Tuesday, October 30, 2018

အလှူလက္ခဏာများ


အလှူလက္ခဏာများ
++++++++++++++

အလှူဒါနနှင့် ပတ်သက်လာလျှင် စေတနာသည် မပါ မပြီး အရေးကြီးသည်။ စေတနာမရှိလျှင် မလှူဒါန်းနိုင်။ စေတနာ ရှိမှသာ လှူဒါန်းနိုင်သည်။ စေတနာဆိုရာမှာလည်း ပုဗ္ဗ၊ မုဉ္စ၊ အပရ ဟူ၍ သုံးမျိုးရှိသည်။

မလှူဒါန်းမီ ရှေ့အဖို့၌ လှူဖွယ်ပစ္စည်းများကို စုဆောင်းရှာ ဖွေရာ အခါမှစ၍ ''ငါသည် လောကီလောကုတ္တရာများစွာသော စည်းစိမ်တို့၏ အကြောင်းဖြစ်သော အနုဂါမိက (ဘဝစဉ်ဆက် လိုက်တတ်သော) အလှူကုသိုလ်ပြုရတော့မည်'' စသည်ဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခြင်းသည် ဗုဗ္ဗစေတနာမည်၏။

ပေးလှူပြီးနောက် '' ငါသည် ပညာရှိတို့ ချီးမွမ်းအပ်သော လှူဒါန်းမှုကို ပြုလုပ်ခဲ့ရပေပြီ ကောင်းပေစွ'' ဟု အဖန်ဖန် အထပ်ထပ် အောက်မေ့အမှတ်ရကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေ ခြင်းသည် အပရစေတနာမည်၏။

လှူဖွယ်ပစ္စည်းအစုစုကို အလှူခံပုဂ္ဂိုလ်လက်တွင် ထည့်၍ စွန့်လွှတ်လှူဒါန်းဆဲအခါ ''အနှစ်သာရမရှိသော ပစ္စည်းဥစ္စာမှ အနှစ်သာရ ရရှိသော ကုသိုလ်မျိုးစေ့ကို ထုတ်ယူနေပါတကား'' ဟု စိတ်ကြည်လင်ရွှင်ပြစွာ လှူဒါန်းမှုသည် မုဉ္စစေတနာမည်၏။

ထို့ပြင် အလှူဒါန အကျိုးကြီးမားထက်သန်ရေးအတွက် အလှူခံပုဂ္ဂိုလ်ဘက်ကလည်း အင်္ဂါလက္ခဏာများနှင့် ပြည့်စုံရန် အရေးကြီးပါသည်။ ရာဂ၊ ဒေါသ၊ မောဟ ကင်းရန် ကျင့်ကြံပြီး ကျင့်ဆဲဖြစ်တော်မူကြကုန်သော ပုဂ္ဂိုလ်မြတ်တို့မှာ အကောင်းဆုံး သော အလှူခံပုဂ္ဂိုလ်မြတ်များ ဖြစ်ကြသည်။ အခြားပုဂ္ဂိုလ်တို့မှာ သာမန်အလှူခံပုဂ္ဂိုလ်တို့သာ ဖြစ်ကြသည်။ ဤသို့လျှင် အလှူ ပေးသူနှင့် အလှူခံသူ နှစ်ဦးနှစ်ဖက် အင်္ဂါလက္ခဏာနှင့် ပြည့်စုံ ရန် လိုအပ်ပါသည်။

No comments:

Post a Comment