Monday, October 22, 2018

လမ်းကောင်း


လမ်းကောင်း
=========

ဘ၀အတွက် ခရီးတစ်ခုလိုပဲ သွားနေကြတဲ့အခါ လမ်းဆိုး၊ လမ်းကောင်းဆိုတာကတော့ ကိုယ့်အပေါ်မှာ မူတည်သွားတယ်။

တစ်ချို့က မွေးကတည်းက လမ်းကောင်းလျှောက်ခွင့်ရတယ်။ ဒါပေမဲ့ အဲဒီလမ်းကောင်းကို မရိုမသေ ဖျက်ဆီးပစ်တတ်ကြတယ်။ ဒီတော့ လမ်းကောင်းကနေ လမ်းဆိုးဖြစ်သွားတယ်။

တစ်ချို့က မွေးကတည်းက လမ်းဆိုးကိုပဲလျှောက်ကြရတယ်။ ဒါပေမဲ့ ရည်မှန်းချက်ထားပြီး အဲဒီလမ်းဆိုးကို ပြုပြင်မွမ်းမံပြီး လမ်းကောင်းဖြစ်အောင်ပြုပြင်ကြတယ်။ ဒီတော့ လမ်းကောင်းကို တစ်သက်လုံးလျှောက်ခွင့်ရသွားကြတယ်။

တစ်ချို့ကတော့ လမ်းကောင်းပေါ်က ချော်ကျတယ်။ ဒါပေမဲ့ အချိန်မီ သတိဝင်တယ်။ သူ့လမ်းကို သူပြန်ဖောက်တယ်။ မှားဖူးတဲ့အတွက် သတိပိုထားတယ်။ သင်ခန်းစာတွေယူပြီး သူလျှောက်တဲ့လမ်းကို ပိုဂရုစိုက်တယ်။ တစ်နေ့ထက်တစ်နေ့ ပိုကောင်းမွန်အောင် ပြင်ဆင်တယ်၊ မွမ်းမံတယ်၊ အသစ်ထွင်တယ်။ သူ့လျှောက်တဲ့လမ်း သာယာမှုရှိအောင် အလှဆင်သင့်တာဆင်တယ်။ ကျေနပ်မှုတွေ၊ ပီတိတွေနဲ့ နေခွင့်ရတယ်။

တစ်ချို့က လမ်းဆိုးတယ်။ ဒါပေမဲ့ အဲဒီလမ်းဆိုးကို ပြုပြင်ရမှန်းမသိဘူး။ တစ်နေ့ထက်တစ်နေ့ပိုဆိုးလာတယ်။ ပြုပြင်ဖို့နေနေသာသာ ချိုင့်ခွက်ကိုတောင် မြေဖို့ရမှန်းမသိဘူး။ ကိုယ်လျှောက်မဲ့လမ်းကိုတောင် သူများတက်လျှောက်မှာစိုးပြီး အုတ်တစ်ချပ်၊ သဲတစ်ပွင့်တောင် မရင်းချင်ဘူး။ နောက်ဆုံး သူကိုယ်တိုင်တောင် ချောက်ထဲကျပြီး ဘ၀ဆုံးရတယ်။

တစ်ချို့က သူလျှောက်တဲ့လမ်း အန္တရာယ်ပိုကင်းအောင်၊ ပိုညီညာအောင် သတိနဲ့လည်း စောင့်ကြည့်ပြုပြင်တယ်။ လမ်းကိုပို၍ပို၍ အဆင့်မြင့်အောင် တီထွင်စမ်းစစ်ပြီး လိုတာမှန်သမျှလုပ်တယ်။ အများကိုလည်း လျှောက်စေတယ်။ သူ့ရောက်မဲ့ခရီးကို အများကိုလည်း ရောက်စေချင်တယ်။ ကိုယ်ကိုယ်တိုင် ကိုယ်အား၊ ဉာဏ်အား၊ ငွေအား၊ သွေး၊ ချွေး အကုန်ပေးဆပ်ပြီး အများကိုပါ လျှောက်လှမ်းစေတယ်။

တစ်ချို့က သူ့လမ်းသူကောင်းအောင်လုပ်တတ်ပေမဲ့ အများကို မလျှောက်စေချင်ဘူး။ လျှောက်သူကို ရန်ရှာတယ်။ လျှောက်သူကို တွန်းချတယ်။ သူ့ခရီးပေါက်ဖို့ တစ်ပါးသူကို ဖျားယောင်းပြီးကူတွဲခိုင်းတယ်၊ လမ်းကူဖောက်ခိုင်းတယ်။ ပန်းတိုင်နားနီးတော့ တွဲပေးတဲ့သူ၊ ကူဖောက်ပေးတဲ့သူကို ချောက်ထဲတွန်းချတယ်။ သူပါဟန်ချက်ပျက်ပြီး ပျက်စီးရတယ်။

ဘုရားအစရှိသော သူတော်ကောင်းကြီးများသည် မနာလိုမှု အလျဉ်းမရှိ၊ လမ်းကို ကိုယ်တိုင်ဖောက်၍ အများကိုလျှောက်စေတယ်။ လမ်းဆုံးရောက်သည်အထိ ကူညီဖေးမပေးတယ်။ တွဲခေါ်တယ်။ လမ်းမှာမောရင် အမောပြေအောင် နှစ်သိမ့်ပေးတယ်။

သူတော်ကောင်းအပေါင်း လမ်းကောင်းလည်းဖောက်နိုင်၍ အများကိုလည်း လမ်းကောင်းရောက်အောင် ကူညီဖေးမနိုင်ကြပါစေ။

အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်

No comments:

Post a Comment