Thursday, January 31, 2019

ဝေယျာဝစ္စလုပ်ရင်း ပါရမီဖြည့်မယ်


ဝေယျာဝစ္စလုပ်ရင်း ပါရမီဖြည့်မယ်
ရဝေနွယ် (အင်းမ)

++++++++++++++++++++++

တစ်ခါတုန်းက ပါယာသိမြို့စားနဲ့ သူ့တပည့် ဥတ္တရလုလင်ဆိုတာရှိခဲ့ဖူးပါတယ်။

တစ်နေ့တော့ ပါယာသိမြို့စားက စတုဒိသာအလှူပွဲကြီးတစ်ခုလုပ်ပါတယ်။ စတုဒိသာအလှူပွဲကြီးကို ဝေယျာဝစ္စ ဆောင်ရွက်ပေးရတဲ့သူ စီမံခန့်ခွဲပေးရတဲ့သူက ဥတ္တရလုလင်ပါ။ စတုဒိသာအလှူပွဲမှာ ရဟန်း၊ ပုဏ္ဏား၊ ခိုကိုးရာမဲ့၊ ခရီးသွား၊ တောင်းစားရသူ စသည်တွေကိုအလှူကြီးပေးလှူတာပါ။

ဒါပေမဲ့ ကျွေးတာက ပုန်းရည်ဟင်းရယ် ဆန်ကြမ်းထမင်းရယ်ပါ။ ဒါ့အပြင် လာသမျှကို ချည်ထည်အဝတ်တွေ လည်း ပေးလှူပါတယ်။ ဒါပေမဲ့ အတွေ့အထိ ကြမ်းတမ်းတဲ့ ခပ်ညံ့ညံ့ချည်ထည်အဝတ်တွေပါ။ ဒါကိုကြည့်ပြီး ဝေယျာ ဝစ္စကို ဦးဆောင်ဆောင်ရွက်ပေးနေရတဲ့ ဥတ္တရလုလင်က အတော်ပဲစိတ်ပျက်သွားပါတယ်။ ဒါကြောင့်ဥတ္တရလုလင်က -
“ဒီဝေယျာဝစ္စပြုလုပ်ပေးရသောကုသိုလ်ကြောင့် ငါသည် ပါယာသိမြို့စားကို ဒီပစ္စုပ္ပန်ဘဝ၌သာ တွေ့ဆုံ ပေါင်းဆုံရ၍ နောက်ဘဝအဆက်ဆက် မတွေ့ဆုံ မပေါင်းဆုံရပါလို၏” လို့ ဆုတောင်းလိုက်ပါတယ်။

ဥတ္တရလုလင်ရဲ့ ဆုတောင်းစကားကို ပါယာသိမြို့စားက တဆင့်စကားအရ ကြားသိသွားပါတယ်။ ဒီတော့ ဥတ္တရ လုလင်ကိုခေါ်ပြီး “ဥတ္တရ… သင်ကဝေယျာဝစ္စလုပ်ပေးရတဲ့ကုသိုလ်ကြောင့် နောက်ဘဝတွေမှာ ‘ငါနဲ့မဆုံရ ပါလို၏’ လို့ ဆုတောင်းတယ်ဆို” ဆိုပြီး တိုက်ရိုက်ပဲမေးပါတယ်။ ဥတ္တရလုလင်ကလည်း သူဆုတောင်းတဲ့အတိုင်း ဟုတ်မှန်ကြောင်းဝန်ခံပါတယ်။
ပါယာသိမြို့စားက အံသြတဲ့ဟန်နဲ့ “ဥတ္တရ… ငါတို့ဟာ ကောင်းမှူကိုလည်းအလိုရှိတယ်၊ ကောင်းမှူရဲ့အကျိုး ကိုလည်း အလိုရှိတယ်မဟုတ်လား” လို့ ပြန်မေးခွန်းထုတ်ပါတယ်။

