ဖိုးသုညမဖြစ်ပါစေနဲ့
•••••••••••••••••••
သင် ဘာပဲစားစား
သင်စားတဲ့ အစားအစာထဲမှာ
သူတစ်ပါးမျက်ရည်တွေ မပါဖို့လိုတယ်။
သင် ဘာတွေပဲ ပိုင်ဆိုင်ပိုင်ဆိုင်
သင်ပိုင်ဆိုင်တဲ့ ဥစ္စာဓနတွေထဲမှာ
သူတစ်ပါး ရပိုင်ခွင့်တွေ မပါဖို့လိုတယ်။
သင် ဘာလုပ်ငန်းပဲလုပ်လုပ် သင့်ရဲ့ လုပ်ငန်းတိုင်းဟာ အပြစ်ကင်းပြီး တရားမျှဖို့လိုတယ်။
သင့်ရဲ့လူနေမှုဘဝ နိမ့်နိမ့်မြင့်မြင့်
သင့် ကိုယ်ကျင့်တရား မြင့်မားနေဖို့လိုတယ်။
သင် ဘယ်လောက်ပဲ ပေါ်ပြူလာဖြစ်နေ
ဟိရိသြတ္တပ္ပကို လက်ကိုင်ထာပြီး
သိက္ခာရှိရှိ ရပ်တည်ဖို့လိုတယ်။
သင် ဘယ်လောက်ပဲ ချမ်းသာချမ်းသာ
သင့်ရဲ့ ကြွယ်ဝချမ်းသာမှုတွေကို
အတ္တပရ မျှအောင်သုံးစွဲဖို့ လိုတယ်။
သင် စိတ်ရှိသလောက် ဘယ်လိုပဲပျော်ပျော်
သင့်အပျော်ထဲမှာ သူတစ်ပါးရဲ့ သောကတွေ
မပါဖို့လိုတယ်။
သင့် အသားရောင် ဖြူဖြူ မဲမဲ
သင့်နှလုံးသားက ဖြူစင်နေဖို့လိုတယ်။
သင့်ရဲ့ရုပ်အဆင်းက လှလှ မလှလှ
သင့်စိတ်သဘောထားက လှနေဖို့လိုတယ်။
သင် ဘာလူမျိုးပဲဖြစ်ဖြစ် လူမျိုးမတူသူ
တွေအပေါ်မှာ လေးစားတတ်ဖို့လိုတယ်။
သင် ဘယ်နိုင်ငံသားဖြစ်ဖြစ် နိုင်ငံမတူသူ
တွေကို မကျူးကျော် မစော်ကားဖို့ လိုတယ်။
သင် ဘာတိုင်းရင်းသားဖြစ်ဖြစ်
သင့်နဲ့ တစ်မြေထဲနေသူတွေအပေါ်
ညီကိုမောင်နှမစိတ် ထားဖို့လိုတယ်။
သင် ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ်
ဘာသာမတူသူတွေကို မညှင်းဆဲ
မသတ်ဖြတ်ဖို့ လိုတယ်။
သင် ဘယ်ဘာသာစကားနဲ့ပဲ ပြောပြော
သင်ပြောတဲ့စကားက သူတစ်ပါးကို
မထိခိုက်ဖို့ လိုတယ်။
သင် ဘယ်လို ဘွဲ့ဒီဂရီပဲရရ …
ရထားတဲ့ ဘွဲ့ဒီဂရီကို အသုံးချပြီး …
လူသားကောင်းကျိုး ဆောင်ရွက်ဖို့လိုတယ်။
သင် ဘယ်လိုရာထူးပဲရရ …
ရထားတဲ့ ရာထူးနဲ့ တန်အောင်
ပြည်သူ့ဝန်ကို ထမ်းဆောင်ဖို့တယ်။
သင် ဘယ်လိုအဆောက်အအုံနဲ့နေနေ
သင်နေတဲ့အိမ်က မိသားစု စည်းလုံးညီညွတ် နေဖို့လိုတယ်။
သင် ဘယ်လိုအဝတ်တန်ဆာတွေ ဝတ်ဝတ်
သင့်ရဲ့ အတွင်းစိတ်ထားက သန့်ရှင်းစင်ကြယ် နေဖို့လိုတယ်။
လူ့တန်ဖိုးဆိုတာ …
သင့်မှာ ဘာရှိတယ်, သင်ဟာ ဘာဖြစ်တယ်
သင်ဘယ်မှာနေတယ်ဆိုတာနဲ့ တိုင်းတာတာ
မဟုတ်ပါ။
သင်ဘယ်လို ပြုမူပြောဆိုနေထိုင်တယ်
သင့်နှလုံးသားမှာ မေတ္တာကရုဏာဓာတ် …
ဘယ်လောက်ကိန်းအောင်းတယ်ဆိုတ
သင့်ကိုယ်ကျင့်တရားနဲ့ တိုင်းတာဖြစ်တယ်။
ကိုယ်ကျင့်သိက္ခာက နတ္ထိ …
စိတ်စေတနာ ကောင်းက ဝလုံး …
မေတ္တာကရုဏာက ဇီးရိုးပြနေရင် …
သင့်ကို ဖိုးသုညလို့ပဲ သတ်မှတ်ကြလိမ့်မယ်။
သင့်ရှေ့မှာ တန်ဖိုးရှိတဲ့ ကိန်းဂဏန်းတွေ
များများဖြည့်နိုင်အာင် ကြိုးစားလိုက်ပါ။
ဒေါက်တာကုမုဒ (ဗောဓိတထောင်)
#Via - Paral Lel >>> thank
No comments:
Post a Comment