🍁မေတ္တာစိတ်ဖြစ်အောင် ဘယ်လိုလုပ်မလဲ🍁
++++++++++++++++++++++++++
လူတိုင်း အမှန်တရား လက်ကိုင်ထားတယ်လို့ ပြောကြတယ်။
ဒါပေမယ့် လူကြားထဲ အမှန်အတိုင်းသွား
ပြောရင် အဆင်မပြေဖြစ်ကြတာ များတယ်။
အိမ်မှာ ကိုယ်က မှန်အောင်နေတယ်။
ဒါပေမဲ့ တစ်အိမ်လုံးနဲ့အဆင်မပြေ ဖြစ်တယ်။
ကိုယ့်အတွက်ကမှန်တယ်။ ဒါပေမယ့်
အားလုံးနဲ့ အဆင်မပြေဘူး။ မနေတတ်
သေးလို့နဲ့ တူပါတယ်။ ဟုတ်လား။
သူအဆင်မပြေဘူး။ ကိုယ်အဆင်ပြေ နေတယ်။ဒီအချိန်မှာ ကိုယ့်ဆီမှာ သနား ကြင်နာတဲ့စိတ်ကလေး ရှိနေဖို့လိုတယ်။
"ကိုယ့်ကံနဲ့ ကိုယ်လာတာ" ဆိုတဲ့စကားကို အဆင်ပြေနေတဲ့သူက အဆင်မပြေဖြစ်နေတဲ့ သူကို ပြောလိုက်တဲ့အခါ မှန်တော့ မှန်တယ်။
ဒါပေမယ့် ခံရတဲ့သူ ကြားရတဲ့သူအတွက် အဆင်မပြေနိုင်ဘူး။ ခံရခက်တယ်။
"ဗြဟ္မာ့ဝိဟာရ တရားလေးပါး" နဲ့
နေနိုင်မှ အားလုံးနဲ့ အဆင်ပြေမယ်။
ဗြဟ္မာ့ဝိဟာရ တရားလေးပါးဆိုတာ
မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ
တရားတွေကို ခေါ်တာ...
မေတ္တာထားပါ။ သနားရမယ့်သူကို သနားပါ။
သူများကြီးပွား ချမ်းသာနေတာကို မုဒိတာ
ပွားပါ။ ဥပေက္ခာပြုသင့်တာကို ဥပေက္ခာပြုပါ။
ကိုယ်က လူတစ်ယောက်ကို မေတ္တာ ထားလို့လည်း မရဘူး။ သနားလို့လည်း
မရဘူး။
မုဒိတာပွားလို့လည်း မရဘူး ဆိုရင်တော့ ဘယ်လိုမှ လုပ်လို့မရဘူး ဆိုရင်တော့ ဥပေက္ခာပြုလိုက်ပါ။
ဈာန်ငါးပါးမှာ ဥပေက္ခာက
ပဉ္စမဈာန်ကို ရောက်တယ်။
"အိမ်ပူတယ်"ဆိုတာ အိမ်က လူတွေ အိမ်မှာနေတဲ့သူတွေ ပူလို့ အိမ်ပူတာ။
"ကမ္ဘာကြီးပူတယ်" ဆိုတာ ...
