Monday, October 22, 2018

အချစ်၏ နိဂုံးကို ဆွဲကြည့်မိမည်ဆိုပါက



✧ "အချစ်၏ နိဂုံးကို ဆွဲကြည့်မိမည်ဆိုပါက" ✧
══════════════
❖ ဤ၌ အချစ်ဆိုသည်မှာ တဏှာချစ်သာတည်း။
လောကမှာ တဏှာမကင်းကြသေးသူတိုင်း
အချစ်မကင်းကြသေးပေ။ 
လူကို ချစ်၍ ပစ္စည်းကို စုံမက်နေကြသည်။
အမိ, အဖ မောင်နှမမို့ ချစ်မဝနိုင်ရှိကြသည်။
ဇနီး မယား သမီးသားမို့ ချစ်အားတွေ
ပိုကြပြန်သည်။
ချစ်မိသည့် လူနှင့် ပတ်ဝန်းကျင်ကို မခွဲနိုင်
မခွာရက် ရှိနေကြသည်။
နေ့ရှိသ၍ အချစ်ကဗျာတွေ သီလျက် 
အချစ်လောကသို့ ချီတက်နေကြသည်။

❖ သို့ပင် အချစ်သည်းနေကြသော်လည်း 
အချစ်၏ နိဂုံးကား ဆွဲကြည့်မိကြပုံ မရပေ။
အကယ်၍သာ အချစ်၏ နိဂုံးကို
ဆွဲကြည့်မိမည်ဆိုပါက 
အချစ်နိဒါန်းပျိုးဖို့ လက်တွန့်မိကောင်း
တွန့်မိကြပေမည်။ အဘယ့်ကြောင့်ဆိုသော် 
အချစ်နိဂုံးကား "အပြုံး" မဟုတ်၊
"အငိုက်အရှိုက်" သာ ဖြစ်နေသောကြောင့်တည်း။

❖ မြတ်ဗုဒ္ဓက "ပိယဇာတိကာ သောကပရိဒေဝဒုက္ခ
ဒေါမနဿုပါယာသာ ပိယပ္ပဘဝိကာ-
ပူဆွေးရ၊ ငိုကြွေးရ၊ ဒုက္ခဖြစ်ရ၊ စိတ်ညစ်ရ၊
အသည်းကျွမ်းရတယ်ဆိုတာ ချစ်ခြင်းကြောင့်ဖြစ်ရတာ၊
ချစ်ခြင်းမှ အစပျိုးလာတာ" ဟု ဟောတော်မူခဲ့သည်။
သို့ရာတွင် "အချစ်ကြောင့် ငိုရသည်" ဆိုသော
မြတ်ဗုဒ္ဓ၏ စကားကို လက်မခံပဲ "အချစ်ကြောင့်
ပျော်ရွှင်ရသည်" ဟုသာ အချစ်ဆရာကြီးများက
ဆိုချင်ကြ၏ အချစ်၏ နိဂုံးမှာ အပြုံးသာဟု 
ထင်မှတ်လျက် ရှိနေကြသည်။

❖ မြတ်ဗုဒ္ဓ၏ "အချစ်ကြောင့် ငိုရသည်"ဆိုသော
ဟောမိန့်ချက်နှင့် စပ်၍ 
သဘောမကျ ကန့်ကွက်ခဲ့ကြသဖြင့် ရှင်းလင်းချေပခဲ့ရပုံ 
ဇာတ်လမ်းကလေးတစ်ခုမှာ
စိတ်ဝင်စားဖွယ်ကောင်းလှသည်။

❖ ဗုဒ္ဓသည် သာဝတ္ထိမြို့ဇေတဝန်ကျောင်းမှာ သီတင်းသုံးလျက်ရှိ၏။
ဗုဒ္ဓထံ သာဝတ္ထိမြို့မှ ဒကာတစ်ယောက်
ရောက်လာသည်။ရှိခိုးဝပ်ချ၍
ခပ်မှိုင်မှိုင် ထိုင်နေသည်။

