ကိုယ့်နေရာလေး
============
အိမ်ပိုင်ပဲဖြစ်ဖြစ်၊ အိမ်ငှားပဲဖြစ်ဖြစ်၊ ခဏနေရတဲ့နေရာပဲဖြစ်ဖြစ် ကိုယ့်အိပ်ရာရှိတဲ့နေရာလေးကိုတော့ ခုံမင်တွယ်တာကြတာဓမ္မတာပါပဲ။ ဘယ်ကိုရောက်ရောက် ကိုယ့်နေရာလေး၊ ကိုယ့်အိမ်လေးကိုပဲ လွမ်းတတ်ကြတယ်၊ သတိရနေတတ်ကြတယ်။ ကိုယ့်အိပ်ရာလေးက ခမ်းနားချင်မှခမ်းနားမယ်၊ ဒါပေမဲ့ ကိုယ့်အတွက်တော့ လုံခြုံသလို ခံစားကြရတာပဲလေ။ ဖျာစုပ်လေးနဲ့ စောင်စုပ်လေးဖြစ်နေလဲ လွမ်းတာပါပဲ။
အဲဒီလို နေရာသေးသေးလေးကစပြီး သတ္တ၀ါတွေမှာ သံယောဇဉ်ဖြစ်တတ်၊ တွယ်တာတတ်ကြတယ်။ နေရာတစ်ခုရှိဖို့ကလည်း မလွယ်ဘူးမလား။ ဒီတော့ အိပ်ဖို့နေရာလေး ရရင်ကို ကျေနပ်ပျော်ရွှင်နေရတဲ့ လူစားမျိုးတွေ လောကမှာ အများကြီးပါပဲ။ ညစ်ပေနေတဲ့နေရာလေး ဖြစ်နေစေဦးတော့၊ ကိုယ့်နေရာပဲ ပျော်ကြတာပါ။ ရယ်စရာလေးတစ်ခု ပြောပြချင်တယ်။ အဲဒါကတော့ ယောဂီတွေမှာ ဖြစ်တတ်တာလေးတွေပါ။ ခဏ တရားစခန်းဝင်တုန်း နေရတဲ့ အိပ်ရာနေရာလေးကိုတောင် စွဲကြတယ်။ နောက်နှစ် တစ်ခြားနေရာရောက်သွားရင် သိပ်မကြိုက်တတ်ကြဘူး။
ဘုန်းကြီးလည်း ငယ်ငယ်ကနေဖူးခဲ့တဲ့ နေရာလေးတွေဆို သတိရတတ်တယ်။ ဒါပေမဲ့ နေရာစွဲတာဖြစ်မှာစိုးလို့ လေ့ကျင့်ရင်း ရောက်ရာနေလို့ရလာတာ။ များသောအားဖြင့် အဲဒီလို အစွဲလေးတွေကို ကိုယ့်မှာလည်း လေ့လာဖြစ်တယ်၊ သူများကိုလည်း လေ့လာဖြစ်တယ်။ အကြောင်းကတော့ ဒီအစွဲက အပါယ်ကျစေတယ်လို့ သိထားလို့ သတိထားပြီးကို ကြည့်နေမိလို့ပါ။ တကယ်တော့ နေရာစွဲက တော်တော်ကြောက်စရာကောင်းတာပါ။ အရှင်သာရိပုတြာ အရှင်မြတ်ကြီးတောင် မျောက်ဘ၀ ၅၀၀ ဖြစ်ခဲ့ဖူးတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ ခဏခဏဖြစ်ဖူးတဲ့ မျောက်ဘ၀ကို စွဲနေလို့တဲ့။ ရဟန္တာဖြစ်တာတောင် အရင်က အကျင့်တွေကျန်နေတယ်တဲ့။ ဗွက်ကလေးတွေ၊ အိုင်လေးတွေတွေ့ရင် ခုန်ခုန်သွားတတ်လို့ ကိုရင်လေးကသတိပေးခဲ့ရဖူးတယ်တဲ့။