ဥတ္တရလုလင်ကတော့ စကားကို ဖြည်းဖြည်းနဲ့ပြန်ဖြေပါတယ်။
“မြို့စား… မြို့စားရဲ့အလှူမှာ ပုန်းရည်ဟင်းရယ် ဆန်ကြမ်းထမင်းရယ်ကိုပေးလှူတယ်။ အဲဒီထမင်းဟင်းကို မြို့စားက ခြေထောက်နဲ့ထိဖို့အတွက်တောင် အလိုရှိမှာမဟုတ်ဘူး၊ စားဖို့အတွက်ဆိုတာတော့ ပြောဖို့တောင်မလို တော့ပါဘူး။ ပြီးတော့ အတွေ့အထိကြမ်းတမ်းတဲ့ ချည်ထည်အဝတ်တွေကို ပေးလှူတယ်။ အဲဒီချည်ထည်အဝတ်တွေ ကိုလည်း မြို့စားအနေနဲ့ ခြေထောက်နဲ့တောင်ထိချင်မှာမဟုတ်ဘူး။ ကိုယ်တိုင်ဝတ်ဖို့ဆိုတာကတော့ အိပ်မက်တောင် မမက်ဘူး” လို့ အကြောင်းပြအဖြေစကားကို ပြန်ပြောလိုက်ပါတယ်။

ဒီတော့မှ ပါယာသိမြို့စားက “ဥတ္တရ… ဒါဖြင့်ရင်လည်းကောင်းပြီ၊ ငါစားတဲ့အစာ ငါဝတ်တဲ့အဝတ်တွေကို သင့် စိတ်ကြိုက်သာ ပေးလှူပါတော့”လို့ တဆင့်တက်ခွင့်ပြုစကားပြောလိုက်ပါတယ်။

ဥတ္တရလုလင်ကလည်း တဆင့်တက်အခွင့်စကားရပြီဆိုမှ အစားကောင်း အဝတ်ကောင်းတွေပေးလှူတဲ့ စတုဒိ သာအလှူပွဲကြီးကို ပြန်စီစဉ်ပါတယ်။ ကိုယ့်ပိုက်ဆံနဲ့လှူတာမဟုတ်ပေမယ့် ဝေယျာဝစ္စကုသိုလ်ကိုတော့ စိတ်ပါလက်ပါ ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွနဲ့ လာသမျှဧည့်သည်တွေကို ပြုံးပြုံးပြပြီး လုပ်ပါတော့တယ်။

ပါယာသိမြို့စားကတော့ ကိုယ့်အလှူကို အရိုအသေမရှိသလို ကိုယ့်လက်နဲ့ကိုယ်တိုင်ကိုင်တွယ်ပြီးလည်း မလှူပါဘူး။ ဥတ္တရလုလင်ကသာ ကိုယ့်အလှူမဟုတ်ပေမဲ့ ကိုယ့်ရဲ့ဝေယျာဝစ္စကုသိုလ်ကိုတော့ ရိုရိုသေသေနဲ့ တန်ဖိုး ထားလုပ်တော့တာပါ။

သက်တမ်းစေ့လို့ကွယ်လွန်တဲ့အခါမှာ အလှူရှင်ပါယာသိမြို့စားက စတုမဟာရာဇ်နတ်ပြည်မှာဖြစ်ရပါတယ်။ ဝေယျာဝစ္စလုပ်သူဥတ္တရလုလင်ကတော့ ပါယာသိမြို့စားထက်တဆင့်သာတဲ့ တာဝတိံသာနတ်ပြည်မှာဖြစ်သွားရပါ တော့တယ်။
(သုတ်မဟာဝါပါဠိတော် ပါယာသိသုတ်၊ စာမျက်နှာ ၂၈၀)

အလှူရှင်နဲ့ဝေယျာဝစ္စလုပ်သူတို့ သေလွန်တဲ့အခါ အလှူရှင်ပါယာသိမြို့စားက စတုမဟာရာဇ်နတ်ပြည်မှာ ဖြစ်ပြီး ဝေယျာဝစ္စလုပ်သူဥတ္တရလုလင်ကတော့ အလှူ့ရှင်ထက်တဆင့်သာတဲ့ တာဝတိံသာနတ်ပြည်မှာသွားဖြစ်ရတဲ့ သာဓကဝတ္ထုလေးက ဒီနေ့ခေတ်ဝေယျာဝစ္စလုပ်နေတဲ့သူတွေ ပရဟိတလုပ်နေတဲ့သူတွေအတွက် တကယ့်အားကျ အတုခိုးစရာလေးပါပဲ။
တကယ်ဆို သင်္ချာသဘောတရားအရတွက်မယ်ဆိုရင် အလှူရှင်က အခွင့်အရေးသာနေရမှာပါ။ ဘာက သင်္ချာ သဘောတရားကို ပြောင်းလဲသွားသလဲဆိုတော့ စိတ်စေတနာက အကျိုးပေးကိုခွဲပစ်လိုက်တာပါ။ ဒီတော့ စိတ်ထား တတ်ရင် ထားတတ်သလောက် ဝေယျာဝစ္စလုပ်သူတွေအတွက် အခွင့်အရေးသာလွန်မှူတွေက ပြောမပြတတ်အောင် ရှိနေတာပါ။

