Monday, October 15, 2018

ငယ်ငယ်တုန်းက_သီတင်းကျွတ်လို_အခါကြီးရက်ကြီးတွေမှာ


#မိဘဘိုးဘွားတွေကို_ကန်တော့တဲ့အခါ မုန့်ဖိုးလေးများရလိုက်ရင် ပျော်လို့မဆုံး တပြုံးပြုံး ။
အချို့လူကြီးတွေက မုန့်ဖိုးသာမက ဆုတွေပါ အပို ပေးလိုက်ကြသေးသည် ။
”သူတော်ကောင်းနဲ့ တွေ့ပါစေ ၊သူယုတ်မာနဲ့ လွဲပါစေ ”ဆိုတာမျိုးပေါ့ ။
ဒီဆုတွေကိုတော့ မုန့်ု့ဖိုးပိုက်ဆံလောက် မကြိုက် ။
မုန့်ဖိုးမပါပဲ ဒီပါးစပ်ဆုပဲ ပေးလိုက်ရင်တော့ တရှုံ့မဲ့မဲ့ ။
#အသက်ကလေးရလာပြီး ဘဝအတွေ့အကြုံတွေ ရင့်ကျက်လာတော့မှ အလွန့်ကို တန်ဖိုးရှိတဲ့ ဆုပေးလိုက်တာပါလားဆိုတာ သဘောပေါက်တော့သည် ။
သူတော်ကောင်းနဲ့တွေ့ရင် ငြိမ်းအေးချမ်းသာရာ ရသလောက် ၊ဘဝတိုးတက်မှုတွေ အောင်မြင်မှုတွေ ရသလောက် သူယုတ်မာနဲ့ ​တွေ့ရင်တော့ မလွယ် ။
စိတ်ဆင်းရဲစရာတွေ ၊ဒုက္ခတွေမျိုးစုံ ၊ဆင်းရဲခြင်းမျိုးစုံ တောင်ပုံရာပုံ ရသွားလိမ့်မည် ။
ဒီတော့ သူတော်ကောင်းနား ဆည်းကပ်နိုင်ဖို့ သူယုတ်မာဆို ဝေးဝေးရှောင်နိုင်ဖို့ဆိုတာ အရေးကြီးသည် ။
ဒီလို ဆောင်နိုင် ရှောင်နိုင်ဖို့ ကလဲ လူ့သဘော လူ့မနောကို သိပါမှ ။
ဒါကလဲ ပြောသလောက်တော့ မလွယ် ။ စိန်ကဲရွှေကဲထက် လူကဲခတ်ရ ခက်သတဲ့ ။ လူ့သဘောဆိုတာလဲ ကြာကြာပေါင်းကြည့်မှ သိနိုင်သတဲ့ ။ကြာကြာပေါင်းကြည့်လို့ သိလာရော ကိုယ့်ရှိသမျှလဲ ပြောင်ရော ။
ဒီတော့ ဘာပဲပြောပြော ကြိုပြီးရှောင်နိုင်အောင် နဲနဲလေးဖြစ်ဖြစ် လူကဲခတ်တတ်ဖို့တော့ လိုသည် ။
🔵ပညာရှိ သူတော်ကောင်း
(တော်လဲတော် ကောင်းလဲကောင်း)
🔵ပညာတတ် သူယုတ်မာ
(တော်ပေမဲ့ မကောင်း)
🔵ပညာမဲ့ သူတော်ကောင်း
(မတော်ပေမဲ့ ကောင်း)
🔵ပညာမဲ့ သူယုတ်မာ
(တော်လဲမတော် ကောင်းလဲမကောင်း, )
#ဒီအထဲမှာ_ပညာတတ်_သူယုတ်မာက ကြောက်စရာ အကောင်းဆုံး ။
ပညာမဲ့ သူယုတ်မာထက် အဆပေါင်းများစွာ ဉာဏ်နီဉာဏ်နက်များ ၊ ပိုပြီးတော့လဲ ကောက်ကျစ်စဉ်းလဲဆိုတော့ တကယ့်ကို ကြောက်စရာပါ ။
ပညာမဲ့ သူယုတ်မာက မြင်လွယ် သိသာလွယ်သည် ။
ရှောင်ဖို့ရှားဖို့ မခက်လှ ။
ပြီးတော့ သူတို့မှာ အဖျက် စွမ်းအားလဲသိပ်မရှိကြ ။
