ကာယကံမေတ္တာ
~~~~~~~~~~~
>> ကာယကံမေတ္တာ ဆိုတာ ဘာတုံးဆိုရင် လုပ်ကိုင်
ဆောင်ရွင်မှုနဲ့ မေတ္တာပြတာ။
ဥပမာ ကိုယ့်အသင်းအဖွဲ့ထဲက တစ်စုံတစ်ယောက်ဟာ
မနိုင်ဘဲနဲ့ တစ်ခုခုကို မနေတယ်ဆိုရင် ဝိုင်း မတယ်။
အရွယ်နဲ့မလိုက်ဘူး ဆိုရင် ဟုတ်လား။
ညီလေးထားလိုက် ငါ လုပ်မယ်။
ဟော ကာယကံမေတ္တာလို့ ခေါ်တယ်။
ကာယကံမေတ္တာ ကိုယ်ထိလက်ရောက် ပြတာဖြစ်တယ်။
>> ဒုက္ခမရောက်အောင် ဒုက္ခရောက်မည့် အရာတွေ
ဖယ်ရှားပေးတာ။
ဆိုပါစို့ ကိုယ့် အသင်းအဖွဲ့ထဲက ဖြစ်ဖြစ် လူတစ်ယောက်
က ပစ္စည်းလေး တစ်ခုခု မေ့ထားရင် သိမ်းထားတယ်။
သူမမြင်တဲ့နေရာမှာ ပစ္စည်းကို မပျက်စီးရအောင်
စောင့်ရှောက်ပေးထားမယ်။
ဒါလေးတွေဟာ ကာယကံမေတ္တာလို့ ခေါ်တယ်။
လမ်းသွားတဲ့အခါမှာ ခလုတ်မထိ ဆူးမငြိကြပါစေနဲ့။
ဆူးတွေ ဘာတွေ တွေ့ရင် ဖယ်ပေးသွားတယ်။
ခဲတွေ ဘာတွေ တွေ့ရင် ဖယ်ပေးသွားတယ်။
အဲဒါဟာ ကာယကံမေတ္တာကို ပြတယ်လို့ ခေါ်တယ်ပေါ့။
ကိုယ်နဲ့ ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်တာ။
အေး ဒါ ငါ့အတွက် မဟုတ်ဘူး။
ဒါဟာ သူ့အလုပ်လို့ ဒီလို ကတ်သတ်တာမျိုး မရှိဘူး။
အားလုံးအပေါ် ကာယကံမေတ္တာထားပြီးတော့
လုပ်ပေးနေရမယ်။
>> ဘုန်းကြီးတို့ ငယ်ငယ်က မင်းကွန်း သွားဖူးတယ်။
မင်းကွန်းရောက်တဲ့ အခါမှာ ဆရာတော်ကြီးတစ်ပါး
ရှေ့ကကြွသွားတဲ့ နောက်ကလိုက်ရတာပေါ့။
တစ်လမ်းလုံး အဲဒီ ဆရာတော်ကြီးက လမ်းပေါ်မှာရှိတဲ့
ကျောက်ခဲတွေကို ဖယ်ဖယ်ပြီး သွားလိုက်တာ။
ကျောင်းကို အတော်နဲ့ မရောက်ဘူး။
ဆူးတွေ့လိုက် ကောက်ဖယ်လိုက် ခဲတွေ့လိုက်
ကောက်ဖယ်လိုက်နဲ့ ကျောင်းကိုအတော်နဲ့ မရောက်ဘူး။
ဒါကို ငယ်ငယ်တုန်းကတော့ သဘောမပေါက်ဘူး။
အခု ကြီးတော့မှ ဒါဟာ ဆရာတော်ကြီးရဲ့
ကာယကံမေတ္တာ ခေါ်တယ်။
လမ်းသွားတဲ့ပုဂ္ဂိုလ်တွေ ခလုတ်မထိ ဆူးမငြိပါစေနဲ့
ဆိုတဲ့ နှလုံးသွင်းနဲ့ လမ်းပေါ်မှာရှိတဲ့ ဆူးတွေကို
ခဲတွေကို ဖယ်ရှားပြီး သွားတယ်။
ဒါဟာ ကာယကံမေတ္တာလို့ ခေါ်တယ်။
ကိုယ့်အသင်းအဖွဲ့ ကိုယ့်မိသားစုထဲမှာလည်းပဲ
ကာယကံမေတ္တာ ထားနိုင်ရမယ်။
>> တချို့ကတော့ ကာယကံမေတ္တာ မထားနိုင်ကြဘူး။
ကြားဖူးတာလေးတစ်ခု ပြောမယ် -
အဲဒီလို ကာယကံမေတ္တာ တပည့်သံဃာတွေထဲမှာ
ရှိ မရှိ ဆရာတော်ကြီးတစ်ပါးက စုံစမ်းချင်တယ်။
စားပွဲတင်နာရီလေး တစ်လုံးကို ကျောင်းပေါ်က
သူတကာတွေ သွားတဲ့လမ်းမှာ ချထားတယ်။
လမ်းမှာချထားတဲ့ နာရီလေးကို လာသမျှ ကိုယ်တော်တွေ
ဘယ်သူမှ ကောက်သိမ်းသွားတာ မရှိဘူးတဲ့။
နောက် ကိုယ်တော်တစ်ပါး လာပြီး ခြေနဲ့
