြရော ။
နောက်ပြီး ဝိပဿနာဆိုတာ ဘာသာရေးမဟုတ်ပါဘူး ။ ဘာသာရေး အခမ်းအနား တွေနဲ့ မဆိုင်ပါဘူး ။သံသရာဆင်းရဲဒုက္ခ ၊ လောကီ ဆင်းရဲဒုက္ခတွေ ငြိမ်းအောင် ဘုရားရှင်က မဟာကရုဏာတော်နဲ့ ဖော်စပ်ဟောပြောခဲ့တဲ့ ဆေးပါ ။ ဘယ်သူဖြစ်ဖြစ် ၊ ဘယ်လူမျိုး ဘယ်ဘာသာဝင်ဖြစ်ဖြစ် သောက်ရင်တော့ လက်ရှိလူ့ဘဝမှာကိုပဲ လူမှုဒုက္ခတွေ ၊ ပူပင် သောကဆင်းရဲတွေ ကင်းဝေးပြီး ပါစင်နယ်လတီကောင်းတဲ့ ၊ အီးကျု အိုင်ကျု မြင့်တဲ့ ဘက်စုံထူးချွန်တဲ့ လူသားတစ်ယောက် ဖြစ်လာပါလိမ့်
မယ်။
ဒါကြောင့် လောကီ လောကုတ္တရာ နှစ်ဖြာအကျိုးပေးမဲ့ သားရွှေအိုးထမ်းတဲ့ ဝိပဿနာအလုပ်ကို လူတိုင်း လူတိုင်း အားထုတ်ကြစေချင်ပါတယ် ။
ထင်ကျော် (စက်မှုတက္ကသိုလ်)ရေးသားသည်။
No comments:
Post a Comment