"အမှောင်ပျောက်၍ အလင်းရောက်ပါစေ "🌺
■■■■■■■■■■■■■■■■■■■■■
✍️စာရေးသူ - ဇာဏီ(ကံမ)✍️
▬▬▬▬▬▬▬▬▬▬▬▬▬
အမှောင်တကာ့ အမှောင်ထဲမှာ
ကိလေသာအမှောင်က
ကြောက်စရာ အကောင်းဆုံးပါ။
ကိလေသာ အမှောင်ကြောင့်လည်း
အစ,မထင်တဲ့ သံသရာကြီးထဲမှာ
ဟိုတိုး ဒီတိုး မြုပ်လိုက် ပေါ်လိုက်နဲ့
ဒုက္ခသစ္စာဆိုတဲ့ ဝန်ထုတ်ဝန်ပိုးကြီးကို
ထမ်းပိုးရင်း စမ်းတဝါးဝါးနဲ့ သွားနေရတာ
အဆုံးသတ်တော့မှာ မဟုတ်တော့ပါဘူး။
ဒါ့ကြောင့်လည်း
ဘုရားရှင်ကိုယ်တော်မြတ်ကြီး
အမှောင်ပျောက်၍ အလင်းရောက်စေခြင်း
အကျိုးငှာ
သံသရာတည်းဟူသော အမှောင်ထုကြီးထဲမှ
ထွက်မြောက်ရာ ထွက်မြောက်ကြောင်း
အလင်းလမ်းကြောင်းကို
ဓမ္မမီးမောင်း ထိုးပြခဲ့ခြင်း ဖြစ်ပါတယ်။
နေ့စဉ် မိုးသောက်မှသည် နေဝင်သည်အထိ
ပုထုဇဉ် လူသားတို့ဘဝဟာ " နေ့ " ဆိုတဲ့
အလင်းဓာတ်လွှမ်းနေတဲ့ ကာလထဲမှာ
စားဝတ်နေရေးအတွက်
ရုန်းကန်လှုပ်ရှား နေရပေမယ့်
အမှောင်ကျနေတာကို သတိမထားမိကြပါဘူး။
စစ်မှန်တဲ့အလင်းဓာတ်ကို မမြင်ကြရတာပါ။
တနည်းပြောရရင်- ပညာမျက်စေ့ကန်းပြီး
ကိလေသာအမှောင်လွှမ်းနေတာကို
သတိမထားမိကြတာပါ။
လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့
ကိလေသာအမှောင်တွေဟာ
အာရုံ(၆)ပါး နဲ့ ဒွါရ(၆)ပေါက်တို့ တိုက်ဆိုင်တိုင်း
အမှောင်ကျနေတာပါ။
ဒီအမှောင်ကို သတိမထားမိလို့
(ပရမတ်) အရှိတရားကို မမြင်ခဲ့ရင်တော့
သံသရာပင်လယ်ပြင်ကို လက်ပစ်ကူးရင်း
မြုပ်လိုက် ပေါ်လိုက် ခံရဦးမှာပါ။
ဒါကြောင့်လည်း
ဓမ္မမိတ်ဆွေအပေါင်းတို့ အနေနဲ့-
ဘုရားရှင်ပေးတဲ့ ဓမ္မမီးတိုင်ကို ထွန်းကိုင်ပြီး
" သတိ "ဆိုတဲ့ မီးခလုတ်ကို အမြဲဖွင့်ထားကာ
" ပညာ "ဆိုတဲ့ အလင်းရောင် နဲ့
လျှောက်လှမ်းမှသာ
ကိလေသာ အမှောင်ပျောက်ပြီး
" ဝေဒနာ " ဆိုတဲ့ ဒီဘက်ကမ်းမှသည်
သံသရာ အမှောင်ရဲ့ လမ်းခရီးအစ ဖြစ်တဲ့
" တဏှာ " ဆိုတဲ့ ဟိုဘက်ကမ်းကို
မကူးရတော့ဘူးဆိုတာ
စွဲမြဲတဲ့ ယုံကြည်မှု " သဒ္ဓါ " ဖြင့်
လျှောက်လှမ်းနိုင်ပါစေကြောင
ဓမ္မမိတ်ဆွေ အပေါင်းတို့အား -
ရင်ထဲမှ လာတဲ့ မေတ္တာဖြင့်
အသိပေးလိုက်ရပါတော့သည်။
" အမှောင်ပျောက်၍ အလင်းရောက်ပါစေသား "
✍️စာရေးသူ - ဇာဏီ(ကံမ)✍️
No comments:
Post a Comment