ဝေယျာဝစ္စဆိုတာ ပါဠိစကားပါ၊ မြန်မာလိုပြောရင်တော့ အမှူကြီးအမှူငယ်ကို ဆောင်ရွက်ပေးသူလို့ အဓိပ္ပါယ် ရပါတယ်။ ကျေးဇူးတော်ရှင် ဆရာတော်အရှင်ဇနကာဘိဝံသကတော့ သဂြိုဟ်ဘာသာဋီကာမှာ ဝေယျာဝစ္စဆိုတာကို “မိဘစသည်တို့နှင့် ဂိလာနပုဂ္ဂိုလ်၊ အခြားမိတ်ဆွေသူငယ်ချင်း၊ သီတင်းသုံးဖော်တို့၏ အပြစ်ကင်းသောကိစ္စလုပ်ငန်း၌ တစ်စုံတစ်ခုအကျိုးကိုမတောင့်တဘဲ ရိုးသားသောစိတ်ဖြင့် ကူညီဆောင်ရွက်ကြောင်းစေတနာသည် ဝေယျာဝစ္စ” လို့ အဓိပ္ပါယ်ဖွင့်ပြထားပါတယ်။

ဆရာတော်ဖွင့်ပြထားတာလေးက ကျစ်ကျစ်လစ်လစ်လေးနဲ့ လိုရင်းအဓိပ္ပါယ်ကိုသိရသလို ဝေယျာဝစ္စလုပ်နေ သူတိုင်းအတွက်လည်း အလွတ်ကျက်ထားရမယ့် စာသားအဓိပ္ပါယ်လေးပါ။ စာသားလေးကိုအလွတ်ကျက်ထားပြီး ဆရာတော့်ဖွင့်ဆိုချက်အတိုင်း ဝေယျာဝစ္စလုပ်သွားရုံပါပဲ။

အဲဒီမှာ လိုရင်းကတော့ စိတ်စေတနာလေးက အဓိကပါပဲ။ ပါဠိစကားလုံးဖြစ်နေလို့ ကိုယ်နဲ့နည်းနည်းများ အလှမ်းဝေးသလိုခံစားနေရရင်လည်း ကိုယ့်ဝေယျာဝစ္စအလုပ်လေးကို မြတ်မြတ်နိုးနိုးလေးနဲ့ ရိုရိုသေသေလေးလုပ် လိုက်ဖို့ပါပဲ။

တံမြက်စည်းလှဲနေရင်လည်း တံမြက်စည်းလှဲတာလေးကို မြတ်မြတ်နိုးနိုးနဲ့ ရိုရိုသေသေလေးလှဲဖို့ပါ။ ပန်းကန် ဆေးနေရင်လည်း ပန်းကန်ဆေးနေတာလေးကို မြတ်မြတ်နိုးနိုးနဲ့ ရိုရိုသေသေလေးဆေးလိုက်ဖို့ပါပဲ။ ကျန်တဲ့စိတ်ညစ် စရာတွေ အကုသိုလ်ဖြစ်စရာတွေကို အာရုံမပြုဖြစ်ဖို့ပါ။ စိတ်ဆိုတာ အာရုံနှစ်ခုယူလို့မရတာဆိုတော့ ကိုယ်လုပ်နေတဲ့ ဝေယျာဝစ္စလေးကို မြတ်မြတ်နိုးနိုးနဲ့ စိတ်စိုက်ထားလိုက်ရင် ကျန်တဲ့အာရုံတွေဆီ စိတ်ကမရောက်တော့ပါဘူး။ တနည်းအားဖြင့်ပြောရရင်တော့ ကိုယ့်ဝေယျာဝစ္စအလုပ်လေးကို ပျော်ပျော်ပြုံးပြုံးလေးလုပ်နေလိုက်ဖို့ပါပဲ။ ပျော်ရုံတင် မကဘဲ မျက်နှာလေးကလည်းပြုံးနေရမှာပါ။ အဲဒီပျော်တဲ့စိတ် ပြုံးတဲ့မျက်နှာလေးက ပစ္စပ္ပန်ဘဝအတွက်တင်မကဘဲ သံသရာအတွက်ပါ မထင်မှတ်တဲ့ကောင်းကျိုးတွေပေးတော့မှာပါ။