❖ "ဘယ့်နှယ်လဲ ဒကာ မျက်နှာမသာမယာနဲ့စိတ်ညစ်စရာ
တွေ့နေသလား? " ဟု ဗုဒ္ဓကမေးတော်မူရာ...
"ချစ်မဝတဲ့ သားလှကလေးတစ်ယောက် သေဆုံးသွားသဖြင့်
ဝမ်းနည်း ပူဆွေး ငိုကြွေးရပါကြောင်း" လျှောက်ထားလေသည်။

❖ "အင်း.. ဒီလိုပါပဲ ဖြစ်ရမယ်၊ သောကပရိဒေဝ
ဒုက္ခဒေါမနဿဥပါယာသ ဆိုတာ
ချစ်ခြင်းကြောင့် ဖြစ်ရတာပဲ ၊ချစ်ခြင်းမှ အစပျိုးခဲ့တာပဲ" 
ဗုဒ္ဓက တရားလမ်းကြောင်းဖြင့် မိန့်သည်။

❖ "ဘယ့်နှယ် အရှင်ဘုရား! 
သောကပရိဒေဝဟာချစ်ခြင်းကြောင့်
ဖြစ်တယ်ဆိုတာ မဟုတ်နိုင်ပါ၊ 
တပည့်တော်ဒီစကား လက်မခံနိုင်ပါ
ချစ်ခြင်းကြောင့် ပျော်ရ ရွှင်ရခြင်းသာ ဖြစ်နိုင်ပါသည်။" 

❖ ထိုဒကာသည် ဗုဒ္ဓ၏ ဗုဒ္ဓ၏စကားကို
ကန့်ကွက်၍ ထပြန်သွားလေ၏။
ထိုစဉ်က ဗုဒ္ဓနှင့် မလှမ်းမကမ်း 
သစ်ပင်ရိပ်အောက်မှာ ကစားသမားအချို့သည်
ကြွေပစ်ကစားနေကြသည်။ထိုဒကာသည် ကစားဝိုင်းသို့သွားပြီး
"ရဟန်းဂေါတမက အချစ်ကြောင့် သောကပရိဒေဝ
ဖြစ်တယ်။အချစ်ကြောင့် ငိုရတယ်"
လို့ အမိန့်ရှိပုံ ၊သူက မဖြစ်နိုင်ဟု ကန့်ကွက်ပြီး 
အချစ်ကြောင့် ဝမ်းသာပျော်ရွှင်မှုသာ
ဖြစ်နိုင်ကြောင်း ပြန်ပြီးလျှောက်ခဲ့ပုံတို့ကို ပြောပြရာ 
ကစားသမားများက သူ့ဘက်မှ
ထောက်ခံကြသည်။

❖ ဤသတင်းသည် သာဝတ္ထိမြို့တွင်းပျံ့နှံသွားသည်။
နန်းတွင်းသို့ပင် ရောက်ရှိသွားသည်။
ထိုအခါ ပသေနဒီ ကောသလ ဘုရင်ကြီးက 
မလ္လိကာမိဘုရားကိုခေါ်ပြီး "ငိုရတာဟာ
ချစ်ခြင်းကြောင့်ဖြစ်တယ်လို့ မင်းရဟန်းဂေါတမက
ဟောဆိုပါလား ? " ဟုပြောသည်။
"မြတ်စွာဘုရားက ဟောတယ်ဆိုရင် မမှားပါဘူး။
ဒီတိုင်းဖြစ်ရမှာပဲ" ဟု
မလ္လိကာ ကအေးအေးဆေးဆး ပြန်ပြောသည်။

❖ "အင်း မလ္လိကာ ကတော့ ဆရာပြောသမျှ
မှန်ပါတယ် မှန်ပါတယ် ဆရာ' ဆိုတဲ့ တပည့်ကျနေတာပဲ
ရဟန်းဂေါတမ ဟောသမျှ အမှန်ချည်းပဲ သွား
သွား သွား အလွန်မုန်းစရာကောင်းတဲ့ မလ္လိကာ- 
ဘုရင်ကြီး စိတ်ဆိုးဆိုးနဲ့ အော်ငေါက်လွှတ်လိုက်သည်။