ကမ္ဘာကြီးမှာ နေတဲ့သူတွေ ပူလို့။
လူတွေ ကိုယ်မှန်တယ် ထင်ပြီး
ထင်တာ လုပ်လေလေ ပိုပူလာလေလေပဲ။
မပူအောင် မှန်အောင်နေပါ။
ဗြဟ္မာ့ဝိဟာရ တရားနဲ့ နေပါ။
မေတ္တာထားတယ် ဆိုတာ
လောဘ မဖြစ်အောင်နေတာ။
ကရုဏာထားတယ် ဆိုတာ
ဒေါသ မဖြစ်အောင်နေတာ။
မုဒိတာပွားတယ် ဆိုတာ
လောဘ ဒေါသ မဖြစ်အောင်နေတာ။
ဥပေက္ခာထားတယ် ဆိုတာ
မောဟ မဖြစ်အောင်နေတာ။
မေတ္တာစိတ်ကို လက်တစ်ဖျစ်တီးလောက် တစ်စက္ကန့်လေးလောက် ထားကြည့်ပါ။
လက်တစ်ဖျစ်လောက် မေတ္တာစိတ်ထား
တာနဲ့ လက်တစ်ဖျစ်စာ သီလလုံတယ်။
သမာဓိရတယ်။
လက်တစ်ဖျစ်စာ သီလ သမာဓိ ပညာ သိက္ခာသုံးမျိုးလုံး ကျင့်ပြီးသားဖြစ်သွားတယ်။
မေတ္တာစိတ်ဖြစ်အောင် ဘယ်လိုလုပ်မလဲ။
မတည့်တဲ့သူ မုန်းတဲ့သူအကြောင်း မစဉ်းစားနဲ့။
ချစ်တဲ့သူအကြောင်းလည်း မစဉ်းစားနဲ့။
မုန်းတဲ့သူအကြောင်း စဉ်းစားရင်
ဒေါသ ဖြစ်မယ်။
ချစ်တဲ့သူအကြောင်း စဉ်းစားရင်
တဏှာ ဖြစ်မယ်။
တဏှာနဲ့လည်း မချစ်နဲ့။
ဒေါသနဲ့လည်း မမုန်းနဲ့။
ကိုယ့်ကိုယ်ကို စပြီး မေတ္တာပို့။
လူတွေ မေတ္တာ နေ့တိုင်းပို့နေကြတယ်။
မေတ္တာသုတ်တွေ ရွတ်တယ်။
ဒါပေမဲ့ တစ်ယောက်ကိုတစ်ယောက် တကယ် မေတ္တာရှိလို့လား။ အကျင့်ပါနေလို့ ပို့ကြတာလား။
မေတ္တာဆိုတာ ကိုယ့်မှာ ရှိနေဖို့။
သူများကို ပေးဝေဖို့လိုတယ်။
လက်တစ်ဖျစ်စာကနေ
ရအောင်လုပ်ကြပါ။
ကမ္ဘာကြီးပူနွေးလာတာ လူတွေရဲ့
လောဘ ဒေါသ မောဟတွေကြောင့် ဖြစ်တာ။
တချို့က သစ်ပင်တွေ
ခုတ်လို့လို့ ပြောကြတယ်။
တချို့က ဘာတွေသုံးလို့
ညာတွေသုံးလို့ ဆိုပြီးပြောတယ်။
တကယ့်တရားသဘောနဲ့ကြည့်ရင်
လောဘ ဒေါသ မောဟ တွေကြောင့်။
လူတွေ သစ်ပင်ခုတ်တယ်။ ခုတ်တဲ့သူတွေက အခုတ်ခိုင်းတဲ့ သူတွေရှိလို့ ခုတ်တယ်။
အခုတ်ခိုင်းတဲ့သူတွေက သူတို့ ကိုယ်တွင်းက လောဘ ဒေါသ မောဟတွေကြောင့် အခုတ် ခိုင်းတာ။
မေတ္တာစိတ်ဆိုတာ ပင်ကိုယ်ဓါတ်ခံ
ကောင်းရင် ဖြစ်လွယ်တယ်။
မုန်းစရာ ချစ်စရာအာရုံတွေကို
ရှောင်ပြီး အာရုံပြု။