ပညာတတ် သူယုတ်မာကတော့ ရှောင်ဖို့မလွယ်လှ ။
သူတို့က ဒေါင်းယောင်ဆောင်ထားတဲ့
ကျီးတွေ ၊
သိုးငယ်ယောင် ဆောင်ထားတဲ့ ဝံပုလွေတွေ ၊
မင်းသားခေါင်းစွပ်ထားတဲ့ ဘီလူးတွေ ။
မင်းသားခေါင်းစွပ်ထားတဲ့အတွက် အပြင်ကကြည့်ရင် နှစ်လိုဖွယ် ဖြစ်နေပေမဲ့ အတွင်းမှာ ယုတ်မာကောက်ကျစ်မှုတွေ အပြည့်ဆိုတော့ ထိတ်လန့် စက်ဆုပ်စရာပါ ။
ကျီးအာသီးလို အပြင်လှပေမဲ့ အတွင်းမှာတော့ အနှစ်မဲ့မဲ့ ။
ဒီတော့ ပညာတတ်ဆိုတိုင်းလဲ မျက်စိမှိတ် ယုံစားလို့မဖြစ် ။
ပညာရှိနဲ့ ပညာတတ် ခွဲခြားတတ်ဖို့လိုသည် ။
ပညာရှိနဲ့ ပညာတတ် မတူပါ ။
ပညာရှိဆိုတာ လောကသဘာဝ အကြောင်းအကျိုးကို ကိုယ်တိုင် ထိုးထွင်း မျက်မှောက်ပြု သိထားတဲ့သူ ၊၊ ပညာတတ်ဆိုတာကတော့ လေ့လာမှတ်သား ကျက်မှတ်ဆည်းပူးထားလို့ စာပေ ဗဟုသုတ အကြားအမြင်
ကြွယ်ဝနေသူမျှသာ ။
ပညာရှိကတော့ လူ့သဘာဝ , လောကသဘာဝ အမှန်တရားကို ထိုးထွင်းသိထားတဲ့ သူဆိုတော့ ခဏတာအလည်လာရတဲ့ ဧည့်သည် ,
ဒုက္ခသည် အချင်းချင်း မာနထားဖို့ နေနေသာသာ ကိုယ်ချင်းစာ တရား ၊ကရုဏာတရားနဲ့ ဖေးမကူညီတတ်သူ ။
ကိုယ့်အကျိုး အတ္တထက် လောက အကျိုးစီးပွားကို ဦးထိပ်ထားတတ်သူ ။ဒါကြောင့် ပညာရှိ သူတော်ကောင်းသည် အမြင့်မြတ်ဆုံး,ကြည်ညိုစရာ အကောင်းဆုံး ။
ဒီလို ပညာရှိသူတော်ကောင်းအနား ချဉ်းကပ်,ဆည်းကပ်ခွင့်ရသူဟာ ကံအကောင်းဆုံး သူပါ ။
သူယုတ်မာဆိုရင်တော့ ပညာတတ်ပဲ ဖြစ်ဖြစ် ပညာမဲ့ပဲဖြစ်ဖြစ် မတွေ့ရရင် မပတ်သက်ရရင် အကောင်းဆုံး။
”အသေဝနာစ ဗာလာနံ ” သူယုတ်မာဆို ဝေးဝေးရှောင် ဆိုပေမဲ့ ကင်းကင်းနေလို့မရတဲ့ ရှောင်လို့မရတဲ့ အထက်လူကြီးဆိုးတွေ ၊
သားဆိုး သမီးဆိုး တွေနဲ့တွေ့ရင် စိတ်ဆင်းရဲရရုံသာမက ဘဝပျက်ကာ လူလုံးမလှ ဖြစ်တတ်သည် ။
#ဒါကြောင့် သူတော်ကောင်းနဲ့ တွေ့ပါစေ ၊ သူယုတ်မာနဲ့ လွဲပါစေ ဆိုတာ လောကအတွက် အရေးအပါဆုံး ၊ တန်ဖိုးအရှိဆုံး ဆုတစ်ခုပါ ။
ဒါပေမဲ့ သူယုတ်မာတွေနဲ့ မရှောင်နိုင်မတိမ်းနိုင် တွေ့နေရမှာကိုတော့ စိုးရိမ်ပူပန်နေစရာမလိုပါ ။ သတ္တဝါတို့မည်သည် မျိုးတူချင်း ဓာတ်တူချင်းသာ ပေါင်းဖော်တတ်သတဲ့ ။ ချိုကုပ်ရှိရာ ချိုထောင်မလာတဲ့ ။
