Friday, January 4, 2019

တရားနာသူ စိတ်ထားဖြူ


တရားနာသူ စိတ်ထားဖြူ 

◇◇◇◇◇◆◇◇◇◇◇◆◇◇◇◇

တရားနာသူတွေဘက်က စိတ်ထားဖြူစင်အောင် ဘယ်လိုနာရမလဲ? တရားနာတဲ့ပုဂ္ဂိုလ်တွေဘက်ကလည်း စိတ်ထားဖြူစင်ဖို့ လိုအပ်တယ်တဲ့။ အကျိုးရှိအောင် တရားနာတတ်တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ရမယ်။ အကျိုးရှိအောင် တရားနာတတ်တယ် ဆိုတာ ဘာလဲ?ဆိုရင် ဒီအချက်တွေကို သတိထားရမယ်။-

တရားစကားနဲ့ ပက်သက်ပြီး တရားစကားအပေါ်မှာ အပြစ်ရှာ ရှုတ်ချတာမျိုး မလုပ်ရဘူးတဲ့၊

နောက်တစ်ခုက တရားဟောပြောတဲ့ ဓမ္မကထိက ပုဂ္ဂိုလ်ကိုလည်း ရှုတ်ချတာမျိုး မလုပ်ရဘူးတဲ့၊

နောက်တစ်ခု ကိုယ့်ကိုယ်ကိုလည်း ရှုတ်ချတာမျိုး မလုပ်ရဘူးတဲ့၊

ဒါဖြင့် တရားကို ရှုတ်ချတယ်ဆိုတာ ဘာလဲ?ဆိုရင်- ။။ဒီတရားကလည်း ဘယ်လိုတရားကြီးမှန်း မသိဘူး၊ ဘာနားလည်ရမှန်း မသိဘူး။။- ဆိုတာ တရားကို ရှုတ်ချတာလို့ ခေါ်တယ်။

ဓမ္မကထိကကို ရှုတ်ချတယ်ဆိုတာ- ။။ဘာတွေ ဟောနေမှန်းလည်း မသိဘူး၊ ဘာတွေ ပြောနေမှန်းလည်း မသိဘူး။။- ဆိုတာ ရှုတ်ချတာ။
ကိုယ့်ကိုယ်ကို ရှုတ်ချတယ်ဆိုတာ ဘာပြောတာတုန်း?ဆိုရင်- ။။အေး- ဒီလိုလေးနက်တဲ့ တရားကြီးတွေ ငါ ဘယ်လိုနားလည်နိုင်မတုန်း။။- နားမလည်ဘူး၊ ကိုယ့်ကိုယ်ကို ဒီတရားနဲ့ မတန်ဘူးလို့ ဒီလို ကိုယ့်ကိုယ်ကို အထင်သေး အမြင်သေးလည်း မလုပ်ရဘူး။ ဒီလိုဆိုလိုတယ်။

တရားနာတဲ့ ပုဂ္ဂိုလ်ဘက်က အဲဒီလို စိတ်ထားမျိုးတွေ မရှိရဘူးလို့ ပြောတာ။ အဲဒီ စိတ်ထားတွေ ရှိပြီးတော့ တရားနာမယ်ဆိုရင် တရားထူးတရားမြတ် မရနိုင်ဘူးလို့ ဘုရားက ဟောထားတာ။ အဲဒါကြောင့်မို့ အဲဒီလိုစိတ်ထားမျိုးတွေ မရှိစေရဘူးတဲ့။

နောက်တစ်ခုက တရားနာပြီ ဆိုလို့ရှိရင် ဟိုတွေး ဒီတွေးတွေ လျှောက်တွေးမနေရဘူး၊ တရားထဲမှာ အာရုံစိုက်ပြီး နာရမယ်တဲ့။ ဝိက္ခိတ္တစိတ္တ- စိတ်တွေက ဟိုရောက်ဒီရောက်နဲ့ စိတ်မငြိမ်ဘဲ တရားနာတာမျိုး မလုပ်ရဘူး။ စိတ်အာရုံဟာ တရားထဲမှာ စိုက်ထားပြီး တရားနာရမယ်လို့ ဒီလိုဟောတယ်။ နောက်တစ်ခုက ဟောထားတဲ့တရားအပေါ်မှာ မှန်ကန်တဲ့ နှလုံးသွင်းတရား ရှိရမယ်တဲ့။