ဥပမာ … မိဘကျေးဇူးကို အာရုံပြု ကိုယ့် အကြောင်းကိုယ် စဉ်းစားရင်လည်း အဆင် ပြေတယ်။ မေတ္တာစိတ် ဖြစ်လွယ်တယ်။
သူများအကြောင်းတွေ စဉ်းစားရင်တော့
ချစ်တဲ့ မုန်းတဲ့စိတ်တွေ ဖြစ်လာနိုင်တယ်။
ကိုယ်နဲ့ မတည့်တဲ့သူအကြောင်းဆိုရင် မစဉ်းစားဘဲနဲ့ ပေါ်နေတတ်တယ်။
မတည့်တဲ့ သူအကြောင်းကို စဉ်းစား
ပေါ်လာတဲ့ သူ့မျက်နှာကို မြင်ပြီး
ကိုယ်တစ်ယောက်ထဲ ရန်ဖြစ်နေတာ။
တွေးတိုင်း ပြန်ပေါ်တယ်။ မပြီးနိုင်တော့ဘူး။
ဒါ ကိုယ့်လောက် ရူးတဲ့သူမရှိတော့ဘူးလေ။
ကိုယ့်စိတ်တွေပဲ ပူလောင်လာမယ်။
သူကတော့ သိမှာတောင်မဟုတ်ဘူ။
အိပ်ခါနီး ချက်ချင်းအိပ်မပျော်သေးခင် ကိုယ်မေတ္တာပို့နိုင်သူ ကိုယ်မေတ္တာ
ပို့ရမယ့်သူတွေကို မေတ္တာပို့ပါ။
မနက်အိပ်ယာက နိုးတာနဲ့
နိုးနိုးချင်း မေတ္တာပွားပါ။
ဘယ်သူ့အပေါ်မှ မမုန်းဘဲ နေနိုင်တဲ့
အစွမ်း,စိတ် ရှိနိုင် ထားနိုင်ရမယ်။
အခုခေတ်လူတွေက ကိုယ့်စိတ်ထဲမှာ အချိုးမကျတဲ့သူ ကိုယ်နဲ့စိတ်တိုင်းမကျတဲ့
သူကို မြင်လေ မေတ္တာစိတ်ပျောက်လေလေ ဖြစ်တတ်ကြတယ်။
တွေးတာနဲ့တောင် ဒေါသတွေ အမျက်ချောင်းချောင်း ထတတ်ကြတယ်။
အမှန်တရားကိုလည်း ကြိုက်ပါ။ နေတတ်အောင်လည်း နေပါ။
ကိုယ့်စိတ်တိုင်းကျ
အချိုးကျတဲ့သူဆိုတာ မရှိနိုင်ဘူ။
ကိုယ့်ကိုယ်ကိုတောင် စိတ်တိုင်းကျကြရဲ့လား။ ကိုယ့်ဘဝကိုတောင် ကိုယ်ကျေနပ်လို့လား။
ကိုယ်ပြင်ပေးလိုက်လို့ ကိုယ်ပြောလိုက်လို့ အချိုးကျသွားတယ်ဆိုတဲ့သူ ဘယ်နှယောက် ရှိခဲ့ဘူးလဲ။
ကိုယ့်မှာ မေတ္တာတကယ်ရှိလာရင်
မျက်စိထဲမှာ အားလုံး အချိုးကျလာမယ်။
မေတ္တာစိတ်လေးထားတာသည် သီးခံခြင်း အကျင့်ကို ကျင့်ရာရောက်တယ်။ အားလုံး အကျိုးများတယ်။
သီလ သမာဓိ ပညာ
ထူထောင်ပြီး ဖြစ်တယ်။
ကိုယ်မေတ္တာပို့ချင်တဲ့သူကို အာရုံစိုက်ပြီး
ပို့ပြီးရင် လူ သတ္တ၀ါတွေကို မေတ္တာပို့။
မိဘ ကျေးဇူးရှင် ဆရာသမားတွေကို စူးစိုက် အားထည့်ပြီး မေတ္တာပို့လိုက်တာနဲ့ အာရုံ
