Monday, October 15, 2018

ဓမ္မဒါနအမြတ်ဆုံးဖြစ်ရခြင်း


❝ ဓမ္မဒါနအမြတ်ဆုံးဖြစ်ရခြင်း ❞
■■■■■■■■■■■■■■■■
အလှူဒါနဆိုတာ နှစ်မျိုးရှိတယ်ဆိုတာ နဲနဲခွဲပြီး
တော့ ကြည့်။
နံပါတ်တစ်က အာမိသဒါန -
အဆောက်အဦးပဲလှူလှူ ၊စားစရာပဲလှူလှူ ။
ဝတ်စရာပဲလှူလှူ ၊ ဆေးပဲလှူလှူ ၊
ပစ္စည်းဝတ္ထု လှူတာတွေအားလုံးကို
" အာမိသဒါန " လို့ ခေါ်တယ်နော်။ အဲဒါက တစ်ခု။
အဲဒီလိုအကောင်အထည်မရှိဘဲနဲ့
လူတစ်ယောက်ကို အသိဉာဏ်ပေးတယ်။
ဓမ္မအသိပေးတယ်၊ လောကအသိပေးတယ်။
အဲဒီလို အသိဉာဏ်နဲ့ ပတ်သက်တာတွေကို
ဖြန့်ဝေပေးတယ် ဆိုတာကျတော့ ဓမ္မဒါန၊
" ဓမ္မဒါန " ဆိုတာက
အကောင်အထည်ကြီးရှိတာ မဟုတ်ဘူးနော်။
အသိကိုပေးတာ၊ ဟိုတစ်ဖက်သားက
ပစ္စည်းဝတ္ထု ရသွားတာ မဟုတ်ဘူး။
အသိဉာဏ်ပဲ ရသွားတာ။
အဲဒီနှစ်ခုကို နှိုင်းယှဉ်လိုက်မယ်ဆိုရင်တဲ့ _
သဗ္ဗဒါနံ ပေးတာတွေအားလုံးကို
( ဘာပဲပေးပေး ပစ္စည်းဝတ္ထုတွေ ပေးတာတွေ၊
ပေးတာတွေအားလုံးကို)
ဘယ်ဟာက အနိုင်ရထားတုန်း၊
ဘယ်အရာကအုပ်စီးထားတုန်းဆိုရင်
ဓမ္မဒါနလို့ခေါ်တဲ့ ဓမ္မအလှူက အနိုင်ရပါတယ်။
ပညာအလှူက အနိုင်ရပါတယ်လို့ ပြောတယ်။
နတ်တွေကတော့
မြတ်စွာဘုရားဒီလောက်ဖြေလိုက်တာနဲ့
သုတို့ကျေနပ်သွားတယ်။
ဘုန်းကြီးတို့တစ်တွေက မကျေနပ်သင့်သေးဘူး။
ဘာဖြစ်လို့ ဓမ္မဒါနက ဒါနအားလုံးကို အုပ်စိုး
ထားနိုင်သလဲ၊
ဓမ္မဒါနက ဘာကြောင့် အမြတ်ဆုံးလဲဆိုတာ
ဆက်ပြီး စဉ်းစားရမယ်။
ဆက်မစဉ်းစားလို့ရှိရင် မသိနိုင်သေးဘူးနော်။
ဓမ္မဒါနအမြတ်ဆုံးဖြစ်ရခြင်း။
═══ ═══
အဲဒါကို ဓမ္မပဒ အဋ္ဌကထာမှာ
အဋ္ဌကထာဆရာက ရှင်းထားတာ
အချက်နှစ်ချက်ပေးထားတယ်။
အချက်နှစ်ချက်က ဘာလဲလို့ဆိုရင်
" လောကမှာ " တဲ့...
" လှူမှုတန်းမှု လုပ်နေကြတာတွေဟာ
ဓမ္မဒါန ဆိုတဲ့ အသိဉာဏ် ရ, ထားတဲ့အပေါ်မှာ
အခြေခံပြီး လှူကြတာတဲ့။
ဆိုလိုတာက တရားဓမ္မနာယူကြရလို့
လူတွေဟာ ဒါနလုပ်နေကြတာ။
တရားမှ မနာယူရင် ဒါနမလုပ်ဘူး။
ဒါကြောင့် ဓမ္မဒါနက ပိုပြီးတော့
အရင်းခံကျတာပေါ့။
ဒါတစ်ခု မှတ်ထားပေါ့နော်။
နောက်အကြောင်းတစ်ခု