ခတ်ပစ်သွားတယ်။
ဒါဟာ ကာယကံမေတ္တာ မထားနိုင်တာ။
အေး ဘယ်သူ့ပစ္စည်းပဲဖြစ်ဖြစ် ဘယ်သူထားတာပဲဖြစ်ဖြစ်
ကာယကံမေတ္တာ ထားနိုင်တဲ့ပုဂ္ဂိုလ်က နေရာတကျ
ပြန်ပြီး သိမ်းပေးသွားတာပဲ။
ဒါဟာ ကာယကံမေတ္တာလို့ ခေါ်တယ်ပေါ့။
>> မိသားစုထဲမှာ ကာယကံမေတ္တာ မရှိလို့ရှိရင်
ဘာဖြစ်လဲ။
ဟေ့ ဒီပန်းကန် ဘယ်သူပစ်ထားတာတုံး ဒါဘယ်သူ
လုပ်တာတုံးနဲ့ ဆိုပြီးတော့ စကားများကြတယ်။
အသင်းအဖွဲ့ တစ်ခုမှာလည်းပဲ ဒါမျိုးကို
ကာယကံမေတ္တာ မထားနိုင်ဘူး ဆိုလို့ရှိရင်
ဟာ ငါလုပ်တာ မဟုတ်ဘူး သူလုပ်တာ ဆိုပြီး
တစ်ယောက်နဲ့ တစ်ယောက် အပြစ်ရှာကြတယ်။
ကာယကံမေတ္တာ မဖြစ်ကြတော့ဘူး။
ကာယကံမေတ္တာ မရှိတော့ဘူးဆိုရင်
စည်းရုံးရေး ပျက်ပြားတယ်။
>> ရှင်ရာဟုလာဆိုတဲ့ ဘုရားရဲ့ သားတော်လေးဟာ
ကာယကံမေတ္တာ ထားတဲ့နေရာမှာ စံပြပုဂ္ဂိုလ် ဖြစ်တယ်။
ရှင်ရာဟုလာကို ရဟန်းတော်တွေက စမ်းကြတယ်။
ရာဟုလာဟာ ကိုယ်ကျင့်တရားကို
အင်မတန်မှ မြတ်နိုးတယ် ဟုတ် မဟုတ် စမ်းမယ်။
ရှင်ရာဟုလာ လာမည့်လမ်းကို
အမှိုက်တွေ ပစ်ထားတယ်။
တံမြက်စည်းတွေ ပစ်ထားတယ်။
ပစ်ထားပြီး မကြားတကြား ပြောကြတယ်။
ဒီ အမှိုက်တွေ ဘယ်သူ ပစ်ထားတာလဲ။
ဒီ တံမြက်စည်း ဘယ်သူ ပစ်ထားတာလဲ။
ဟေ့ ရာဟုလာ နေမှာ။သူက ဘုရားရဲ့ သားတော် ဆိုပြီးတော့ လုပ်ချင်ရာ
လုပ်တာ ဒီလမ်းက အမှိုက်တွေကို
သူ ပစ်သွားတာနေမှာ။
ရှင်ရာဟုလာ ကြားတဲ့အခါမှာ အမှိုက်တွေကို
ကောက်သိမ်း တံမြက်စည်းတွေကို သိမ်းပြီးတော့
အရှင်ဘုရားတို့ နောက်လည်း ဆုံးမကြပါဘုရား
သတိပေးကြပါလို့ ပြောပါတယ်။
သူ မလုပ်ဘူးလို့ မပြောဘူး။
တကယ်လည်း သူလုပ်တာ မဟုတ်ဘူး။
ဘယ်သူလုပ်ထားထား ကောက်ပြီးတော့ သိမ်းသွားတာ။
ကျန်တဲ့ ပုဂ္ဂိုလ်တွေ အပြစ်မဖြစ်ပါစေနဲ့ ဆိုတဲ့
မေတ္တာစိတ်နဲ့ ကိုယ်လုပ်နိုင်တာလေးကို လုပ်သွားတာ။
ဒါဟာ ကာယကံမေတ္တာလို့ ခေါ်တယ်။
>> အသင်းအဖွဲ့တွေထဲမှာ ဒီ ကာယကံမေတ္တာ ဆိုတာ
ဟာ အင်မတန်မှ အရေးကြီးတယ်။
ကာယကံမေတ္တာ ပြနိုင်ရမယ်။
ဒါသာရဏီယတရားတွေထဲမှာ နံပါတ်( ၁ )
တရားဖြစ်တယ်။
အေး ရှေ့မှာပဲဖြစ်ဖြစ် ကွယ်ရာမှာပဲဖြစ်ဖြစ်
လောကလူတွေက ရှေ့မှာတော့ ကောင်းတတ်ကြတယ်။
ကွယ်ရာမှာတော့ သိပ်မကောင်းကြဘူး။
ကွယ်ရာအတင်းပြောတယ် ဆိုတာ လူ့သဘောလို့
ပြောရမလို ဖြစ်နေတယ်။
ဘာဖြစ်လို့တုံး ဆိုတော့ အတင်းပြောတဲ့ လူက
များတာကိုး။
# ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ၏
သာရဏီယတရားတော်မှ #
Credit >> KhinSandar Win >> Thanks
No comments:
Post a Comment