ထဲမှာ သူတို့ပုံတွေ ပေါ်လာမယ်။
ဒီလိုလုပ်တာမှာ အားစိုက်ထုတ်တာလေး
ရှိတယ်။ ရည်မှန်းတဲ့ ဓာတ်ကလေးပါတယ်။
ဒါက "သြဒိသ"ရည်စူးပြီးပို့တဲ့ မေတ္တာ။
စိတ်ကို မှန်လိုကြည်အောင်နေ။
မေတ္တာစိတ်လေးနဲ့ နေ။ ဒါက
"အနောဒိသ" မရည်စူးပဲ ပို့တဲ့မေတ္တာ။
"သြဒိသ"မေတ္တာမှာ စူးစိုက်တဲ့ ဈာန်သဘော
ပါတယ်။ ဈာန်က အားးစိုက်ရတယ်။ သူက
"သမထ"
"အနောဒိသ" မေတ္တာမှာ ဥာဏ်သဘော
ပါတယ်။ ဥာဏ်က အားစိုက်ဖို့ မလိုဘူး။
သူက "၀ိပဿနာ"
တခါတလေ ကိုယ်က ဘုရားရှိခိုးပြီးလို့ စိတ်ကလေး ကြည်နေတဲ့အချိန်မှာ မေတ္တာပွားနေတဲ့ အချိန်မှာ…
စိတ်ထဲမှာ ဖျတ်ကနဲ ဖျတ်ကနဲ ပေါ်လာတဲ့ သူတွေ ကြုံဖူးလိမ့်မယ်။ အဲဒါ ကိုယ့်မေတ္တာ
ကို ခံယူမယ့်သူတွေ ပေါ်လာတာ။
"အနောဒိသ"မေတ္တာ အဲဒီအချိန်မှာ
သူတို့ကို မေတ္တာပို့ပေး။
အဲဒီအချိန်မှာ လောဘ ဒေါသ မောဟတွေ ဖြစ်မနေဘူး။ ပေါ်လာတဲ့ အာရုံတွေ
မမြဲတာကို သတိလေးထားပေး။
လူတွေ ပေါ်လာတယ်။ မေတ္တာပို့တယ်။ ပျောက်သွားတယ်။
နောက်တစ်ယောက် ပေါ်လာတယ်။ မေတ္တာပို့တယ်။ ပျောက်သွားတယ်။
ဒီလို မမြဲတဲ့ သဘောကို နှလုံးသွင်း မေတ္တာ ပို့နေရင်း ကိုယ့်စိတ်မှာ ကိုယ်မှာ ပီတိတွေ ဖြစ်လာမယ်။
အဲဒီ ပီတိတွေ ပျက်သွားမယ်။ ဒါတွေဟာ
ပီတိကြောင့် ဖြစ်လာတဲ့ ဖြစ်ပျက်သဘော
တွေကို သိလာတာ။ ဒါက "၀ိပဿနာ"
အဲဒီအချိန်မှာ စိတ်မဆိုးအောင် ဒေါသမထွက်အောင် သတိထား။
စိတ်ဆိုး ဒေါသထွက်ရင် ကိုယ်ရနေတဲ့ ငြိမ်းချမ်းမှုလေး ဆုံးရှုံးသွားမယ်။
မေတ္တာထားတတ် ပွားတတ်ရင်
ဈာန်လည်းရမယ်၊ ဥာဏ်လည်းရမယ်။
လက်တစ်ဖျစ်စာ မေတ္တာပွားတဲ့အခါ
မှာတောင် ဒီလောက် အကျိုးများရင်
လက်တစ်ဖျစ်စာပေါင်းများစွာ ကြိမ်ဖန်များစွာ
ကျင့်လာတဲ့ သူတစ်ယောက်အတွက် ဘာမှ ပြောစရာကို မလိုတော့ဘူး။
မေတ္တာကို ရှိအောင်လည်း နေပါ။ သူများတွေကိုလည်း ပေးပါ။ ပို့ပါ။
ပွားလဲ ပွားပါ။
ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒ
No comments:
Post a Comment