❖ ထိုအခါ မလ္လိကာသည် အပြုံးမပျက် ပြန်လာခဲ့ပြီး 
နာဠိဇင်္ဃပုဏ္ဏားကို အပါးခေါ်ကာ 
"ဗုဒ္ဓဆီသွားစမ်းပါ ဗြာဟ္မဏ၊ ကျွန်ုပ်စကားနဲ့ 
မလ္လိကာက မြတ်စွာဘုရားအား
ရှိခိုးလိုက်ပါကြောင်း ကျန်းမာရေး
မေးလျှောက်လိုက်ပါကြောင်း လျှောက်ထားပါ။ပြီးတော့
ပူဆွေးရ ငိုကြွေးရတယ်ဆိုတာ ချစ်ခြင်းကြောင့်
ဖြစ်တယ်လို့ မြတ်စွာဘုရား ဟောပါသလား?"
လို့လဲ လျှောက်ပါလေ။အဲ့သည်အခါမှာ
မြတ်စွာဘုရား အမိန့်ရှိတာကို သေသေချာချာမှတ်ခဲ့
ဘုရားဆိုတာ ဘယ်တော့မှ အမှားမပြောဘူး။ 
ဟု မှာကြားလွှတ်လိုက်သည်။ 

❖ နာဠိဇင်္ဃပုဏ္ဏားသည် ဗုဒ္ဓထံရောက်၍ 
မလ္လိကာ မှာလိုက်သမျှတို့ကို လျှောက်ထားသည်။
ထိုအခါ မြတ်ဗုဒ္ဓက "ပူဆွေးရ ငိုကြွေးရဖြစ်တယ်ဆိုတာ
မှန်တယ် ဒါကို နားလည်အောင်
ရှင်းပြမယ် ရှေးက ဒီသာဝတ္ထိမှာပဲ
မိခင်သေဆုံးသွားတဲ့ အမျိုးသမီးတစ်ဦးဟာ
ပူဆွေးသောကရောက်ပြီး
-ကျွန်မအမေ အမြင်ဘူးလားရှင်၊ကျွန်မအမေ
အမြင်ဘူးလားရှင် " ဟု လူတကာလျှောက်မေးပြီး 
အရူးမကလေး ဖြစ်သွားဖူးတယ်။ဒီလိုပူဆွေး
ငိုကြွေးရတာဟာ မိခင်အပေါ် ချစ်ခြင်းကြောင့် ဖြစ်တာပဲ
မဟုတ်လား? "

❖ ဒီသာဝတ္ထိမြို့ကပဲ အမျိုးသမီးတစ်ဦးဟာ သူ့အိမ်သားနဲ့အတူ 
မိဘဆွေမျိုးထံ သွားလည်တယ်၊ သူ့မိဘတွေက ဒီလူနဲ့ သဘောမတူဘူး။
ဒီတော့ အတင်းခွဲပြီး သူတို့ သဘောတူတဲ့
နောက်လူတစ်ယောက်နဲ့ နေရာချထားဖို့
စီမံကြတယ်။အမျိုးသမီးက ဒီအကြောင်း 
သူ့ယောင်္ကျားကို ဖွင့်ပြောလိုက်တယ်။
ယောင်္ကျားလုပ်သူမှာ ပူဆွေးသောက
ရောက်ပြီးနောက်ဘဝမှာ ဆုံကြစို့ဟု ဆိုကာ
သေကြောင်း ကြံလိုက်တယ်။ဒီအဖြစ်အပျက်က
သောကပရိဒေဝဟာ ချစ်ခြင်းကြောင့်
ဖြစ်တယ်ဆိုတာ ထောက်ခံနေတယ်။ - 
ဗုဒ္ဓက ဤသို့ ရှင်းလင်း မိန့်ကြားတော် မူလေသည်။

❖ နာဠိဇင်္ဃသည် ဗုဒ္ဓ၏ မိန့်ဆိုရှင်းလင်းချက်ကို 
မလ္လိကာအား ပြောကြားသည်။
မလ္လိကာသည် လိမ္မာဖျတ်လတ်ပါးနပ်သည့်
မိဖုရားပီပီ ဘုရင်ကြီးထံ ပြုံးရွှင်စွာချဉ်းကပ်၍
ဤသို့ စကားစသည်။

