Tuesday, January 1, 2019

#လှေကွဲကိုရေဝင်သလိုပါပဲ


➢ #လှေကွဲကိုရေဝင်သလိုပါပဲ 

✪ လူဖြစ်ရတဲ့ဘဝ 
ကိလေသာတောမှာ ပျော်မွေ့နေကြလေသမျှတော့ …။

✪ ဥပမာနဲ့ ပြောရမယ်ဆိုရင်
ကွဲနေတဲ့လှေကိုအဆက်မပြတ် ရေဝင်နေသလိုပါပဲ။
လှေတစ်စင်း ပေါက်နေပြီ ကွဲနေပြီဆိုရင် လှေထဲကို ဘာဝင်လာလဲ၊ ရေဝင်လာတယ်နော် … အဲဒီလိုပဲ ကိလေသာရှိနေတဲ့သူကို
ဒုက္ခတွေအစဉ်လိုက် လိုက်လာမှာပဲ တဲ့။

✪ ဒုက္ခတွေလိုက်လာတယ်
ဒုက္ခတွေရောက်လာတယ်ဆိုတာ ဘယ်သူ့ကြောင့်, ကိလေသာသည် ခုနင်က လှေအကွဲအပေါက်လိုပဲပေါ့
ဒီလှေကြီးကောင်းနေရင် ရေဝင်နိုင်သလား၊အဲဒီလှေကြီး ပေါက်အောင် ကွဲအောင် ဘယ်သူ ကခွဲလိုက်တာလဲ၊ ကိလေသာ အပေါက်တွေကနေ ရေဝင်လာမယ်ပေါ့၊ ခန္ဓာကိုယ်ကြီးကိုလှေတစ်စင်းနဲ့သာ ထားကြည့်၊ ကိုယ့်ခန္ဓာလှေကြီးလို့သာ အာရုံပြုကြည့်လိုက်၊ ဝင်စရာ
အပေါက်တွေ မရှိဘူးလား၊ အဲဒီအပေါက်တွေ
ဟာရေဝင်စရာကြီးပါပဲ။

✪ အဲဒီအပေါက်တွေ ပိတ်ထားဆို့ထား
ကာကွယ်ထားလိုက်ရင် ရေဝင်နိုင်သေးလား …
တရားကျင့်တယ်ဆိုတာ ဘာလုပ်နေတုန်း ဣနြေ္ဒပိတ် ဆို့နေတာ၊ ဣနြေ္ဒခြောက်ပါး တံခါးခြောက်ပေါက်ကို လုံအောင် ထိန်းသိမ်းပြီးတော့ ကိလေသာရေတွေ မဝင်နိုင်အောင် ပိတ်ထားဆို့ထား နိုင်တဲ့အချိန်မှာ ဆင်းရဲဒုက္ခမကင်းဘူးလား …

✪ ကဲ မပိတ်နိုင်မဆို့နိုင်တဲ့ အချိန်ကြရင်တော့
ဝင်မှာပါပဲ၊ ရေတွေလှေထဲဝင်လာတာ အပြစ်တင်လို့ရလား ရေကိုလည်းအပြစ်တင်လို့ မရဘူး၊ လှေကိုလည်းဘဲအပြစ်တင်လို့ မရဘူး၊ကွဲရကောင်းလား သွား မပြောနဲ့လှေက ကွဲတတ်တဲ့သဘော ကွဲမှာပဲ၊ လှေကွဲရှိပြီဆိုရင်ရေကဘာဖြစ်တုန်း ဝင်မှာပဲ တဲ့။ ဒါကြောင့်ကိလေသာရှိသူသည် ဆင်းရဲဒုက္ခပြင်းပြစွာခံ ရပါလိမ့်မယ်၊ ဒုက္ခလွတ်ချင်ရင် ကိလေသာကို ပယ်နိုင်အောင် ကြိုးစားကြရပါမယ်။

