Monday, January 21, 2019

လူတွေမုန်းတဲ့အမှန်တရား


လူတွေမုန်းတဲ့အမှန်တရား
==================
လောကရဲ့ အမှန်တရားတွေထဲမှာ လူတွေမုန်းတဲ့အမှန်တရားကတော့ သေခြင်းတရား၊ မမြဲခြင်းတရား၊ ဆင်းရဲခြင်းတရား နဲ့ ကိုယ်မပိုင်ဘူးဆိုတဲ့ သဘောတရား (အနတ္တ) တရားပါပဲ။
ဘယ်တော့မဆို ဒီစကားသံကိုကြားရင် ကျင်စက်နဲ့တို့လိုက်သလို၊ ဆားနဲ့ပက်လိုက်သလို ခံစားကြပါတယ်။ ဒီစကားပြောသူကိုလည်း တရားဟောချိန်ကလွဲလို့ မနှစ်မြို့တတ်ပါဘူး။
မပိုင်တာကို မပိုင်ပါဘူးလို့ပြောလဲ၊ မျက်နှာမဲ့ကာရွဲ့ကာနဲ့ အပြစ်မြင်တတ်ပါတယ်။ တရားဘယ်လောက်နာနာ အဲဒီတရားထဲကစကားတွေကို သူ့ဘ၀ထဲကို ယူမသွားပါဘူး။
နားလည်တယ်ပြောပြီး မိုက်မြဲဆက်မိုက်နေကြတာပါပဲ။ အမှန်တရားကြီးကို မြင်နေတာကတော့ မသေမချင်းဆက်မိုက်သွားဦးမယ်ဆိုတာပါပဲ။ ဘာကြောင့်လဲဆိုတော့ လောကမှာ အပြစ်လုပ်သူတွေများနေတာ တွေ့နေရလို့ပါပဲ။
အပြစ်လုပ်ပြီးရင် အပြစ်ရဲ့ဒဏ်ဆိုတာရှိတယ်၊ ပစ္စုပ္ပန်မှာလည်း ဒဏ်ရှိသလို၊ တမလွန်အထိ ဒဏ်ကလိုက်လာမှာပါ။ ဒါပေမဲ့ ကြောက်သလားမေးရင် မကြောက်ပါဘူး။ ဘာကြောင့်ပြောရတာလဲဆိုတော့ ပြစ်မှားသူတွေကို မေးလိုက်ရင်၊ "ဘာမှားလို့လဲ၊ ငါဘာလုပ်လို့လဲ၊ ငါမှန်တာပြောတာလေ။" ဆိုတာပဲ ပြောပါလိမ့်မယ်။
နားမခံသာအောင် သူများစိတ်ထိခိုက်အောင်၊ စိတ်ဆင်းရဲအောင်၊ စိတ်အနှောက်အယှက်ဖြစ်အောင် ပြောဆိုစော်ကားပြီးလည်း "ဘာမှားလို့လဲ" ဆိုတဲ့ စကားပဲကြားရတတ်ပါတယ်။ မာန်တစ်အားတက်ပြီး မောက်မာနေတာ၊ ကိုယ့်ကိုယ်ကို အထင်ရောက်နေတာပါ။
သူစော်ကားထားတာတွေ များနေပေမဲ့ ဘယ်တော့မှ တောင်းပန်မှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူကသေတဲ့အထိ အမြင်မှန်ရမဲ့သူ မဟုတ်လို့ပါပဲ။ စကားလုံး အရမ်းကြမ်းပါတယ်။ စိတ်မထင်ရင် ဘုန်းကြီးကိုတောင် အောက်တန်းစားအဆင့်ရောက်အောင် ပြောဆိုဆက်ဆံတတ်ပါတယ်။ အဲဒီ ၀စီကံကြီးကို သူက "ဘာမှားလို့လဲ" ပြောနေတုန်းပါပဲ။
တရားခံကတော့ တတ်ရောင်ကား ထင်တစ်လုံးရောက်နေတာ၊ အတ္တလွှမ်းနေတာပါ။ လူတွေနဲ့ လိုက်လျောညီထွေမရှိတတ်ပါဘူး။ ပတ်ဝန်းကျင်ကို အမြဲစော်ကားတတ်ပါတယ်။ အဲဒါ ကံတွေပဲပေါ့။
သူ သေခြင်းတရားကို မမြင်ပါဘူး၊ မမြဲခြင်းကို မမြင်ပဲ ဂုဏ်သာ ဘ၀ဖြစ်နေပါတယ်။ ဆင်းရဲခြင်းကိုမမြင်ပဲ သူတစ်ပါးကို လွှမ်းမိုးလိုမှုသာ ကြီးစိုးနေပါတယ်။ ကိုယ်မပိုင်ဘူးဆိုတာကို မမြင်ပဲ၊ အခုထိ ဖန်တီးချင်နေတုန်းပါ။ ကုရာနတ္ထိ ဆေးမရှိပါပဲ။
တရားသဘောရဲ့ ဆန့်ကျင်ဘက်အမြင်တွေနဲ့၊ အမှန်စကားကို နားခါးနေဆဲ၊ အမှန်တရားကို လက်မခံချင်ဆဲဖြစ်နေတဲ့ အဲဒီသက်ရှိမျိုးတွေဟာ အတ္တအမှောင်ဖုံးလွှမ်းခံနေရပြီး သေသည်အထိမိုက်သွားမှာပါပဲ လို့ပြောပါရစေတော့။
ပရိသတ်အားလုံး အဲလိုလူစားမဖြစ်ပါစေနဲ့။
အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်
မေတ္တာဖြင့်ရေးသားသည်။

No comments:

Post a Comment