Tuesday, January 22, 2019

လူတွေဟာ သေခါနီးကြရင် ငါတော့ဖြင့် ခက်ပြီ


လူတွေဟာ သေခါနီးကြရင် ငါတော့ဖြင့် ခက်ပြီ ငါသေရတော့မယ်၊
ငါ့ခန္ဓာကြီးနဲ့ ခွဲရတော့မယ်လို့ ညည်းပြီးသေတတ်ကြသတဲ့၊ အဲသည်လိုဆိုတော့ တဏှာ ဒိဋ္ဌိ နဲ့ သေသွားကြတာပေါ့၊ ဒုက္ခသစ္စာကြီးကို ငါ... ငါ့ဥစ္စာ လုပ်ပြီးသေကြတာနော်
ငါ ဆိုတာက ဒိဋ္ဌိ ငါ့ဥစ္စာဆိုတာက တဏှာ၊
ဒါဖြင့် တဏှာ ဒိဋ္ဌိ နဲ့သေသွားကြတာဆိုရင် မှားမလား (မမှားပါ ဘုရား)
ဒီခန္ဓာကိုယ်ကြီးကို တဏှာဒိဋ္ဌိ နဲ့စွဲပြီးသေကြတယ်၊ ဒါဖြင့် ဒီခန္ဓာကြီးကို ဒိဋ္ဌုပါဒါန် ကာမုပါဒါန် တိုဖြင့် စွဲကြတယ်
ဒါဖြင့် ငါဆိုတာက ဒိဋ္ဌုပါဒါန်၊ ငါ့ဥစ္စာဆိုတာက ကာမုပါဒါန်၊ ဒါဖြင့် ဒီပုဂ္ဂိုလ်ဟာ ဥပါဒါန် တန်းလန်းနဲ့ သေသွားတယ်ဆိုရင် ဥပါဒါန ပစ္စယာ (ကမ္မဘဝေါ) ကမ္မဘဝ ပစ္စယာ (ဇာတိ)
ဇာတိ ပစ္စယာ (ဇရာ မရဏံ) သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ တိုနဲ့ စုံလို့ပေါ့ ဗျာ၊ မကောင်းတာတွေ ဟူသရွေ့ စုံနေတယ်။
ဒါဖြင့် ဒီလူ ခန္ဓာချည်တိုင်မှာ ခေါင်းစင်းပြီးသေသွားတယ်၊ ခန္ဓာကို ငါထင်သွားတာကိုး၊ ပြီးတော့ ငါ့ခန္ဓာကြီးစွန့်ရတော့မယ်ဆိုတော့ ငါ့ဥစ္စာလို့ စွဲတဲ့အတွက် တဏှာ၊
ဒါဖြင့် ဒီလိုမှတ်ပါတော့တဲ့ ခန္ဓာကချည်တိုင်၊ ငါ့ဥစ္စာ ထင်တာက တဏှာကြိုးပဲ...