တကယ်လို့ ကိုယ်ကမပျော်တဲ့စိတ် မပြုံးတဲ့မျက်နှာနဲ့လုပ်နေရင်တော့ ကောင်းကျိုးတွေက ထိထိရောက် ရောက်မဟုတ်ဘဲ မပျော်မပြုံးနဲ့တွဲအကျိုးပဲပေးတော့မှာပါ။ လိုရင်းကတော့ ပျော်-ပြုံး နဲ့လုပ်ရမှာပါ။ ပျော်တဲ့စိတ် ပြုံးတဲ့မျက်နှာဟာ ဝေယျာဝစ္စအပေါ် ကိုယ့်စိတ်စေတနာ ဘယ်အထိမြင့်တက်နေတယ်ဆိုတာ ပြသတဲ့သင်္ကေတပုံရိပ် တစ်ခုပါပဲ။

တကယ်ပြည့်ပြည့်စုံစုံလုပ်မယ်ဆိုရင်တော့ တစ်နေ့တာဝေယျာဝစ္စတွေပြီးစီးလို့ ညပိုင်းရောက်တဲ့အခါ မျက်နှာ သစ် သွားတိုက်ပြီး လက်အုပ်ကလေးချီ “ဘုရားတပည့်တော် ယနေ့ဝေယျာဝစ္စပြုလုပ်ရသော ကုသိုလ်ကောင်းမှူသည် နိဗ္ဗာန်၏အထောက်အပံ့ဖြစ်ပါစေ၊ ငါနဲ့အတူဝေယျာဝစ္စလုပ်သူအားလုံး ကိုယ်ဆင်းရဲကင်းကြပါစေ၊ စိတ်ဆင်းရဲကင်းကြ ပါစေ၊ အစစအရာရာအဆင်ပြေကြပါစေ၊ ယနေ့ဝေယျာဝစ္စပြုလုပ်ရသော ကုသိုလ်ကောင်းမှူအဖို့ဘာဂကို ဤဝန်းကျင် တွင်ရှိကြကုန်သော နတ်ကောင်းနတ်မြတ်အပေါင်းတို့နှင့် မမြင်အပ်သောသတ္တဝါအပေါင်းတို့အားလည်းကောင်း၊ သံသရာအဆက်ဆက်က ယနေ့ယခုတိုင်တော်စပ်ခဲ့သော မိဟောင်းဘဟောင်း ဆွေဟောင်းမျိုးဟောင်းတို့အား လည်းကောင်း အမျှအမျှပေးဝေငှပါ၏၊ အမျှအမျှယူတော်မူကြပါ”လို့ ဆုတောင်းမေတ္တာပို့အမျှဝေလိုက်ပါဦး။ ဒါက ကိုယ့်ဝေယျာဝစ္စကုသိုလ်ကို တန်ဖိုးမြှင့်ပစ်လိုက်တာပါ။ အဓိကကတော့ ဝေယျာဝစ္စလုပ်တဲ့အခါ ဆုတောင်း၊ မေတ္တာပို့၊ အမျှဝေ (၃) ချက် တွဲတွဲပါသွားဖို့ပါပဲ။

အမျှဝေတဲ့အတွက် အမျှဝေတဲ့ဒါနကုသိုလ်ထပ်ရသွားသလို နိဗ္ဗာန်ကိုဆုတောင်းတဲ့အတွက်လည်း ကိုယ့်ရဲ့ လမ်းကြောင်းမှန်ကိုတည့်မတ်ပြီးသားဖြစ်သွားပါတယ်။ သာဓုခေါ်ခွင့်ရတဲ့နတ်ကောင်းနတ်မြတ်တွေနဲ့ မမြင်ရတဲ့ သတ္တဝါတွေကလည်း အမျှဝေတဲ့ကိုယ့်ကို အခါအခွင့်သင့်ရင်သင့်သလို ကူညီဖေးမသွားဦးမှာပါ။ ဒါဆိုရင် ကိုယ်လုပ်တဲ့ ဝေယျာဝစ္စကုသိုလ်လေးက ဘဝတစ်ခုထဲက ပျော်စရာကျင့်စဉ်လေးတစ်ခုဖြစ်နေတော့မှာပါ။
တစ်ခုတော့ရှိပါတယ်၊ ဝေယျာဝစ္စဆိုတာ တစ်ယောက်တည်းလုပ်ရတယ်ဆိုတာထက် အများနဲ့စုပေါင်းလုပ်ကြ ရတာများပါတယ်။ အများနဲ့လုပ်ပြီဆိုကတည်းက မတူညီတဲ့ခံစားမှူတွေကိုယ်စီရှိကြမှာပါ။ ဒီတော့ ခံစားမှူမတူညီတဲ့ အတွက် အဆင်မပြေမှူဆိုတာလည်းရှိလာတော့မှာပါ။ အဆင်မပြေမှူဖြစ်လာရင် ဝေယျာဝစ္စလုပ်ရတာ ကုသိုလ်အလုပ် ဆိုပေမယ့် ပျော်ရွှင်မှူရှိတော့မှာမဟုတ်တော့ပါဘူး။

