Thursday, January 3, 2019

မချစ်ပါ မမုန်းပါ


မချစ်ပါ မမုန်းပါ
•••••••

မျက်စိ နား နှာ လျှာ ကိုယ် စိတ် ,
အာရုံ ဒွါရ တွေ့ဆုံခိုက် မှာ,
အာရုံက လိုက်သွားတဲ့အခါ ,
သဘောကျပြန်တော့ ပြုံးပြန်ပြုံးပြန် ,
သဘောမကျတော့ မုန်းပြန်မုန်းပြန် ,
ပြုံးပြန် - မုန်းပြန် , မုန်းပြန် - ပြုံးပြန် ,
မနောပေါက်က တွေးလိြုံ့ကံ ။

တွေးကြံသမျှ စိတ်ဒုက္ခ ,
ပြုံးလည်း ပျက်ရ မုန်းလည်း ပျက်ရ ,
အစိုးမရ ,
တရားအားလုံး အနတ္တ ။

မတွေးမကြံက လွတ်မြောက်နေတာ ,
လွတ်မြောက်ရာ အမှန်သိကြမှ ,
သန္တိသုခ အေးနိဗ္ဗာန် မြန်းရဧကန် ။

မျက်စိ နား နှာ လျှာ ကိုယ် စိတ် ,
အာရုံခြောက်ပါး ရှိငြားသော်လည်း ,
မြင်တာတွေက
တိုးလည်းမသွား လျော့လည်းမသွား ,
ကြားစရာ နံစရာ ဆိုတာကလည်း ,
လျော့နဲ တွန့်ဆုတ် မရှိပါ ။

မြင် ကြား နံ စား ထိ သိသော်လည်း
ချစ်ခြင်း မုန်းခြင်း သာယာခြင်း တွေမှ လွတ်လျက်ပါ ။

ဒါကြောင့် ...
မြင်မြင်တိုင်းလည်း မချစ်ပါ ,
မြင်မြင်တိုင်းလည်း မမုန်းပါ ,
ချစ် - မုန်း မဖက် အလွတ်သက်သက် မြင်တာပါ ။

မြင်တာက သဘာဝ ,
အာသဝအာရုံတွေ ကင်းလွတ်နေတော့တာ ။

ကင်းလွတ်တာကို သိတော့မှ
နိဿရဏ လို့ ခေါ်နိုင်တာ ,
ဒီတော့ကာမှ
ဝိမုတ္တိစခန်း လွတ်ရာရောက်တော့တာ ။

လွတ်ရာသိ လွတ်ရာမြင်လျှင်
ဝဋ်သံသရာ ရှည်ဘူးကွဲ့လေး ။

အေးရာသိ အေးရာမြင်လျှင်
ဘယ်လောဘ ဘယ်ဒေါသ ဘယ်သောက ဆိုတဲ့
ဘေးဘယာတွေ လာဘူးကွယ့်လေး ။

ငြိမ်းရာသိ ငြိမ်းရာမြင်လျှင်
ကိန်းအမတာပြည် စံရပြီကွယ့်လေး ။

ချုပ်ရာသိ ချုပ်ရာမြင်လျှင်
ထို့ထက်အလွန်
လုပ်စရာတောင် ရှိဘူးကွယ့်လေး .... ။


ဒကာကြီး မြွေပွေးများ ကိုင်ရဲလား ။

(မကိုင်ရဲပါဘုရား) ။

ဘာဖြစ်လို့တုန်း ။

(ကိုက်မှာ စိုးလို့ပါ) ။

ကိုက်ရင် ဘာဖြစ်လို့တုန်း ။

(ကိုက်ရင် သေတတ်ပါတယ်ဘုရား) ။

သြော် ကိုက်ရင်သေတတ်တယ်လား ။

ကိုက်ရင် သေတတ်တယ်ဆိုတာ
သေသေချာချာ သိတာလား ။

(သေသေချာချာ သိတာပါဘုရား) ။

သြော် မြွေပွေးကိုက်ရင် သေတတ်တယ် ။

ဒါဖြင့်ရင် ဒကာကြီး
ကိုက်ပြီးလို့ သေပြီးမှ သိတာလား ။

မကိုက်ခင်ကတည်းက သိတာလား ။

(မကိုက်ခင်ကတည်းက သိတာပါဘုရား) ။

အေး - ဟုတ်တယ် ။
ကဲ - ကိုက်ပြီးမှ သိရမယ် ဆိုရင် ကိုင်လေ ။

ကိုင်ရင်ကိုက်မယ် , ကိုက်ရင် သေလေ , မသာဖြစ်ပြီ ။

အဲသလို
ဖြစ်ပြီးမှ သိတာလား ,
မကိုင်ခင်ကတည်းက ကြိုတင်မသိဘူးလား ။

ကြိုတင်သိထားတဲ့အတွက် သွားမကိုင်လို့
ဘေးကင်းရာ ရောက်နေကြသည် ။

အခုလဲ အဲဒီလိုပါပဲ ။

မြင်ရာ ကြားရာ နံရာ စားရာ ထိသိရာမှာ
ကိုယ်က ကြိုက် - မကြိုက် , လို - မလို ပြုမပေးတော့ ,
မတွေး မကြံပေးတော့ , ကိလေသာခေါ်တဲ့ လောဘ
ဒေါသစိတ် ဘေးဒုက္ခတရားတွေ အဖြစ်ငြိမ်းနေသည် ။

