Tuesday, January 1, 2019

စိတ်သစ်လူသစ်ဖြင့် နေ့တိုင်းကျင့်


စိတ်သစ်လူသစ်ဖြင့် နေ့တိုင်းကျင့်
======================
ဘုန်းကြီးက လူစုံဆက်ဆံရတဲ့သူ။ ဒီတော့ လောကဓံပိုများတယ်။ နောက်တစ်ခါ ပြဿနာပိုကြုံတယ်။ ထမ်းရတဲ့တာဝန်ပိုများတယ်။ ဒါပေမဲ့ နေ့တိုင်းကိုယ့်စိတ်ကို ကျင့်ယူတယ်။ မတုန်မလှုပ်နေနိုင်အောင်ပေါ့။ နာဂစ်ကြောင့် အကြီးမားဆုံးသော ဆုံရှုံးမှုတွေကို ရင်ဆိုင်ပြီးတဲ့အခါ ကျန်တာတွေက သာမန်တွေလိုဖြစ်လာတယ်။
မညည်းတတ်တော့ဘူး။ ကိုယ့်အပူကို လူတွေကိုပြောမပြတတ်တော့ဘူး။ ပူတာကို ဂုဏ်တော်နဲ့ဖျောက်ပစ်တယ်။ လိုချင်စိတ်ကို အောက်ထစ်ဆုံးရောက်အောင် လုပ်ပစ်တယ်။ ပေးချင်စိတ်တွေပဲ ဖြစ်နေတတ်တယ်။ ဒီတော့ စိတ်ကမရိုင်းတော့ဘူး။ တိုက်တာခိုက်တာကတော့ ခံရတာပေါ့။ အပင်မြင့်လေ လေတိုက်လေမလား။ နာမည်တပ်ပြီး တိုက်ခိုက်တာလည်း ခံရတယ်။ တိုက်တဲ့သူကို ဘယ်လိုမှကို မတုန့်ပြန်ဖြစ်အောင်ထိန်းတယ်။ ကိုယ့်ကုသိုလ်အလုပ်တွေကို အာရုံစိုက်ပြီးပိုလုပ်တယ်။
ကိုယ့်ကုသိုလ်တွေကို ကျေနပ်စိတ်နဲ့ တိုက်တာခိုက်တာတွေကို အာရုံကိုမစိုက်ဖြစ်တော့ဘူး။ တိုက်တဲ့သူဆိုတာ မောရင်ရပ်သွားမှာပဲ။ သူအားနေတုန်း တိုက်နေတာ။ မအားရင် တိုက်မှာမဟုတ်တော့ဘူး။ နောက်ပြီးကိုယ်က ဣနြေ္ဒပျက်နေရင် သူတိုက်လို့ကောင်းတယ်။ ကိုယ်က မလှုပ်တော့ တိုက်တဲ့သူအရူးဖြစ်တာပဲ အဖတ်တင်တာပေါ့။ ကိုယ့်ဘက်က နေ့စဉ်စဉ်းစားတာက ကိုယ့်လုပ်ရပ်က လူတွေကိုနစ်နာစေသလား၊ သိက္ခာတွေချမိသလား၊ သူတို့ကိုယ်ရေးကိုယ်တာတွေ ၀င်စွက်မိသလား၊ ဟိုစပ်စပ် ဒီစပ်စပ် လျှောက်ပါနေသလား၊ မဆိုင်တာတွေ လုပ်နေမိသလား၊ လူတွေကို အပူတွေပေးနေသလား၊ ၀န်ထုပ်တွေပေးမိသလား စသည်ဖြင့် နေ့တိုင်းတွေးတယ်။
ဒါတွေကင်းအောင် နေတယ်။ နေ့တိုင်း ဆင်ခြင်ပြီးနေတယ်။ ဘယ်သူ့ကိုမှ မစော်ကားမိတာ သေချာတယ်၊ ဘယ်သူ့ကိုမှ ၀န်ထုပ်ပေးထားတာမရှိတာ သေချာတယ်၊ ကိုယ့်စကားကြောင့် လူတွေပူလောင်သွားတာ မရှိတာသေချာတယ်ဆို နေပျော်သေပျော်ပြီ။ ဒါပဲလေ။ လူ့ဘ၀ဆိုတာ ခဏလေး။ အသက်ရှင်တုန်းလေး ကောင်းတာတွေ၊ လူတွေစိတ်ချမ်းသာမဲ့အရာတွေ၊ ဒါတွေလုပ်နိုင်တယ်ဆို သေပျော်ပြီ။ ကိုယ်လူလာဖြစ်တာ တန်တယ်။ တန်ဘိုးရှိသောလူသားတစ်ယောက် ဖြစ်နေရတာ ကျေနပ်တယ်။ အရှုပ်ထုပ်ကြီး မဟုတ်ဘူးဆို သေပျော်ပြီ။ ငရဲခံစရာအကြောင်းမရှိဘူးပေါ့။
နတ်ပြည်မရောက်ရင် နေပါစေ။ ငရဲမကျဖို့ကို တော်တော်ဂရုစိုက်ဖို့လိုတယ်လေ။ ဒါကြောင့် နေ့တိုင်းသတိလွတ်လို့မရဘူး။ အမြဲစောင့်ကြည့်နေရတယ်။ သူများကို မကြည့်အားဘူး။ ကိုယ့်ကိုယ်ကိုပဲ စောင့်ကြည့်ပြီး စိတ်ဆိုးမိသွားတယ်ဆို၊ ပြန်လျှော့။ မေတ္တာပြန်ပို့။ မာန်မ၀င်အောင် ကြပ်ကြပ်မတ်မတ် သတိထား။ လူတိုင်းကို (အထူးသဖြင့် ကိုယ့်တရားနာတဲ့လူတိုင်းကို) ပျော်သွားအောင်၊ အေးသွားအောင် ပြောပေးတယ်။ အကုန်လုံးကို မေတ္တာပေးတယ်။ တစ်နေ့တာပြည့်စုံသွားပြန်ရော။ နောက်နေ့ အဲဒီလို စိတ်ကိုပြန်ဆန်းစစ်။ ပြန်ကြိုးစား။ တစ်နေ့တာ လူတွေအကျိုးရှိအောင် လုပ်ပြီးသွားရင် ကျေနပ်သွားပြန်ရော။
ဒါဘုရားတပည့်နေနည်းတွေထဲက တစ်နည်းပါပဲ။ အားလုံး စိတ်သစ်လူသစ်ဖြင့် နှစ်သစ်မှာ နေ့စဉ်ကုသိုလ်တိုးနိုင်ကြပါစေ။
အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်။
၁-၁-၂၀၁၉ (ညနေ ၄း၃၇ နာရီ) အချိန်တွင်ရေးပြီးသည်။

No comments:

Post a Comment