Tuesday, October 16, 2018

လူ့အသက် ( လူ့ဘဝ ) ဥပမာ


လူ့အသက် ( လူ့ဘဝ ) ဥပမာ
~~~~~~~~~~~~~~~~~~~

မွေးဖွားလာသူအား မသေခြင်းမည်သည် မရှိ တဲ့ ။

၁။ သူတော်ကောင်း … တို့
မြက်ဖျားပေါ်ကျနေတဲ့ ဆီးနှင်းပေါက်ဟာ နေထွက်လာတာနဲ့
လျင်မြန်စွာ ပျောက်ကွယ်သွားတယ် အကြာကြီး တည်မနေဘူး။
လူတွေရဲ့အသက် လူ့ဘဝဆိုတာလည်း …
မြက်ဖျားပေါ်က ဆီးနှင်းပေါက်နဲ့ ပမာတူတယ်
လျင်မြန်စွာ ကွယ်ပျောက်လွယ်တယ်
များစွာ ပင်ပမ်းဆင်းရဲတယ်။

၂။ သူတော်ကောင်း … တို့
မိုးရွာတဲ့အခါ ရေပြင်ပေါ်ဖြစ်ပေါ်နေတဲ့ ရေပွက်လေးတွေဟာ
လျင်မြန်စွာပဲ ပျောက်ကွယ်သွားသလို
လူ့ဘဝဟာလည်း လျင်မြန်စွာပဲ ပျောက်ကွယ်သွားမယ်။

၃။ သူတော်ကောင်း … တို့
ရေပြင်ပေါ်မှာ တုတ်နဲ့ ရေးခြစ်တဲ့အခါ
ထင်လာတဲ့အရေးအကြောင်းဟာ
လျင်မြန်စွာပဲ ပျောက်ကွယ်သွားသလို
လူ့ဘဝဟာလည်း လျင်မြန်စွာပဲ ပျောက်ကွယ်သွားမယ်။

၎။ သူတော်ကောင်း … တို့
အရှိန်အဟုန်နဲ့ စီးဆင်းနေတဲ့ တောင်ကျမြစ်ဟာ
ရပ်နေတယ် , နားနေတယ်ဆိုတာ ဘယ်တော့မှ မရှိဘူး
အမြဲတမ်း စီးဆင်းနေတယ်။
အဲဒီလ်ုပဲ လူ့ဘဝဆိုတာ သေခြင်းဆီသို့ ဦးတည်ပြီးတော့
အမြဲတမ်း ရွှေ့လျားနေတယ်။
ရပ်တယ် နားတယ် မရှိဘူး။ တောင်ကျမြစ် စီးဆင်းနေတာနဲ့ အလွန်တူတယ်။
ထမင်းစားရင်းလည်း သွားနေတယ် , စကားပြောရင်းလည်း
သွားနေတယ်, လုပ်ရင်းကိုင်ရင်းနဲ့လည်း သွားနေတယ်။
ညအခါ အိပ်စက်အနားယူနေချိန်မှာတောင် ဤခန္ဓာ သေရွာ
သွားတဲ့အလုပ်ကို လုပ်နေတယ်။

၅။ သူတော်ကောင်း … တို့
အားရှိတဲ့လူတစ်ယောက်အတွက် တံတွေး ထွေးတယ် ဆိုတာ
ဘာမှ မခက်ခဲဘူး။ အလွန် လွယ်ကူတယ် အဲဒီလိုပဲ
လူ့ဘဝဟာ တံတွေးပေါက်နဲ့ တူတယ်။
သေခြင်းဟာ တံတွေးထွေးရတာလောက် လွယ်ကူတယ်
သေချင်ရင် လွယ်လွယ်ကလေး သေသွားနိုင်တယ်။

၆။ သူတော်ကောင်း … တို့
ရဲရဲပူနေတဲ့ သံအိုးကင်းထဲကို အသားတုံးလေးတစ်တုံး
ပစ်ထည့်လိုက်ရင် အဲဒီအသားတုံးလေး လျင်မြန်စွာ ပျောက်ကွယ်သွားမယ် ။ လူ့ဘဝဆိုတာ အဲဒီ အသားတုံးလေးနဲ့ တူတယ်။
လူ့ဘဝက ပူရင်းလောင်ရင်း ပျောက်ကွယ်သွားတဲ့
အသားတုံးလိုပါပဲ ။

၇။ သူတော်ကောင်း … တို့
နွားသတ်ရုံသို့ ဆွဲယူသွားခံရတဲ့ အသတ်ခံရမယ့်နွားမရဲ့
ခြေလှမ်းတိုင်းဟာ သေခြင်းနဲ့ ပိုနီးလာသလိုပဲ …
လူ့ဘဝဆိုတာ သားသတ်ရုံကို အဆွဲခံရတဲ့
နွားမတစ်ကောင်နဲ့ အလွန်တူပါတယ် ။

သူတော်ကောင်း … တို့
လူတို့အသက်ဟာ အခုပြောခဲ့သလို အလွန်လျင်မြန်စွာ
ကုန်ပျောက်လွယ်တယ် , ဆင်းရဲပင်ပမ်းတယ်
ဒါကို နားလည်ပြီး
ကောင်းမှု ပြုရမယ်
မြတ်သောအကျင့်ကို ကျင့်ရမယ်။
မွေးဖွားလာတဲံ သတ္တဝါ မသေဘူးဆိုတာ မရှိဘူး ။
သေခြင်းဟာ လျင်မြန်လွန်းတယ် ။

ဒါဟာ …………
"အရက" မည်တဲ့ ဆရာကြီးက သူ့တပည့်တွေကို
ဟောတဲ့ တရားပါ။
လူ့သက်တမ်းခြောက်သောင်း ရှည်တဲ့ခေတ်ပါ။
အဲဒီတုန်းက လူတွေမှာ ချမ်းအေးမှု ပူအိုက်မှု ဆာလောင်မှု
မွတ်သိပ်မှု ကျင်ကြီး စွန့်လိုမှု ကျင်ငယ်စွန့်လိုမှု
ရောဂါ ( ၆ ) မျိုးသာ ရှိတယ် ။
ခုခါမှာ လူတွေဟာ အသက်ရှည်လှမှ နှစ်တစ်ရာပဲ ။
( နှိုင်းယှဉ်ကြည့်ပြီး သံဝေဂအသိ ရသင့်ကြတယ်။ )

"အရှင် ဥတ္တမ - သစ္စာရွှေစည်ဆရာတော် "
( အရကသုတ္တန် အနှစ်ချုပ် - မှ )

No comments:

Post a Comment