❖ "ဘယ်နှယ်လဲ အရှင်မင်းတရား၊ 
ဝဇီရိမင်းသမီးကို ချစ်တယ် မဟုတ်လား?"
"ချစ်တာပေါ့ မလ္လိကာ"
"ဒါဖြင့် မပြောကောင်း ပြောကောင်း 
နတ်ရွာစံသွားမယ်ဆိုရင် ပူဆွေးငိုကြွေးရမှာပေါ့နော်"

❖ "ပူဆွေး ငိုကြွေးရရုံဘယ်ကမလဲ၊
ငါ့အသက်တောင် ထိခိုက်သွားနိုင်တယ်။"
"အခုလို မင်းတရား ပူဆွေးရတယ်ဆိုတာ ဝဇီရီမင်းသမီးကို
ချစ်လို့ပဲ မဟုတ်လား ဒါကို ရည်ရွယ်ပြီး မြတ်စွာဘုရားက
သောကပရိဒေဝဟာ
ချစ်ခြင်းကြောင့် ဖြစ်တာလို့
ဟောခြင်းဖြစ်ပါတယ် အရှင်မင်းတရား"

❖ မလ္လိကာက အခုလိုမေးပြီး
လက်တွေ့ရှင်းပြလိုက်သောအခါ ကောသလဘုရင်ကြီးသည်
သဘောကျကာ ကျေနပ်အားရလှသဖြင့်
"အံသြစရာပဲ မလ္လိကာ အံစရာပဲ၊ဗုဒ္ဓဟာ
အလွန်ထိုးထွင်းမြင်တတ်ပါပေတယ်။
ကဲ နှုတ်ကျင်းဖို့ ရေတစ်ခွက်ပေးစမ်း" ဟု ပြောဆို 
နှုတ်ကျင်းပြီးနောက် ဗုဒ္ဓရှိရာ တရိုတသေ 
လုပ်အုပ်ချီလျက် 
"နမော တဿ ဘဂဝါတော အရဟတော 
သမ္မာသမ္ဗုဒ္ဓဿ" ဟု ဝမ်းသာ ရွှင်မြူး ဥဒါန်းကျူးလိုက်၏။

❖ စာဖတ်သူသည် အချစ်၏နိဂုံးမှာ အပြုံးမဟုတ်၊ 
အငိုအရှိုက်သာ ဖြစ်ကြောင်း သဘောပေါက်ပြီး ဖြစ်ရာ
စိုးရိမ်ပူဆွေးရ၊ ငိုကြွေးရ၊ ဒုက္ခဖြစ်ရ၊စိတ်ညစ်ရ၊
အသည်းကျွမ်းရဆိုသည့် 
ဒုက္ခအဝဝမှ သက်သာရာရလိုပါလျှင်
အချစ် နည်းနည်းလျှော့ဖို့ လိုပါသတည်း။

[#ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဘုရားကြီး]

ဓမ္မဗျူဟာစာစောင်၊ အတွဲ(၁၁)၊အမှတ်(၉)
၁၃၃၄-ခုနှစ်၊ နတ်တော်လပြည့်၊ ဗုဒ္ဓဟူးနေ့က
ကိုမာလာ- ကလောင်အမည်ဖြင့် ရေးသားခဲ့သော
ဆောင်းပါး အားပြန်လည်ဓမ္မဒါန ပြုပါသည်။

ဣမိနာ ပုည ကမ္မေန ပရေသံ ဟိတမိစ္ဆေယျံ၊
ဟိတံ မေ ဣစ္ဆတံ ပရော။
ဣဒံမေ ပုညံ ဗောဓိဉာဏဿပစ္စယော ဟောတု။
Credit - ဗုဒ္ဓရေချမ်းစင်

❖ ဓမ္မဒါနကုသိုလ်ပြုပါသည် - Win Soe

★ _/\\_ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊_/\\_ ★

ဓမ္မဒါန.MZA photo

No comments:

Post a Comment