ဒီအချက်တွေနဲ့ ပြည့်စုံမှ တရားနာရင်းကနေပြီး တရားထူးတရားမြတ်တွေ ရနိုင်တယ်။ တရားထူးတရားမြတ် မရရင်တောင် အသိဥာဏ်တွေ ရနိုင်တယ်လို့ ဒီလိုပြောတာ။

အဲဒါနဲ့ ပက်သက်ပြီး မြတ်စွာဘုရားက အင်္ဂုတ္တိုရ် သမ္မတ္တနိယာမသုတ်မှာ ဟောထားတာ။ ဒါက တရားနာသူတွေ မှတ်သားဖို့ အချက်တွေပေါ့။ တရားစကားကို မရှုတ်ချရဘူး။ တရားဟော ဓမ္မကထိကကို မရှုတ်ချရဘူး, အပြစ်မတင်ရဘူး။ မိမိကိုယ်ကို မရှုတ်ချရဘူး, အပြစ်မတင်ရဘူး။ စိတ်ပျံ့လွင့်ပြီး မနေရဘူး, စိတ်တည်တည်ငြိမ်ငြိမ်နဲ့ တရားနာရမယ်။ မှန်ကန်တဲ့ နှလုံးသွင်းတရား ရှိရမယ်။ မှန်ကန်တဲ့ နှလုံးသွင်းဆိုတာ တရားပေါ်မှာ နှလုံးသွင်းတတ်ဖို့ပေါ့။

ကိုယ့်သန္တာန်မှာ အသိဥာဏ်နဲ့ ထင်ဟပ်ပြီးတော့ ဒီအတိုင်း ဟုတ်နေတာပါလား, ဟုတ်နေတာပါလား လို့ မှန်ကန်တဲ့ နှလုံးသွင်းရှိဖို့လိုအပ်တယ်။

နောက်သုတ်တစ်သုတ်မှာ ဘာကို ထပ်တိုးထားတုန်းဆိုရင် တရားနာတဲ့ပုဂ္ဂိုလ်ဟာ ထိုက်သင့်သလို အသိပညာရှိဖို့ လိုအပ်တယ်တဲ့။ ထိုင်းမှိုင်းတဲ့, အတဲ့ နတဲ့ ပုဂ္ဂိုလ်၊ ဗူးလုံး နားမထွင်းလို ပုဂ္ဂိုလ်မျိုး မဖြစ်သင့်ဘူးတဲ့။ အသိပညာရှိတဲ့ပုဂ္ဂိုလ် ဖြစ်ရမယ်။ စဉ်းစားတတ်ရမယ်လို့ ဆိုတယ်။ ကောင်းတယ်, ဆိုးတယ်၊ အကြောင်းအကျိုး ညီညွတ်တယ်, မညီညွတ်ဘူးဆိုတဲ့ စဉ်းစားတဲ့ အသိဥာဏ်မျိုး ရှိရမယ်လို့ ဒီလိုဆိုတယ်။

နောက်တစ်ခု အရေးကြီးတာ ဘာတုန်း?ဆိုရင် ကိုယ်မသိတာကို သိချင်ယောင် မဆောင်ရဘူးတဲ့။ မသိရင် မသိဘူး, သိရင် သိတယ်။ တချို့က ကိုယ်မသိပေမယ့်လို့- ငါ သိပြီးသားပါ- ဆိုပြီး လုပ်တတ်တယ်လေ။ အထင်ရောက်တတ်တယ်။ ဒါတွေ ငါသိဖူးတာပဲ, ငါကြားဖူးတာပဲ, ငါမှတ်ထားဖူးတာပဲ, ငါ အကုန် သိပြီးသားတွေပဲ ဆိုပြီး အာရုံမထားကြဘူး။ အဲဒီလိုမျိုးလည်း မရှိရဘူးတဲ့။ အဲဒါမျိုးတွေ ရှိမယ်ဆိုရင် စိတ်ထားဖြူစင်မှု မရှိဘူးလို့ ပြောတာ။