#ဒီတော့_သူယုတ်မာနဲ့_မတွေ့ချင်ရင် ကိုယ်တိုင်က သူယုတ်မာ မဖြစ်စေနဲ့ပေါ့ ။
#သူတော်ကောင်းနဲ့_တွေ့ချင်ရင် ကိုယ်ကစပြီး စိတ်ကောင်းနှလုံးကောင်း မွေးပေါ့ ။
ကျောင်းမှာ ရှိတဲ့ကလေးတွေကို သတိထားကြည့်ရင် ဒီမျိုးတူစု သဘောတရား သိသာမြင်သာသည် ။ စာကြိုးစားတဲ့သူတွေက တစ်ဖွဲ့ ၊ အားကစားဝါသနာပါတဲ့သူတွေက တစ်စု၊အလှအပ ခုံမင် , လာရှင်ချင်တဲ့ အပျိုကြီးမမများက တစ်အုပ်စု ။
ဂျလေဘီ ဂျပိုးတေလေတွေက တစ်ဖွဲ့ ။သူ့တူရာတူရာ စုသွားကြတာပါ ။
နောက်မှရောက်လာတဲ့ ကျောင်းသားကျောင်းသူ အသစ် ဘယ်သူနဲ့များ သွားပေါင်းမလဲ , တစ်ရက်လောက်သာ စောင့်ကြည့် အကဲခတ်ကြည့် ၊သူ့ရဲ့စရိုက်ဗီဇကို သိသိသာသာ မြင်ရသည် ။
သူတို့က အနံခံသိပ်ကောင်းသည် ။
တစ်ချက်ရှုကြည့်လိုက်ရုံနဲ့ ကိုယ့်နဲ့ အနံ့တူတဲ့သူကို တန်းတွေ့သည် ။
ဒါကြောင့် ကိုယ့်သားသမီး ပျက်စီးတာ သူများကိုလက်ညိုးထိုးတတ်တဲ့ မိဘတွေ သတိပြုစရာပါ ။
ရွှေဆိုရင် မစင်ထဲကျသွားလဲ ရွှေပါဘဲ ။
ကိုယ့်ကလေးကိုက မကောင်းလို့ မကောင်းတဲ့သူနဲ့တွေ့တာပါ ။ဒီလိုအမှန်တရားကိုသဘောပေါက်ရင်တော့ ကလေးကို ကယ်တင်ပြုပြင်ဖို့ နည်းလမ်းတွေ့နိုင်သေးသည် ။
အတ္တကြီးပြီး ဒီအမှန်တရားကို မမြင်နိုင်ရင်တော့ ခုတ်ရာတစ်ခြား ရှရာတစ်ခြားနဲ့ လူမုန်းခံရတာသာ အဖတ်တင်လိမ့်မည် ။
သူတော်ကောင်းတွေရဲ့ အထောက်အကူနဲ့ အေးချမ်းအောင်မြင်တဲ့ ဘဝပိုင်ဆိုင်ချင်ရင်တော့ ကိုယ်ကိုယ်တိုင် သူတော်ကောင်း ဖြစ်အောင် စပြီးကြိုးစားပါမှ ။
မနာလို ဝန်တို ဣဿာမစ္ဆရိယတွေ ၊အလိုရမက်ကြီးတဲ့ လောဘသက္ကာယတွေ ၊ ကောက်ကျစ်စဉ်းလဲ လှည့်ဖျားတတ်တဲ့ မာယာတွေ ၊ငါ , ငါ့.ဖို့ဆိုတဲ့ အတ္တ, အတ္တနိယတွေ မာနတွေ ကိုယ့်မှာ မရှိအောင် ကြိုးစားဖျောက်။
သနားကြင်နာ,မေတ္တာ ကရုဏာ ၊ ခွင့်လွှတ် သည်းခံ စိတ်မျိုး ကိုယ့်ဆီရှိအောင်မွေး ။ အခက်အခဲတွေ့နေသူတွေ အားနဲတဲ့ သူတွေကို ကူညီချင်တဲ့ ပရဟိတစိတ်မျိုး ထား ။
အောင်မြင်ထွန်းပေါက်သူတွေ့ရင် မုဒီတာပွား ။
