ကထိန် ဟူသည်..
++++++++++++++
လောကအဆို..
ကျောင်းမှာ အမြတ်ဆုံး သိမ်၊
အလှူမှာ အမြတ်ဆုံး ကထိန်.။ ဟူ၍ ရှိရာတွင် အဘယ်ကြောင့် အလှူတွေထဲမှာ ကထိန်အလှူက အမြတ်ဆုံးလို့ တင်စားခေါ်ဝေါ်ထားသနည်း..
စသည်တို့ကို ပြည့်စုံစွာ ရေးသားထားသည်…
ကထိန် ဝေါဟာရသည် " ကထိန " ဟူသော ပါဠိကိုမြန်မာမှုပြုထားခြင်း ဖြစ်ပါသည် ။ "ကထိန" ဟူသည်ကား ခိုင်မြဲခြင်း မြဲမြံခြင်း ဖြစ်ပါသည်။ အခြားတစ်ဘက်တွင်လည်း လွန်မြောက်ခြင်း ကင်းလွတ်ခြင်းဟု ညွှန်းဆိုကြပါသည်။
ကထိန်ခင်းခြင်း အဓိပ္ပါယ်
ကထိန်ခင်းခြင်း ဆိုသည်မှာ လူများကခင်းခြင်း မဟုတ်ဘဲ ရဟန်းတော်များက ခင်းရခြင်း ဖြစ်သည်။ လူများမှ ရဟန်းတော်များ ကထိန်ခင်းနိုင်ရန် (သံဃဿ ဒေမ) ဟု ကထိန်သင်္ကန်းကို လှုဒါန်းရသော အလှုရှင်များပင် ဖြစ်ပါသည်။ သံဃာတော်များက ထို ကထိန်သင်္ကန်းကို သိမ်ထဲတွင် သင်္ကန်း အလှူခံယူမည့် ကျောင်းတွင်ရှိသော သံဃာတော် တစ်ပါးကို အားလုံး သဘောတူညီစွာ ရွေးချယ်၍ ထို သံဃာတော်က မိမိ ၀ါဆိုရာကျောင်းသို့ ပြန်ကြွပြီး ကထိန်သင်္ကန်းအား ခင်းရခြင်း ဖြစ်သည်။
ကထိန် ဖြစ်ပေါ်လာပုံ
ကထိန် အလှူကို ပွင့်ပေါ်တော် မူပြီးကြကုန်သော မြတ်ဗုဒ္ဓ ဘုရားရှင်များ လက်ထက်တို့တွင် ရှိခဲ့ပါသည်။ ဂေါတမ ဘုရားရှင် လက်ထက်တွင် ဘဒ္ဒ၀ဂ္ဂီ မင်းသားသုံးကျိပ် (၃၀- ဦး) တို့သည် အဖော် များဖြင့် ကပ္ပါသိက တောအတွင်း ပုထုဇဉ်တို့ သဘောအတိုင်း မြူးထူးပျော်ပါး နေကြစဉ် ဂေါတမ ဘုရားရှင်နှင့် တွေ့ဆုံ ဖူးမြှော်ခွင့်ရပြီး တရားထူး သံဝေဂ ရကြကာ မင်းသား (၃၀-ဦး)လုံး ရဟန်းဘ၀ သို့ ရောက်ကြလေသည်။ ဘဒ္ဒ၀ဂ္ဂီ ရဟန်းတို့ နေထိုင်သီတင်းသုံးသည့် ဝေယျ မြို့မှ အလွန် ဝေးကွာသော နေရာမှ ဘုရားရှိရာ သာဝတ္တိပြည်သို့ ဖူးမြော်ရန် ထွက်ခဲ့ရာ ခရီးဝေးကွာ ခြင်းကြောင့် လမ်းခရီးတွင်ပင် ၀ါဆိုတော် မူရပါသည်။ ဘဒ္ဒ၀ဂ္ဂီ ရဟန်းတို့ ဘုရားရှင်ထံ ရောက်ရှိပြီး လမ်းခရီး တွင် တွေ့ ကြံ ရသော အခြေအနေ အခက်အခဲများကို ကြားသိရသောကြောင့် ''ရဟန်းတို့ ၀ါကျွတ်ပြီးသော ရဟန်းတို့အား ကထိန်ခင်းခြင်းငှာ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူကာ ကထိန် ခင်းခြင်းကန့်သတ်ချက်နှင့် ကထိန်ခင်းခြင်း အကျိုးတို့ဖြင့် ခွင့်ပြုတော်မူပါသည်။
ကထိန် အလှူ၏ ကန့်သတ်ချက်
ကထိန်အလှူတွင် ကာလကန့်သက်ချက်နှင့် ဓမ္မကန့်သက်ချက်တို့ ရှိပါသည် ။