တကယ်လို့များ အဲဒီလိုအဆင်မပြေမှူများဖြစ်လာခဲ့ရင် “ငါ ဝေယျာဝစ္စလုပ်ရင်း ပါရမီဖြည့်နေတာ၊ ငါ ဝေယျာ ဝစ္စလုပ်ရင်း ပါရမီဖြည့်နေတာ”လို့ လေးငါးခေါက်လောက်ရွတ်ပြီး ကိုယ့်ဝေယျာဝစ္စအလုပ်ကလေးဆီ စိတ်ကိုပို့ထားရ မှာပါ။ သတိပဋ္ဌာန်ဝိပဿနာသဘောတရားနဲ့ပြောမယ်ဆိုရင်တော့ ကိုယ့်ဝေယျာဝစ္စအလုပ်ကလေးကို သတိကပ်ထား ရမှာပါ။ ဥပမာ တံမြက်စည်းလှဲနေရင်လည်း တံမြက်စည်းလှဲနေတာလေးကိုပဲ သတိကပ်ထားရမှာပါ။ ညပိုင်းရောက် တော့လည်း ပုံမှန်လုပ်နေကျအတိုင်း ဆုတောင်း၊ မေတ္တာပို့၊ အမျှဝေရမှာပါ။ ဒါဆိုရင် စိတ်ခံစားမှူ မကျေနပ်မှူက ရာခိုင် နှူန်းတစ်ခုအနေနဲ့ လျော့သွားပါလိမ့်မယ်။ အဲဒီလိုမှမဟုတ်ဘဲ စိတ်ခံစားမှူကိုပဲအခြေခံပြီး စိတ်ညစ်ထေးထေးနဲ့ လုပ်နေရင် အကျိုးပေးကလည်း ညစ်ထေးထေးလေးဖြစ်သွားနိုင်ပါတယ်။

ကုသိုလ်ကောင်းမှူတွေကို အတူတကွစုပေါင်းလုပ်ကြရင် နောက်ဘဝတွေမှာလည်း အတူတကွပြန်ဆုံကြတာ များပါတယ်။ နောက်ဘဝပြန်ဆုံကြလို့ စိတ်စေတနာအားလျော်စွာ စိတ်ခံစားမှူအားလျော်စွာ အကျိုးပေးမှူကွဲပြားနေရင် လည်း မကောင်းပါဘူး။

မာဃလုလင်တို့လို တက်ညီလက်ညီလုပ် တက်ညီလက်ညီတာဝတိံသာနတ်ပြည်မှာပြန်ဆုံ၊ တက်ညီလက်ညီ ပြန်ဆုံတော့လည်း ပျော်စရာကြီးပါ။ ဒါတောင်သူတို့ဝေယျာဝစ္စလုပ်ကြတာ သာသနာပကာလဖြစ်လို့ နိဗ္ဗာန်ဆိုတာ မသိသေးသလို ဝိပဿနာဆိုတာလည်းမသိသေးပါဘူး။ “လူတွေဟာ အကောင်းကြိုက်တတ်တယ်၊ ငါတို့လူတွေ ကြိုက်တတ်တဲ့အကောင်းလေးတွေ လုပ်ကြမယ်” ဆိုတဲ့စိတ်စေတနာကောင်းလေးနဲ့ပဲ လုပ်သွားကြလို့ သေလွန်တဲ့ အခါ တာဝတိံသာနတ်ပြည်မှာ အတူတကွဖြစ်ကြရတာပါ။ ခေါင်းဆောင်မာဃကတော့ သိကြားမင်းဖြစ်သွားပါတယ်။ နောက် မြတ်စွာဘုရားပွင့်လာတဲ့အခါ မြတ်စွာဘုရားတရားနာပြီး သောတာပန်တည်သွားပါတယ်။ အတုခိုးအားကျစရာ အဖွဲ့အစည်းလေးတစ်ခုပါပဲ။

