"စေတနာသဒ္ဓါတရား မှန်ကန်ဖို့ လိုတယ်"
++++++++++++++++++++
သဒ္ဓါဆိုတာကို ပညာနဲ့မထိန်းရင်
လမ်းကြောင်း မဖြောင့်နိုင်ဘူး တဲ့။
ဒီဘုရားကတော့ လာဘ်ကောင်းလို့
ကိုးကွယ်လိုက်ရဦးမယ် ဆိုတာမျိုးတွေ
ရှိတယ်နော် …။
ဒါဖြင့် လာဘ်မကောင်းဘူးဆိုရင်
ဒီဘုရား အိမ်ပေါ်ထားမှာ မဟုတ်ဘူး၊
ဟုတ်ကဲ့လား …။
အေး လာဘ်မရတော့ဘူးဆိုရင်
ဘုရားကိုးကွယ်ကြတော့မှာ
မဟုတ်တော့ဘူး …။
အဲဒီလို ကိုးကွယ်တာဟာ
"လာဘ" ဆိုတဲ့
လာဘ်လာဘကို ရည်စူးပြီးတော့
ကိုးကွယ်တာဖြစ်နေတယ်။
သေချာ စဉ်းစားကြည့်နော် …။
လောကမှာ…
လူတွေ ဘုရားကိုးကွယ်နေကြတာ
တကယ့်ကို အနှစ်သာရ
သဒ္ဓါနဲ့ ပညာနဲ့ ယှဉ်ပြီးတော့
ကိုးကွယ်တာလား … ?
တစ်ခုခု စီိးပွားတိုးတက်ချင်လို့လား၊
အလုပ်အကိုင်လေး
အဆင်ပြေစေချင်လို့လား
ဆိုတာကို စဉ်းစားကြည့် …။
အလုပ်အကိုင်လေး အဆင်ပြေစေချင်လို့၊
စီးပွားတက်ချင်လို့၊
နှစ်လုံးတို့၊ ဘာတို့ညာတို့ပေါ့လေ။
အဲဒါမျိုးတွေအတွက်…
ကိုးကွယ်နေသေးတယ်ဆိုရင်
ဒါ "အဝေစ္စပ္ပသာဒေန" ဆိုတဲ့
အသိဉာဏ် သက်ဝင်၍
နှစ်နှစ်ကာကာ ယုံကြည်ခြင်းမျိုး
မဟုတ်ဘူးနော် …။
ဒါကြောင့်မို့လို့ အခုဆိုရင်
ဘုရားတောင်မှပဲ…
နာမည်ကောင်းကောင်းလေးတွေပေးပြီး
ကိုးကွယ်ကြတာ။
အမျက်တော်ပြေတို့၊ အလိုတော်ပြည့်တို့
လာဘမုနိတို့၊ ဟုတ်ကဲ့လား …။
အေး… အဲလိုမဟုတ်ရင်
ဘုရားကိုးကွယ်မယ်တောင်မထင်ဘူး။
မြတ်စွာဘုရားဆိုတာနော်…
အကုန်လုံး ဘုရားတိုင်း ဘုရားတိုင်းဟာ
အနည်းဆုံး လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း
ပါရမီဖြည့်ခဲ့တာချည်းပဲ မဟုတ်လား။
ဘုရားတိုင်း ဘုရားတိုင်းဟာ
ဂုဏ်တော်ကိုးပါးနဲ့ ပြည့်စုံတာချည်းပဲ။
ပုံတော်ကနေ ဂုဏ်တော်ကို ရောက်ဖို့
လိုအပ်တယ် …။
အနှစ်သာရကို သိပြီးတော့
မြတ်စွာဘုရားရဲ့ အာရုံ၊
မြတ်စွာဘုရားရဲ့ ဂုဏ်တော်ထဲမှာ
စိတ်ကလေးကိုနှစ်ပြီး…
ဘုရားကို အသိဉာဏ်ရှိရှိ
ကိုးကွယ်ဖို့ပဲ လိုအပ်ပါတယ်။
ခုခေတ်က ပြောရမယ်ဆိုရင်အများကြီးပဲ။
ဘုန်းကြီးတို့ စစ်ကိုင်းမှာလည်း ရှိတယ်။
ဘုရားတစ်ဆူက…
"မဟိယင်္ဂဏ" ဆိုတဲ့ ဘုရား၊
မူရင်းက "မဟိယင်္ဂဏ"။
ကာလရွေ့လျောတဲ့အခါ
"မရှိခဏ" ဖြစ်သွားတယ်။
ဘုန်းကြီးတို့က -
သမိုင်းကြောင်းကို ပြောပြပြီးတော့
"မဟိယင်္ဂဏ" လုပ်ပါ၊
"မရှိခဏ" တော့ မလုပ်ပါနဲ့လို့ဆိုတော့
ဒီဘုရားကို ကိုးကွယ်မယ်ဆိုရင်
"မရှိရင် ခဏပဲ" ပေါ့ …။
ရှိရမယ် ထာဝရဆိုပြီးတော့…
အဲဒီနာမည်လေးကို မဖျောက်နိုင်ဘူး။
လူတွေက ဘုရားကိုတောင်မှ
အဲဒီလို အတွေးမျိုးဆိုရင်တော့…
"အဝေစ္စပသာဒ" မဖြစ်တာ သေချာတယ်။
ဂုဏ်တော်တွေရဲ့ အနှစ်သာရတွေကို
အသိဉာဏ်နဲ့ သက်ဝင်ယုံကြည်တဲ့
သဒ္ဓါတရားနဲ့ ပြည့်စုံဖို့ လိုအပ်ပါတယ် …။
ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်
အရဟံ
No comments:
Post a Comment