Monday, October 15, 2018

☸️" ဝိပဿနာ စာရင်းရှင်းတမ်း "☸️


☸️" ဝိပဿနာ စာရင်းရှင်းတမ်း "☸️
•••••••••••••••••••••••••••••••••
စာရင်းရှင်းတမ်း ဆိုတာ..
ရှုပ်နေတဲ့ ၊ မပြေလည်သေးတဲ့ ၊ အမှားတွေမှားနေတဲ့ စာရင်းတွေ ကို လက်တွေ့ ကျကျအဖြေမှန်ရအောင် ဖေါ်ထုတ်ပြီးတဲ့ရလဒ် အဖြေဟာ စာရင်းရှင်းတမ်းပါပဲ။
ဝိပဿနာ စာရင်းရှင်းတမ်း ဆိုတော့..
ဝိပဿနာနဲ့ မှပဲ ရှင်းလို့ ရမဲ့ အရှုပ်တွေရှိနေတဲ့အတွက်ကြောင့် ဝိပဿနာစာရင်းရှင်းတမ်းလို့ သုံးနှုန်းလိုက်တာပါ။
တကယ်တော့..
ဝိပဿနာရဲ့ စာရင်းရှင်းတမ်း အဖြေကတော့ ရုမ်နာမ် ချုပ်ငြိမ်းရာ နိဗ္ဗာန်ပဲ ဖြစ်ပါတယ်။ ဘယ်လို အရှုပ်တွေ
ကြောင့် ဝိပဿနာ နဲ့ ရှင်းမှရနိုင်သလဲ ဆိုရင်...
ဓမ္မမိတ်ဆွေတို့ မှာ လက်ရှိဖြစ်နေကျ ဒွါရခြောက်ပါး လို့ ခေါ်တဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် က နေ ဖြစ်ပေါ်လာတဲ့ ..
မြင်တိုင်း၊ ကြားတိုင်း၊ တွေ့ သိတိုင်းကနေ ဖြစ်လာတဲ့ လောဘ၊ ဒေါသ၊မောဟ စတဲ့ ကိလေသာအရှုပ်ထွေးတွေ
ကို ဖြေရှင်းရမှာပဲ ဖြစ်ပါတယ်။
ဘယ်လို ဖြေရှင်းရမှာလဲဆိုရင်..
အဲဒီလို ဒွါရခြောက်ပါး ကနေ ဖြစ်ပေါ်လာတဲ့ ရုပ်နာမ်တွေ
ကို ရှုပြစ်လိုက်ရမှာပဲ ဖြစ်ပါတယ်။
မြင်တာကို ရှုလိုက်ရင်..
မြင်ပြီးပျောက်သွားတယ်.. လို့  သိတယ်။ ဖြစ်ပြီး ပျက်
သွားတယ် လို့ လည်း ..သိတယ်။ အဲဒီလို ရှုမှတ်ပုံက
အနိစ္စ ပဲ မမြဲဘူး လို့ ထင်ရှားပါတယ်။
ကြားတာကို ရှုလိုက်ရင်လည်း..
ကြားပြီးပျောက်သွားတယ်.. လို့  သိတယ်။ ဖြစ်ပြီး ပျက်သွားတယ် လို့ လည်း ..သိတယ်။ အဲဒီလို ရှုမှတ်ပုံက အနိစ္စ ပဲ မမြဲဘူး လို့ ထင်ရှားပါတယ်။
ထိတွေ့ တာ၊ သိတာ စတဲ့ အာရုံတွေကလည်း ဒီအတိုင်း
ပါပဲ။ သိပြီး ပျောက်သွားတယ်။ ဖြစ်ပြီး ပျက်သွားတယ် လို့ သိတယ်။
အဲဒီလို ဒွါရခြောက်ပေါက်က ဖြစ်တိုင်းဖြစ်တိုင်း ကို မပြတ်သိနေတယ်ဆိုရင်.. ဒါ ရှု လို့ သိတာပါ၊ မရှုတဲ့လူ မသိပါဘူး။
အဲဒီလို ရှုနေတဲ့ အချက်တိုင်း၊ သိနေတဲ့ အချက်တိုင်း အချက်တိုင်းမှာ.. လောဘ၊ ဒေါသ၊ မောဟ စတဲ့ ဒီအရှုပ်တွေ ကင်းနေတဲ့ အချက်လေးတွေ ဖြစ်နေပါ
တယ်။
ဆိုလိုရင်းကတော့.. မြင်တိုင်း၊ ကြားတိုင်း ၊ တွေ့ သိတိုင်း ထင်ရှားပေါ်လာတဲ့ အာရုံတိုင်းမှာ... လောဘ၊ ဒေါသ မောဟ တွေ ဖြစ်ခွင့်မရအောင် မပြတ် ရှုမှတ်သွားဖို့ပါပဲ။
လောဘ ဒေါသ မောဟတွေ မဖြစ်ရင် "အကုသိုလ်ကံ "
လည်း မဖြစ်နိုင်ဘူး။ ဘဝကိုအကျိုးကိုပေးမယ့် "ကုသိုလ်ကံ " တွေ လည်းမဖြစ်ပါဘူး။