နောက်သုတ္တန်တစ်ခုမှာ ဘာတွေ ထည့်ပြီး မြတ်စွာဘုရားဟောတုန်းဆိုရင် တရားနာတဲ့အခါမှာ ဂုဏ်အရည်အချင်းတွေကို ကျေးဇူးတရားတွေကို ကျေးဇူးကန်းတဲ့အနေမျိုး မဖြစ်စေရဘူးတဲ့။ ဘယ်နေရာပဲဖြစ်ဖြစ် ဝေဖန်ပြစ်တင်တာမျိုး မလုပ်ရဘူး။ စကားနဲ့ ဝေဖန်ပြစ်တင်တာမျိုးကို မက္ခ-လို့ခေါ်တာပေါ့။ မက္ခ- ဆိုတာ ဂုဏ်ကျေးဇူးကို ချေဖျက်တယ်၊- ။။ဒါတွေက ငါသိပြီးသားတွေပါ၊ ဒါတွေက အပေါစားတွေပါ၊ ဒါတွေ လူတိုင်းသိနေတာပါ။။- နဲ့ ဒီလိုပြောတာမျိုးဟာ ဂုဏ်ကျေးဇူးကို သေးသိမ်စေတာဖြစ်လို့ မက္ခ- လို့ခေါ်တယ်။ တရားဆိုတာ သိပြီးသားလည်း ထပ်ပြီးတော့ ရိုရိုသေသေပဲ နားထောင်ရတယ် ဒီလိုဆိုတာ။

နောက်တစ်ခုက ဘာတုန်းဆိုလို့ရှိရင် အပြစ်ရှာပြီးတော့ တရားနာတာတဲ့။ တရားနာတဲ့အခါမှာ ဘယ်စကားလုံးကဖြင့် မှားတယ်၊ ဘယ်ဟာကဖြင့် မမှန်ဘူး၊ ကိုယ်သိထားတာနဲ့ ဒါနဲ့ လွဲနေတယ်လို့- အဲဒီလို အပြစ်ရှာတဲ့ စိတ်ထားမျိုးနဲ့ တရားမနာရဘူးတဲ့။

နောက်တစ်ခုကတော့ ဓမ္မကထိကအပေါ်မှာ ဒေါသဖြစ်တဲ့ စိတ်ဓာတ်မျိုး မရှိရဘူး၊ တိုက်ခိုက်လိုတဲ့စိတ်မျိုး မရှိရဘူး၊ အပြစ်တင်လိုတဲ့ စိတ်ဓာတ်မျိုး မရှိရဘူးတဲ့။ အဲဒီလို မြတ်စွာဘုရားက တရားနာတဲ့အခါမှာတဲ့ အဲဒီလိုအချက်တွေနဲ့ ညီညွတ်ဖို့ လိုအပ်ပါတယ်တဲ့။

အဲဒါမှ တရားနာတဲ့ပုဂ္ဂိုလ်ဟာ စိတ်ထားဖြူစင်တဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး တရားနာရင်းနဲ့ အသိဥာဏ်တွေ ရပြီး နောက်ဆုံး မဂ်ဖိုလ်ထိအောင် ရနိုင်တယ်လို့ မြတ်စွာဘုရားက ဒီသုတ္တန်တွေမှာ ဒီလို ဟောတယ်။

🎆 🎆 🎆

ကျေးဇူးတော်ရှင် ပါ/ချုပ်ဆရာတော်ဘုရားကြီး
အဂ္ဂမဟာပဏ္ဍိတ
ဘဒ္ဒန္တ ဒေါက်တာနန္ဒမာလာဘိဝံသ(Ph.D)

🎇🎇🎇🎇🎇🎇🎇🎇🎇🎇🎇🎇🎇🎇🎇🎇🎇🎇🎇
ဟောသူနာသူ စိတ်ထားဖြူ တရားဒေသနာတော်မှ ကောက်နုတ်ပူဇော်ပါသည်။
🎇🎇🎇🎇🎇🎇🎇🎇🎇🎇🎇🎇🎇🎇🎇🎇🎇🎇🎇

No comments:

Post a Comment