#ဒီလိုသာ_ကြိုးစားသွားရင်တော့ ကိုယ့်အနားမှာ သူတော်ကောင်းတွေချည်း ဝန်းရံခနေမှာ အသေအချာပါ ။
သူတော်ကောင်းတွေ ကြားထဲ သူယုတ်မာ တစ်ယောက်လောက် တစ်ခါတစ်လေ တွေ့ရင်တော့လဲ ဘဝဝဋ်ကြွေးလို့ နှလုံးပိုက်ပြီး သည်းခံခွင့်လွှတ်လိုက်ရုံပေါ့ ။
ပြုသူအသစ် ဖြစ်သူအဟောင်း မဟုတ်လား ။
အဟောင်းတွေကုန်သွားရင် သူယုတ်မာတွေနဲ့ ထပ်မတွေ့နိုင်တော့ပါဘူး ။
ကိုယ့်စိတ်ကိုပဲ စင်ကြယ်နေအောင်သာ ထားပါ ၊
မျိုးတူတွေ သူ့အလိုလို စုလာပါလိမ့်မည် ။ကိုယ့်စိတ်ရင်းကောင်းဖို့သာ အဓိကပါ ။
#ဒါကြောင့်_အမရပူရတောင်မြို့_မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာ ဘိဝံသက
#သူ့ကျောင်းတိုက်ရဲ့ဆောင်ပုဒ်မှာ ”စိတ်ရင်းကောင်းဖို့က ပထမ ” ။
”စာတတ်ဖို့က ဒသမ ”လို့ ဆိုထားခြင်းပါ ။
ဘဝအောင်မြင်ဖို့အတွက် စာတတ်တာတစ်ခုထဲနဲ့ မလုံလောက် ။ ပေါင်းရသင်းရလွယ်ကူပြီး အများနဲ့ ပူးပေါင်းဆောင်ရွက်တတ်တဲ့ စိတ်ရင်းကောင်းတဲ့သူတွေသာ ရေရှည်မှာ အောင်မြင်စမြဲ ပါ။
ဘဝမှာ ကျရှုံးနေတဲ့ ပညာတတ်ကြီးတွေကိုကြည့်ရင် တစ်ကိုယ်ကောင်းဆန် ၊အတ္တမာနကြီးပြီး အများနဲ့ ဆက်ဆံရေး မကောင်းတဲ့သူတွေပါ ။
ဒါကြောင့် ဆရာတော်ဘုရားကြီးက စိတ်ရင်းကောင်းဖို့ ပထမလို့ ဆိုထားတာပါ ။
အလွန်ခေတ်မီ အမြော်အမြင်ရှိတဲ့ ဆရာတော်ကြီး တစ်ပါးပါ ။
#ဒါကြောင့်_စိတ်ရင်းကောင်းတဲ့သူဖြစ်ဖို့အရေး_စိတ်ကိုသန့်စင်လျှော်ဖွပ်ပေးတဲ့_လုပ်ငန်းဖြစ်တဲ့ ဝိပဿ နာတရားကို မဖြစ်မနေ အားထုတ်သင့်သည် ။
#လောကအမှန်တရားကို_သိသိလာတာနဲ့အမျှ ကိုယ့်ရဲ့သန္တာန်မှာ ကိလေသာဆိုးတွေ တစ်ဖြည်းဖြည်း လျော့ပါးလာပြီး စိတ်ဖြူစင်တဲ့ သူတစ်ယောက် ဖြစ်လာပါလိမ့်မည် ။
”မကောင်းမှုရှောင် ၊ကောင်းမှုဆောင် ၊စိတ်ကိုဖြူအောင်ထား ”ဆိုတဲ့
ဘုရားရှင်အဆက်ဆက်ရဲ့ သြဝါဒကို ဦးထိပ်ပန်တဲ့ သူတော်ကောင်းတစ်ယောက် အမှန်မုချဖြစ်လာပါလိမ့်မည် ။
မေတ္တာဖြင့်........
ထင်ကျော် (စက်မှုတက္ကသိုလ်)
🙏🙏🙏
🙏ဓမ္မမိတ်​​ဆွေများ ​ကောင်းကျိုး တရား တိုးပွားကြပါ​စေ🙏
Share& Save & Copy.

No comments:

Post a Comment