အဲဒီ "အကုသိုလ်" ရော၊ "ကုသိုလ်" ရော မလုပ်တဲ့အတွက်
ကံမဖြစ်တော့ဘူး ဆိုတော့ ၊ ကံ ကပစ်ချမည့် ဘဝအကျိုး
လည်း ဖြစ်ခွင့်မရှိတော့ပါဘူး။
ဒါကြောင့် ... အဲဒီလိုမှတ်နေတဲ့ ယောဂီပုဂ္ဂိုလ်မှာ
ရှုမှတ်တိုင်း ရှုမှတ်တိုင်း ဒီရှုပ်နေတဲ့စာရင်းတွေ ရှင်းပြီး
သားဖြစ်ဖြစ်သွားပါတယ် ။
ဒါပေမယ့်... ဒီအရှုပ်စာရင်းတွေအကုန်လုံးကတော့ ရဟန္တာ ဖြစ်တဲ့အခါကျမှာပဲ အကုန်လုံးရှင်းသွားမှာ ဖြစ်ပါတယ်။
အနာဂါမ် မှာလည်း ကောင်းကောင်းမရှင်းသေးဘူး။
ပုထုဇဉ်တွေမှာတော့ ...ဒီစာရင်းက အရှုပ်ဆုံးပါပဲ။
နေရာတိုင်း နေရာတိုင်း သူ့မှာ စာရင်းတွေရှိနေတာပါ။
ဘယ်လိုစာရင်းတွေလည်းဆိုရင်..
လူဖြစ်ဖို့၊ နတ်ဖြစ်ဖို့ ၊ ငရဲ တိရစ္ဆာန် ၊ပြိတ္တာ၊ အသူရကယ် ဖြစ်ဖို့ စတဲ့ စာရင်းတွေပါပဲ။
ပုထုဇဉ်မှာ ဒီစာရင်းတွေ အကုန်လုံးရှိနေပါတယ်။
သောတာပန် ကျတော့ ပုထုဇဉ်လောက် စာရင်းမရှုပ်
ပြန်ဘူး။
ဒါပေမယ့်..ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရကယ် စတဲ့ အပါယ်လေးဘုံ ဖြစ်ဖို့ ဒီစာရင်း တော့ မရှိတော့ပါဘူး ။
လူဖြစ်ဖို့ ၊နတ်ဖြစ်ဖို့ ၊ ဗြဟ္မာဖြစ်ဖို့ ဆိုတဲ့ စာရင်းတွေ လောက်ပဲ ရှိပါတော့တယ်။
ပြီးတော့ သကဒါဂါမ်မှာလည်း သောတာပန်လိုပဲ စာရင်းရှိပါသေးတယ်။ အနာဂါမ်ကျတော့ စာရင်းက အတော်ရှင်းနေပါပြီ။
လူဖြစ်ဖို့ ၊ နတ်ဖြစ်ဖို့ စာရင်းတောင်မရှိတော့ပါဘူး။
ဗြဟ္မာဖြစ်ဖို့ လောက်ပဲ စာရင်းကရှိပါတော့တယ်။
နောက်ဆုံး ရဟန္တာဖြစ်သွားတဲ့အခါကျတော့မှ..
ဘာစာရင်းမှ မရှိတော့ပဲ။အကုန်လုံး ရှင်းသွားမှာ ဖြစ်ပါတယ်။
အဲဒါလို စာရင်းရှင်းသွားအောင် ရှင်းထုတ်ဖို့ က ဝိပဿနာ
နဲ့ မှ ရှင်းထုတ်လို့ ရတာဖြစ်ပါတယ်။
ဝိပဿနာစာရင်းရှင်းတမ်းရဖို့ အတွက် ဓမ္မမိတ်ဆွေတို့ အနေနဲ့.. ကာယ ကိုပဲရှုရှု ၊ စိတ်ကိုပဲ ရှုရှု၊ ဝေဒနာကို ပဲရှုရှု၊ ဓမ္မသဘောတရားကိုပဲရှုရှု..
မိမိတို့ ရှုမှတ်မယ်ဆိုတဲ့ ကမ္မဋ္ဌာန်းအာရုံကို ပြတ်တောင်း
ပြတ်တောင်းလုပ်မနေဘဲနဲ့..တစ်ခုတည်းကိုပဲ
" စူးစူးစိုက်စိုက် ၊ စွဲစွဲမြဲမြဲ၊ မြန်မြန်ဆန်ဆန်" ရှုဖို့ တိုက်တွန်းရင်း..
ဤဓမ္မစာစုကို မျှဝေလိုက်ပါသည်။
( ခန္ဓာ၅ပါး- တစ်ဦး )
••••••••••••••••••••••••••••••••••••••••
ကိုးကား ( ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရား
ကြီးဟောကြားသည့် ပုရေဘာဒသုတ် တရားတော်မှ ကောက်နုတ်ပူဇော်ပါသည် )

No comments:

Post a Comment