✪ ဒုက္ခ ကာမဂုဏ်တွေ ရုပ်ဝတ္ထု
ပစ္စည်းတွေကြောင့်လို့ အပြစ်တင်နေလို့ ရမလား…။
သူ့ကြောင့်ဒုက္ခရောက်တာလား ကိုယ့်ကိလေသာကြောင့် ကဲ ကိလေသာကလဲ ကိုယ်ဖွင့်ပေးမှဝင်နိုင်တာ၊ ကိုယ်ဖွင့်မပေးရင် ဝင်လို့ရမလား၊ လုံနေတဲ့လှေ၊ အပေါက်မရှိတဲ့လှေရေဝင်နိုင်သေးလား၊ အဲဒီတော့ ဘယ်ပေါ်မှာမူတည်နေတုန်း လှေလုံတာမလုံတာက အဓိကပဲ၊ ကိုယ့်ဖက်က လုံတာမလုံတာသည် မူတည်
တယ်နော် …။

✪ ကိုယ်ကိလေသာနည်းအောင်
ကိလေသာမဖြစ်အောင် ကျင့်နိုင်တယ်ဆိုရင်
ကိလေသာဝင်မလား၊ ကိလေသာမဝင်ရင်ဒုက္ခဆင်းရဲ လာဦးမလား၊ မလာဘူး တဲ့။ ဒါကြောင့် ချမ်းသာကိုအလိုရှိတဲ့သူသည် အမြဲတမ်းသတိထားကာ ကိလေသာကိုရှောင်ကျဉ်နိုင်ရမယ်၊ ကာမဂုဏ်တို့ကို ရှောင်ကျဉ်နိုင်ရမယ်၊ သတိထားပြီးတော့ ကာမဂုဏ်တွေကိုရှောင်လိုက်ပါ

✪ ဘာနဲ့တူသလဲဆိုတော့
🔚လှေထဲ ရောက်နေတဲ့ရေတွေကို သွန်ထုတ်ပြီးတော့ လိုရာရောက်အောင် သွားသလိုပါပဲတဲ့။
🔚လှေထဲဝင်လာတဲ့ရေ ဒီအတိုင်းထားရင် သွားနိုင်မှာလား မြုတ်သွားမှာလား၊ အဲဒီတော့လှေပေါက်ကို အမြန်ဆုံးပိတ်ဆို့ပြီးတော့ လှေထဲရောက်နေတဲ့ ရေတွေကို ခပ်ထုတ်ပြစ်ရမှာနော်။
🔚စွန့်ထုတ်ပြစ်ရမယ် ပယ်ထုတ်ပြစ်ရမယ်။ 🔚ဒီအတိုင်းပါပဲ ကာမဂုဏ်တို့ကို ပယ်စွန့်နိုင်ရမယ်။
🔚လှေထဲဝင်လာတဲ့ရေ ခပ်မထုတ်ပဲ ဒီအတိုင်း ထားရင် တဖြည်းဖြည်းမြုတ်သွားဖို့ပဲရှိတယ်၊ လှေထဲဝင်လာတဲ့ရေ ခပ်ထုတ်စွန့်ပယ်လိုက်ရင် လိုရာကို သွားလို့ရတယ်။

✪ ခန္ဓာကိုယ်ကြီးမှာ ရှိနေတဲ့
ဣနြေ္ဒခြောက်ပါး တံခါးခြောက်ပေါက်, လှေပေါက်နေရာခြောက်နေရာ မရှိဘူးလား၊ ဒီအတိုင်းထားမလား၊ ပိတ်ဆို့ရမလား၊ ဘာနဲ့ ပိတ်ဆို့ရမှာလဲ၊ သတိ နဲ့ ပိတ်ရမှာ၊
မျက်စိ၊ နား၊ နှာခေါင်း၊ လျာ၊ ကိုယ်၊ စိတ်
အဲဒီ ဣနြေ္ဒခြောက်ပါးကို သတိ နဲ့ပိတ်ဆို့လိုက်ပါ၊ လိုရာခရီးဖြစ်တဲ့ သံသရာတစ်ဖက်ကမ်းက နိဗ္ဗာန်ကို အရောက် သွားနိုင်ကြပါလိမ့်မယ်။

(ဓမ္မဓူတ ဒေါက်တာပညိဿရာဘိဝံသ) ၏
ကာမဂုဏ်အပြစ် ၊ တရားတော် - မှ၊ ထုတ်နုတ်
ပူဇော်ဖော်ပြပါသည်။

❁ အပ္ပမာဒေန သမ္မာဒေထ ❁
✦ရွှင်လန်း✦အေးချမ်း✦ပါစေ✦
Credit: ဓမ္မဒူတဒေါက်တာပညိဿရpage

No comments:

Post a Comment