ဒီထက် သတိပိုထားရမှာက သုဂတိဘုံဆိုတာ ကုသိုလ်ရှိမှ နေလို့ရတာ။ ကုသိုလ်အဟုန်ကုန်လာရင် ကိုယ့်နေရာ အပါယ်ကို ပြန်သွားရတယ်။ လူ့ဘ၀ခဏရောက်လာတာတောင် အပါယ်သားအကျင့်တွေ ပါလာတတ်တာမလား။ ကြီးနိုင်ငယ်ညှင်းစိတ်ဓာတ်တွေ၊ ဖျက်လိုဖျက်ဆီးစိတ်ဓာတ်တွေ၊ ပေါ့ပေါ့နေ ပေါ့ပေါ့စားစိတ်ဓာတ်တွေ၊ အသက်ရှင်နေပေမဲ့ ကိုယ့်အတွက်လည်း အကျိုးမရှိ၊ ဘေးကလူအတွက်လည်း အကျိုးမရှိ၊ ပတ်ဝန်းကျင်အတွက်လည်း အကျိုးမရှိတဲ့လူမျိုးတွေ ရှိနေတယ်လေ။ သူတို့ကို သတိပေးလို့ရသလား။ မရပါဘူး။ သူတို့ကို တရားဟောလို့ရသလား။ မရပါဘူး။ အကြောင်းကတော့ အပါယ်ကလာလို့ အပါယ်စိတ်ပဲရှိနေလို့ပါ။ စိတ်ကလည်း ပြစ်မှားလွယ်တယ်။ ကဲ့ရဲ့လွယ်တယ်။ စော်ကားလွယ်တယ်။ နှုတ်ကလည်း ကြမ်းတယ်၊ ရက်စက်တယ်၊ ကောက်ကျစ်တဲ့စကားတွေပြောတယ်။ ကိုယ်ကတော့ မကောင်းတာမှန်သမျှ စိတ်စေတဲ့အတိုင်း လုပ်နေတော့တာပေါ့။
ပါရမီလေးပါလာရင်တောင်မှ လတ်တလောဖြစ်နေတဲ့ အနေအထားနဲ့၊ အခြေအနေကြောင့် ဆိုးနေတတ်၊ ယုတ်နေတတ်သေးတာကို သတိထားရပါမယ်။ ဘုရားရှင်ရဲ့ တပည့်သာဝက အများတောင် နောက်ဆုံးဘ၀ရောက်လာပေမဲ့ တရားမရခင် ကြမ်းနေခဲ့ကြတဲ့သူတွေရှိခဲ့ဖူးတယ်။ ဘုရားရှင် သက်တော်ထင်ရှားရှိနေလို့ တော်သေးတာပေါ့။ ဘုရားနဲ့မတွေ့ရင် ပြန်နစ်ရမဲ့ကိန်းဆိုက်နေတာပေါ့။ ဒါကြောင့် ကိုယ်ရနေတဲ့ ဘ၀နဲ့ အခြေအနေကို မထီမဲ့မြင်ပြုပြီး အကျိုးမဲ့ မဖြုန်းတီးမိပါစေနဲ့။
အချိန်တွေဖြုန်းမိလို့ အမှားတွေများခဲ့ရင် ကိုယ့်နေရာဟောင်းလေးကို ပြန်သွားနေရပါလိမ့်မယ်။
အားလုံး ကုသိုလ်နဲ့ပျော်၍ မိမိကိုယ်ကို ကယ်တင်နိုင်ကြပါစေ။ အေးချမ်းကြပါစေ။
အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်။
၁၈-၁၀-၂၀၁၈ (ည ၁၀း၁၁ နာရီ) အချိန်တွင် ရေးပြီးသည်။
credit - Thuseikta Thu
No comments:
Post a Comment