Thursday, October 25, 2018

`သီတင်းကျွတ်ခဲ့ပြန်ပြီလေ´


`သီတင်းကျွတ်ခဲ့ပြန်ပြီလေ´
💬💬💬💬💬💬💬💬
မြန်မာနိုင်ငံရဲ့သီတင်းကျွတ်အချိန်ဟာ
ထူးခြားတဲ့ ပြောင်းလဲမှုတွေနဲ့
စိတ်လှုပ်ရှားစရာ
အလွန်ကောင်းလှပါတယ်။
သီတင်းဝါလကျွတ်တဲ့အခါ
ရဟန်းသံဃာတော်များလည်း
(၃)လ ကျောင်းအောင်းရာကနေ
ခရီးဝေးတွေကို လွတ်လပ်စွာ
သာသနာပြုခရီးတွေ ထွက်ခွင့်ရပါပြီ။
လူငယ်လူရွယ်
ချစ်သူရည်းစားများလည်း
ရည်ရွယ်ထားသူများနဲ့
နှစ်ကိုယ်တူ ဘဝခရီးနှင်ကြဖို့
အားသစ်တွေ ယူနေကြပီလေ။
သီတင်းကျွတ်တာနဲ့
လူပျိုကြီးဘဝ အပျိုကြီးဘဝကနေ
ကျွတ်လွတ်ပြီး တစ်ကိုယ်တည်းကနေ
နှစ်ကိုယ်ခရီးနှင်နိုင်ကြသူတွေလည်း
သာယာဖြောင့်ဖြူးကြပါစေလို့
ဆုတောင်းမိပါရဲ့ ။
တကယ်တော့ ..
ကိုယ်လည်း ကျွတ်ချင်ပါပြီကွယ် ။
လူပျိုကြီးဘဝနဲ့ တကိုယ်တည်း
သာသနာတော်မှာ ပျော်မွေ့ရင်း
သီတင်းကျွတ်ပေါင်းလည်း များခဲ့ပါပြီ ။
ဒါပေမဲ့ ..,.
ခုထိ ဒီဘဝက
မကျွတ်နိုင်သေးဘူးရယ် ။
သာသနာ့ သမိုင်းထဲမှာ
မဟာသီဝ မထေရ်ကြီးကတော့
ဝါတွင်းသုံးလ ကျောင်းအောင်းနေစဉ်ကာလဆိုရင်
ဓမ္မကို အပြင်းအထန် ကျင့်ကြံအားထုတ်ပါသတဲ့။
သီတင်းကျွတ်ရင်
ကိလေသာဝဋ်က ကျွတ်ရမယ်ဆိုတဲ့
မြင့်မြတ်တဲ့ ရည်ရွယ်ချက်နဲ့ပေါ့။
သီတင်းကျွတ်ပေမဲ့
ကိလေသာဝဋ်က မကျွတ်ခဲ့လို့
ဝါကျွတ်လေတိုင်း
မျက်ရည်ဝိုင်းခဲ့ရတဲ့ ကာလတွေဟာ
နှစ်သုံးဆယ်တောင် ကြာခဲ့ရတယ်။
မလျော့သောဇွဲ
မြဲမြံသော သဒ္ဓါတရားနဲ့
အပြင်းအထန် ကျင့်ကြံခဲ့တဲ့ မဟာသီဝ မထေရ်ကတော့ နှစ်သုံးဆယ်မြောက်
သီတင်းကျွတ်မှာတော့
ကိလေသာဝဋ်က အပြီးတိုင်
ကျွတ်လွတ်ခွင့် ရသွားခဲ့ပါတယ်။
ကိုယ်ကတော့
ခုထိ မကျွတ်လွတ်နိုင်သေး ။
သီတင်းကျွတ်ခဲ့ပြန်ပြီ ... လေ ။
မစိုးရိမ်ဗုဒ္ဓပီယ
ခေတ္တအမေရိကန်နိုင်ငံ
Oct 24, 2018
သီတင်းလပြည့်နေ့ ။
ဓမ္မဒါနကုသိုလ်​https://www.facebook.com/DHAMA-BANK-2047559898891596/

No comments:

Post a Comment