မသိတဲ့ပုဂ္ဂိုလ်က ပုထုဇဉ်
ဒိဋ္ဌုပါဒါန် ကာမုပါဒါန် မသိတဲ့ပုဂ္ဂိုလ်က( ပုထုဇဉ်ပါဘုရား) အဲဒီပုထုဇဉ်ဟာတဲ့ ခန္ဓာချည်တိုင်မှာ တဏှာကြိုးနဲ့ ချည်ထားခံရ၊ ခွေးနဲ့တူတဲ့ ပုထုဇဉ်ကို ဘုရားဟောတာနော်၊ ဒီပုထုဇဉ်ကလည်း
ဘာမှမသိ ခန္ဓာကိုငါပဲထင်နေတာ ငါလို့ထင်တဲ့ ဒိဋ္ဌိ၊ အဲဒါက လည်ပတ်ပေါ့။
လူ နတ် ဗြဟ္မာ ခန္ဓာချည်တိုင်တွေ၊ ဒီခန္ဓာကိုယ်ကြီးကို ခင်မင်တတ်တဲ့ တဏှာကြိုးနဲ့ ချည်ထားတယ်၊ ဒါဖြင့် ဒိဋ္ဌိလည်ပတ် တဏှာကြိုးဖြင့် ခွေးနဲ့တူတဲ့ ပုထုဇဉ်ကို ခန္ဓာတိုင်မှာ ချည်ထားတာ၊ ဒီခန္ဓာကိုယ်ကြီးကို ခင်ဗျားတို့က ငါပဲထင်နေတော့ ဒိဋ္ဌိကလည်းပါနေတယ်၊ ငါ့ဥစ္စာလို့လည်း ထင်နေတော့ တဏှာကော (ပါ ပါတယ်ဘုရား) ဘယ်သူကထင်တာတုန်း (ပုထုဇဉ် လူမိုက်ကပါဘုရား) ဘယ်အပေါ်မှာထင်တာတုန်း (ခန္ဓာပေါ်မှာပါ ဘုရား) ပုထုဇဉ်က ခန္ဓာငါးပါးပေါ် ဘယ်လိုထင်တုန်း (ငါ...ငါ့ဥစ္စာလို့ ထင်ပါတယ် ဘုရား) ငါ... ငါ့ ဥစ္စာ ၂ ချက်ထင်တယ်နော်...
ဒါဖြင့် ခန္ဓာငါးပါးကဘာနဲ့တူတုန်း (ချည်တိုင်နဲ့ တူပါတယ်ဘုရား) ငါ့ဥစ္စာဆိုတာက တဏှာပဲ ဘာနဲ့တူတုန်း (ကြိုးနဲ့ တူပါတယ်ဘုရား) ပုထုဇဉ်က ဘာနဲ့တူတုန်း (ခွေးနဲ့တူပါတယ် ဘုရား)
ဒီခွေးကလည်း သူ့ကိုယ်သူ ငါလို့ထင်နေတော့ ဒိဋ္ဌိ၊ အဲဒါက လည်ပတ်၊ ဒါဖြင့် ကျုပ်တို့တတွေမှာ ဘယ့်နှယ့်ဖြစ်နေတုန်ဆိုတော့ ခန္ဓာငါးပါး ချည်တိုင်၌ တဏှာတည်းဟူသောကြိုး၊ ဒိဋ္ဌိတည်းဟူသော လည်ပတ်နဲ့ ပုထုဇဉ်လူမိုက်သည် ခွေးကဲ့သို့ လည်ပတ်နေတယ်၊ တိုင်ကို လှည့်ပတ်ပြေးနေတယ်၊ လူ့ခန္ဓာတိုင်မှာ မချည်ရလို့ရှိရင် နတ်ခန္ဓာဖြစ်ရပါလို၏ဆိုတော့ နတ်ခန္ဓာသွားချည်တယ် ဗြဟ္မာခန္ဓာဖြစ်ရပါလို၏ ဆိုတော့ ဗြဟ္မာ ခန္ဓာသွားချည်တယ် တဏှာကြိုးနဲ့ ဒိဋ္ဌိလည်ပတ် သွားချည်နေတယ်။
ဝိပဿနာမလုပ်တဲ့ ပုဂ္ဂိုလ်မှာဖြင့် ငါ ငါ့ဥစ္စာ ပြုတ်ပါ့မလား... မပြုတ်တော့ကိုး
ခန္ဓာချည်တိုင်မှာမြဲနေမှာပဲ ငါ့ဥစ္စာဆိုတဲ့ ကြိုးကြီးကရော ပြတ်ပ့ါမလား (မပြတ်ပါဘူးဘုရား) ငါဆိုတဲ့ ဒိဋ္ဌိလည်ပတ်ကြီးကရော ပြုတ်ပါ့မလား(မပြုတ်ပါဘုရား)...