ပေးလိုက်တာရှိသေးတယ်။
ဘာတုန်းဆိုတော့ အသိပညာဓမ္မဒါနလို့ခေါ်တဲ့
တရားနာရလို့၊
တစ်ဦးတစ်ယောက်ကမှ တရားကို ရှင်းပြခြင်း
( ရှင်းပြတယ်ဆိုတာ ဓမ္မကို ပေးတာပဲနော် )
အသိပညာပေးခြင်း မရှိဘူးဆိုရင်
ဘုရား၊ ပစ္စေကဗုဒ္ဓကလွဲရင် ဘယ်ပုဂ္ဂိုလ်မှ
တရားထူးတရားမြတ် မရနိုင်ဘူးတဲ့။ ။
ရှင်သာရိပုတ္တရာမထေရ်မြတ်တောင်
ရှင်အဿဇိရဲ့ ဖြန့်ဝေမှု ဓမ္မဒါနကို
လက်ခံရရှိမှသောတာပန်ဖြစ်တာ။
ဥပမာ ရှင်အဿဇိက ရှင်သာရိပုတ္တရာကို
သင်္ကန်းတစ်စုံလှူလိုက်မယ်ဆိုရင် ဒီသင်္ကန်းက
မဟောင်းခင် မစုတ်ခင်လေးပဲ ဝတ်လို့ရမှာပေါ့။
ဟုတ်ရဲ့လား။
ဆွမ်းလှူလိုက်မယ်ဆိုရင်လည်း
တစ်ရက်စာပဲ ရမှာပေါ့။
ဆွမ်းရဲ့အကျိုးပြုမှုကလည်း ဒီလောက်ပဲ ရှိမယ်။
သင်္ကန်းအကျိုးပြုမှုကလည်း ဒီလောက်ပဲ ရှိမယ်။
အဆောက်အဦးလှူလိုက်မယ်ဆိုရင်လည်း
အဆောက်အဦးရဲ့ အကျိုးပြုမှုကဒီလောက်ပဲရှိမယ်။
ဓမ္မဒါနကြောင့် ဓမ္မကို ရသွားတဲ့အခါ
အကျိုးပြုကျတော့
သံသရာဝဋ်ကလည်းလွတ်သွားတယ်၊
အသိဉာဏ်တွေလည်း ရသွားတယ်၊
နိဗ္ဗာန်ထိအောင်လည်း ရောက်သွားတယ်ဆိုတော့
ဘယ်ကပို အကျိုးတွေ များတုန်း။
( ဓမ္မကို လှူတာက များတယ် ) ဒါကြောင့်မို့
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ လို့ ဒီလိုပြောတာနော်။
အဲဒီတော့ လှူသူနှင့်ယူသူ၊ ပေးသူနှင့်ရသူ
အဲဒီနှစ်မျိုးထဲက ရသူမှာ ပိုပြီးတော့
အကျိုးဖြစ်ထွန်းသည့်အတွက်ကြောင့်
ဓမ္မဒါနက ပိုမြတ်တယ်လို့ ပြောတာ။
နှိုင်းစာလို့မရဘူးနော်။
ဘုရားဟောတဲ့တရားဟာ
အရင်းကျကျဟောတာချည်းပဲ။
ဘာရှုထောင့်က ဟောတာတုန်းဆိုတော့
အကျိုးအမြတ်ရှုထောင့်ကဟောတာ။
လက်ခံရရှိသူမှာ ရလိုက်တဲ့အကျိုးနှင့်ကြည့်ပြီး
တန်ဖိုးဖြတ်တာတဲ့။
ပေးတဲ့လူနဲ့တန်ဖိုးဖြတ်တာ မဟုတ်ဘူးနော်။
လက်ခံရရှိတဲ့ပုဂ္ဂိုလ်မှာ ခံစားရတဲ့အကျိုးကိုကြည့်ပြီး
တန်ဖိုးဖြတ်လိုက်တယ်လို့ ဒီလိုမှတ်ရမယ်။
(ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)
🌺အမှောင်ပျောက်၍ အလင်းရောက်ပါစေ။🌺

No comments:

Post a Comment