မဖြစ်သေးဘူး , ဖြစ်ပေါ်မလာသေးပါဘူး ။

လောဘ ဒေါသ မောဟတွေဟာ
ပြုပေးမှ ဖြစ်လာတယ်လို့ ကြိုတင်၍ သိကြစမ်းပါ ။

ပြုမပေးခင်က အဖြစ်အေးနေတာ မြင်အောင်ကြည့်ပါ ။
အဲဒါ သမ္မာဒိဋ္ဌိဥာဏ် လို့ ခေါ်ပါတယ် ။

အခုတော့ ဒီလိုမဟုတ်ဘူး ။

ဖြစ်ပြီးမှ သိရမယ်ဆိုတော့
သူခိုးပြေးမှ ဓါးရေးပြ ,
မိုးလွန်မှထွန်ချ ,
လူမိုက် နောက်မှ အကြံရ ဆိုတော့
သမ္မာဒိဋ္ဌိဥာဏ်က နောက်ကျနေပြီ ။

သူခိုးပြေးမှ ဓါးရေးပြတော့ ဘယ့်နှယ်လုပ်ရမှာတုန်း ။

မိုးလွန်မှ ထွန်ချတော့ ကောက်ပဲသီးနှံ ရပါ့မလား ။

အခုတော့ ဖြစ်လာမှ သိရမယ်ဆိုတော့ ဟုတ်ပါ့မလား ။

မြွေပွေးကိုင်ရင် ကိုက်တတ်တယ်ဆိုတာ
မကိုင်ခင်က သိတာပါ ။

မြွေပွေးကိုက်ရင် သေတယ်ဆိုတာ
လက်တွေ့မှ ယုံမယ်ဆိုရင် ကိုင်ကြည့်ပါ ။

အဆိပ်သောက်ရင် သေတယ်ဆိုတာ
လက်တွေ့မှ ယုံမယ်ဆိုရင် သောက်ကြည့်ပါ ။

သေပြီးမှ သိမှာလား ။ မသာဖြစ်ပြီးမှ သိမှာလား ။

မသာဖြစ်မှတော့ မြေကြီးထဲရောက်ပြီ မသိနိုင်တော့ဘူး ။

အဲဒါကြောင့် ကြိုတင်ပြီး သိရမှာပါ ။

အဲဒါမို့လို့
လောဘ ဒေါသ မောဟတွေ
အာရုံနောက် တကောက်ကောက်လိုက်ရင် ဖြစ်မယ် ။

ဖြစ်ရင်ပျက်တယ် သိလို့ အဖြစ်အပျက်ကင်းရာနှင့်
နေသည် ။

ဒါကြောင့် နဂိုအေးနဲ့ အပိုတွေ မတွေးပဲ နေရသည် ။

အဲဒါမှ ကိုယ်လည်းအေး , စိတ်လည်းအေး
အအေးကြီး အေးနိုင်ကြပါမည် ။

အဲဒါကြောင့် တရားချစ်ခင် သူတော်စင်အပေါင်းတို့သည်
ဝိမုတ္တိခေါ်တဲ့ လွတ်ရာကိုမြင် လွတ်ရာကိုနား ,
အေးရာကိုမြင် အေးရာကိုနား ,
အေးတရားကို အခါခါပွားပြီးလျှင် ,
မအေးအောင် ရှေးဟောင်းနှောင်းဖြစ် သောင်းပြောင်း
ထွေလာ ကြံစည်တွေးတောဖြစ်ရတဲ့
ကိလေသာခေါ် လောဘစိတ် ဒေါသစိတ်
ဘေးဒုက္ခတရားတွေကို ,
အေးရာကို မြင်ပြီး အေးတံခါးကြီး အသိဥာဏ်နဲ့
လုံအောင်ပိတ်ခါ တားတားပြီး
အေးနိဗ္ဗာန်အရှိတရားကို
အေးမဂ်ဥာဏ်အသိတရားဖြင့်
အေးသလိုနားကာ
အအေးကြီးအေးပြီး အေးနိုင်ငြိမ်းနိုင်ကြပါစေ ။

ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်တော်,
ငြိမ်းချမ်းရေးကျောင်းတိုက် ,
ဓာတ်တော်ကြွင်းတော်မူသော ,
ငြိမ်းချမ်းရေးဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိသုဒ္ဓ
အရှင်သူမြတ် ဟောကြားတော်မူသော
"ဝိမုတ္တိတရားတော်" မှ ကူးယူ ပူဇော်ပါသည် ။

credit : ko kyi soe acc
#တရား
©©©©©©©©©©©©©©©

#ကောင်းကျိုးလိုရာပြည့်ကြပါစေ

No comments:

Post a Comment