အဲဒါကြောင့် ဒီကနေ့ ဒီတိုင် ဒီကြိုး ဒီလည်ပတ်ကို ဖြတ်ပေးပါ့မယ်.. ဖြတ်ပေးပြီးရင် နိဗ္ဗာန်တည်းဟူသော လွတ်လပ်ရေးကို ရမယ်…ကိုင်း… ဒါဖြင့်
ဒီတိုင်ခြေက လွတ်သွားရင် သက္ကာယနယ်ကလွတ်သွားမယ်၊ သက္ကာယဆိုတာ ခန္ဓာငါးပါး…သက္ကာယချုပ်တဲ့ နိဗ္ဗာန်ကို ဆိုက်သွားမယ်၊ ဒါဖြင့် ဒီနေ့ တိုင်ရယ် ကြိုးရယ် လည်ပတ်ရယ် ဖြတ်ကြစို့…ခန္ဓာက ဘယ်နှစ်ပါးလဲ(ငါးပါးပါဘုရား) အဲဒါတွေကို ဥာဏ်နဲ့ ကြည့်လိုက်ကြစမ်းပါ…ဟိုနားက ယား၊ ဒီနားက ကိုက်၊ဟိုနားက ကျင်၊ ဒီနားက ခဲ၊ဟိုနားက နာ ဆိုတာတွေဟာ ဝေဒနာတွေပဲ ကြည့်လိုက်တော့ ပျောက် ပျောက်ကုန်တယ် ဒါဖြင့် ဖြစ်ပြီး ပျက်တဲ့ အနိစ္စပဲ… ဝေဒနာလေးတွေက ဖြစ် ပျက်နေတော့ ငါဟုတ်သေးရဲ့လား(မဟုတ်ပါဘုရား)အနိစ္စပဲဟာ အနိစ္စဖြစ်သွားတော့ ဒိဋ္ဌိလည်ပတ်ပြုတ်ပြီ… ငါ့ဥစ္စာကော ဟုတ်သေးရဲ့လား (မဟုတ်ပါဘုရား) မဟုတ်ရင် တဏှာကြိုးလည်းပြတ်ပြီ … ဒါဖြင့် တကာ တကာမတို့ ဖြစ်ပျက်လေးတစ်လုံးသည် လည်ပတ်နဲ့ ကြိုးပြတ်တယ်… ဒါတွင်ဘယ်ကအုံးမလဲ ဖြစ် ပျက် တွေချည်းမြင်နေတော့ ခန္ဓာလည်းပျောက်မနေဘူးလား…ဒါဆို တိုင်လည်းကျိုးတော့တာပေါ့…ဒါဖြင့် ခွေးဘဝ လက်စသိမ်းမယ်…နို့ မဟုတ်ရင် သံသရာထဲမယ် ခွေးကြီးဘဝတွေ ခွေးငယ်ဘဝတွေ လုပ်နေရအုံးမယ်… စိတ်ကလေးကို ရှုမယ်ဆိုလည်း ရှုနိုင်ပါတယ် … ဘယ်စိတ်ကလေးလာလာ ဖြစ်ပျက်သာ ရှုချ၊ ဖြစ် ပျက် မြင်တဲ့အခါ ငါဟုတ်သေးလား၊ ငါမဟုတ်တော့ဘူးဆိုတော့ လည်ပတ်ပြုတ်ပြီ၊ ငါ့ဥစ္စာကောဟုတ်သေးလား… ဒါဖြင့် ချည်တဲ့ကြိုးလည်းပြတ်ပြီ… ဒါဖြင့် ဒိဋ္ဌိလည်ပတ်နဲ့ တဏှာကြိုးပြတ်တော့ ပုထုဇဉ်ပဲ ဖြစ်နေသေးလား… အရယာဖြစ်သွားပလား(အရိယာဖြစ်သွားပါတယ်ဘုရား) ဒါဆို လွတ်လပ်ရေးရပြီ… ဒိဋ္ဌုပါဒါန် ကာမုပါဒါန်ဆိုတဲ့ ဥပါဒါန်ကြီးတွေ အကုန်ပြတ်ပြီးတော့… ဥပါဒါန်တို့ ချုပ်ရာ ငြိမ်းရာ နိဗ္ဗာန်ကို ရောက်တော့တယ်………
သာဓု… သာဓု… သာဓု…
( မိုးကုတ်ဆရာတော်ဘုရားကြီး (ဂဒ္ဒုလဗဒ္ဓသုတ်)

No comments:

Post a Comment