ဝေယျာဝစ္စကုသိုလ်လုပ်တယ်ဆိုတာ သစ်ပင်စိုက်သလိုပါပဲ၊ ကုသိုလ်မျိုးစေ့ချတဲ့သဘောပါ။ သစ်ပင်ပေါက်ဖို့ မျိုးစေ့ချတဲ့အခါ ပေါက်ချင်လည်းပေါက်မယ်၊ မပေါက်ချင်လည်းမပေါက်ဘူး၊ ပေါက်ပေမယ့်လည်း ညောင်နာနာ သေး သေးကွေးကွေးလေးလည်းဖြစ်ချင်ဖြစ်နေမှာပါ။ ဒါမှမဟုတ် ထွားထွားကြိုင်းကြိုင်းဝေဝေဆာဆာ သတ္တဝါအားလုံးကို အေးချမ်းမှူပေးနိုင်တဲ့ ကျေနပ်စရာအပင်ကြီးလည်းဖြစ်ချင်ဖြစ်လာမှာပါ။ စိုက်ပျိုးသူရဲ့ကျွမ်းကျင်မှူနဲ့ သဘာဝရာသီဥတု အပေါ်မှာလည်းမူတည်နေပါတယ်။

ဒီလိုပါပဲ ဝေယျာဝစ္စလုပ်တဲ့အခါ စိတ်ခံစားမှူတစ်ခုကိုအခြေခံပြီး မပျော်မရွှင်နဲ့လုပ်နေရင် နောက်ဘဝကျ အကျိုးတော့ပေးပါရဲ့ ညောင်နာနာအကျိုးပေးလေးဖြစ်နေပါလိမ့်မယ်။

ကိုယ်က စာပေဗဟုသုတရှိထားသူတစ်ယောက်အနေနဲ့ ကိုယ့်ဝေယျာဝစ္စကုသိုလ်လေးကို စိတ်စေတနာထား ပြီး ပျော်ပျော်ရွှင်ရွှင် ပြုံးပြုံးပြုံးပြုံးနဲ့လုပ်သွားမယ်ဆိုရင်တော့ နောက်ဘဝကျရင် ကောင်းကျိုးစုံဝေဖြာနေတဲ့ ကျေနပ် စရာဘဝတစ်ခုပိုင်ရှင် ဖြစ်နေတော့မှာပါ။

ဝေယျာဝစ္စကုသိုလ်ဆိုတဲ့နေရာမှာ ဘာသာရေးနွယ်တဲ့ကိစ္စမှတင်မဟုတ်ပါဘူး၊ အများကောင်းကျိုးပြုတဲ့ အလုပ်မှန်သမျှ ဝေယျဝစ္စကုသိုလ်တွေချည်းပါပဲ။ ဒါဆိုဝေယျာဝစ္စဘောင်လည်းမကျဉ်းတော့ပါဘူး။ ဘောင်အကန့် အသတ်မရှိတဲ့အတွက် ဝေယျာဝစ္စလုပ်ရတာလည်း ကျယ်ကျယ်ပြန့်ပြန့်နဲ့ နယ်ပယ်ကျယ်သွားပါတယ်။

တကယ်လို့များ ကိုယ်ကအလှူရှင်လည်းဖြစ်မယ် ဝေယျာဝစ္စကုသိုလ်ကို ကိုယ်တိုင်လည်းလုပ်မယ်ဆိုရင် တော့ အထူးကိုပြောစရာမလိုတော့ပါဘူး။ ကောင်းကျိုးအဆင့်ဆင့်ပါပဲ။
ဘာပဲပြောပြောလေ… ဝေယျာဝစ္စလုပ်တဲ့အခါ စိတ်စေတနာ သဒ္ဓါလေးတွေထားပြီး ပျော်ပျော်ရွှင်ရွှင်လေးနဲ့ မျက်နှာလေးက ပြုံးနေဖို့ပါပဲလေ။

ရဝေနွယ် (အင်းမ)
စံတော်ချိန်သတင်းစာ
၁၆၊ ၅၊ ၂၀၁၆။

No comments:

Post a Comment