ကာလကန့်သက်ချက် အနေဖြင့် - ကထိန် အလှုတော်ကို သီတင်းကျွတ် လပြည့်ကျော် ( ၁ ) ရက် နေ့မှ စတင်ကာ တန်ဆောင်မုန်း လပြည့်နေ့အထိ တစ်လတာ ကာလအတွင်း ခင်းနိုင်ခြင်း၊ ကထိန် သင်္ကန်း ကို ယနေ့ အလှူခံပြီး ယနေ့ကံဆောင်ကာ ခင်းရခြင်း (နေ့ကူးသွားလျင် ကထိန်ခင်းမှု အထ မမြောက်ခြင်း) တို့ ဖြစ်ပါသည်။ ကထိန်ကို တစ်နှစ်မှာ တစ်ကျောင်း၊ တစ်ကျောင်းမှာ တစ်ခါသာ ခင်းရပါသည်…။
ဓမ္မ ကန့်သက်ချက် အနေဖြင့် -ကထိန်ကို အလှုရှင်မှ သဒ္ဒါ ဖြင့် လှု ဒါန်းသော သင်္ကန်းကိုသာ ကထိန်ခင်း ထိုက်ခြင်း၊ သာသနာ့ ၀န်ထမ်း ရဟန်းသည် အရိပ်ယောင်မျှဖြင့်ပင် ကထိန်သင်္ကန်းကို အလှုခံခြင်း မပြုရခြင်း၊ သင်္ကန်းမှ လွဲ၍ အခြားသော ပစ္စည်းများဖြင့် ကထိန်မခင်းနိုင်ခြင်း ၊ကထိန် ခင်းသော ရဟန်းတော်သည် ၀ါဆို ၀ါကပ်တော်မူပြီး ဖြစ်ရခြင်းတို့ ဖြစ်ပါသည်။ကထိန် အလှူသည် ပုဂ္ဂိုလ်စွဲ ဂိုဏ်း ဂဏစွဲ မထားသော သံဃဂုဏ်ကို အာရုံပြု၍ လှုဒါန်းရသော အလှူဖြစ်ပါသည်။
ကထိန် အလှူသည်ကား အလှူခံ ရဟန်းသံဃာနှင့် အလှူရှင်တို့၏ နှစ်ဖက် နားလည် ညီညွတ်မှု ၊ သတ်မှတ်ချက် ကာလအတွင်း ခင်းမှု ၊ ကထိန် ခင်းရာကျောင်းတွင် ( ၄ ) ပါး နှင့် အထက် ရှိသော သံဃာ အရေအတွက် ပြည့်မှု ၊ အ၀တ် သင်္ကန်း ဖြစ်မှု စသည်တို့ ပြည့်စုံ ရပါမည်။
ကထိန် နှင့် ပဒေသာပင်
ကထိန် အလှူတွင် ကထိန်ခင်းရာ၌ သင်္ကန်းကိုသာ ခင်းရခြင်း ဖြစ်သော်လည်း ရှေး ဘိုးဘွား အလှူရှင်များမှ သဒ္ဓါထက်သန်စွာဖြင့် သံဃာတော်များ အလိုရှိရာ သုံးဆောင် နိုင်စေရန် ရည်သန် လျက် အခြားသော လှူဖွယ် ပစ္စည်းများကို ကထိန် သင်္ကန်း ၏ အရန်အဖြစ် ပဒေသာပင်များတွင် သီးပွင့်၍ လှူဒါန်း ကြခြင်း ဖြစ်သည်။ ယခုအခါ ကထိန်သင်္ကန်း၏ အထိမ်းအမှတ်အဖြစ် ပဒေသာပင် ပုံများကို အသုံးပြုလာကြပါသည်။
ကထိန်ခင်းခြင်း၏ အကျိုးထူးများ
ကထိန် အကျိုးထူး ကို အလှူခံ ရဟန်း သံဃာများ နှင့် လှုဒါန်းသည့် ဒါယိကာ ဒါယိကာမတို့ နှစ်ဦး နှစ်ဘက် ရရှိပါသည်။ ကထိန် အလှူခံ ရဟန်း သံဃာတော်တို့သည် သီတင်းကျွတ် လပြည့်ကျော် (၁) ရက်နေ့မှ တပေါင်း လပြည့်နေ့ အထိ ( ၅ ) လအတွင်း ကထိန်သင်္ကန်းကို အကြောင်းပြု၍ ၀ိနည်းတော်များထဲမှ သိက္ခာပုဒ် အချို့ကို ကင်းလွတ်ခွင့် ရရှိပါသည်။ ကထိန် အလှူ ရှင်များသည် သွားလေရာ အရပ်တွင် ဘေးအန္တရာယ် ကင်းခြင်း၊ မိမိပိုင် ပစ္စည်းများကို ရန်သူတို့ မဖျက်ဆီးနိုင်ခြင်း၊ စားကောင်းသောက်ဖွယ် ပေါများကာ အဆိပ်- စသည် မသင့် စေခြင်း ၊ မိမိပိုင်ပစ္စည်းများ မေ့လျော့ နေသော်လည်း မဆုံးပါးခြင်း၊ ပစ္စည်း ဥစ္စာများ ရှာဖွေရာတွင်လည်း အစုလိုက်အပြုံလိုက် ရရှိခြင်း ၊ ရုပ်အဆင်း ပြေပြစ်ခြင်း စသည့် အကျိုးထူးများ ကို ခံစားနိုင်သည်။
No comments:
Post a Comment